ခေတ်သစ်တရုတ် ဘဏ္ဍာရေး စနစ်
နောင်တစ်ချိန်မှာ
ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့်
တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို
ခေါင်းဆောင်ပြီး ကမ္ဘာ့ကုလ သမဂ္ဂအစည်း အဝေးတစ်ခုကို တက်ရောက်လာ ခဲ့ပါတယ်။
အစည်းအဝေး ပြီးသွားပြီ ဖြစ်ပေမယ့် တိန့်ရှောင်ဖိန်တို့ အဖွဲ့ဟာ တရုတ်ပြည်
မပြန်နိုင်သေးဘဲ ကုလ သမဂ္ဂမှာ သောင်တင်နေတယ်။
ဘာကြောင့်ပါလိမ့်။
တခြားအကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ဝယ်ဖို့ အပြန်စရိတ်
မရှိလို့ ဖြစ်ပါသတဲ့။ တရုတ် ဘဏ်စနစ် တစ်ခုလုံးမှာ လေယာဉ်လက်မှတ်ဖိုး
ပေးစရာ ငွေမရှိ သေးလို့ ခေတ္တခဏ နယူးယောက် မြို့မှာ
စောင့်ဆိုင်းနေခဲ့ကြရတာပါ။
၁၉၇၈ ခုနှစ်မှာ တရုတ်ပြည်ရဲ့
ဘဏ္ဍာရေးစနစ် - Financial System အခြေအနေဟာ ပိုတောင်ဆိုးရွား သွားသေးတယ်။
အဲဒီတုန်းက တရုတ် ဘဏ္ဍာရေး စနစ်ဆိုတာ အဖွဲ့အစည်း တစ်ခုပဲ ရှိတယ်။ ပြည်သူ့ဘဏ်
- People's Bank လို့ခေါ်တယ်။ ဘဏ်ရုံးချုပ်က ဘဏ္ဍာရေးဝန်ကြီး ဌာန
အဆောက်အအုံရဲ့ တစ်နေရာမှာ ဖွင့်လှစ်ထားရှိတယ်။ ဝန်ထမ်းဦးရေ စုစုပေါင်း ၈ဝ
ပဲရှိတယ်။
ပိစိကွေး ညောင်စေ့လေးက ဧရာမ ညောင်ပင်ကြီး ဖြစ်လာသလို
တစ်ချိန်က အသေးအမွှား တရုတ် ဘဏ္ဍာရေး စနစ်ဟာ အခုတော့ ကမ္ဘာကြီးကိုတောင်
ခါးစောင်းတင်ထားနိုင်တဲ့ ဧရာမ ဘဏ္ဍာရေး စနစ်ကြီး ဖြစ်နေပါပြီ။
တရုတ်ဗဟိုဘဏ်ရဲ့ လက်ထဲမှာ သုံးနိုင်တာထက်တောင် ပိုပြီး အမေရိကန် ဒေါ်လာတွေ
တောင်ပုံရာပုံ ရှိနေတယ်။
တကယ်တော့ ဒါဟာ တိန့်ရှောင်ဖိန်ရဲ့
ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်။ သူ့ရဲ့ အရင်းရှင် ဝါဒနီ - Red Capitalism
ဖြစ်တယ်။ သူ့ကို ဆက်ခံခဲ့တဲ့ သမ္မတ ကျန်ကျယ်မင်း - Jiang Zemin နဲ့
ဝန်ကြီးချုပ် ကျူရုန်ကျီ - Zhu Rongji တို့ကလဲ မျှော်မှန်းထားတဲ့
ပန်းတိုင်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ အပြောင်းအလဲတွေကို အရှိန်အဟုန်
ပြင်းပြင်းနဲ့ လုပ်ကိုင်ခဲ့ကြတယ်။
ဒါကြောင့် ၁၉၈ဝ နှစ်များ
အတွင်းမှာ တရုတ်ဘဏ္ဍာရေး စနစ်ဟာ အတော်ကြီး ရုပ်လုံးပေါ်လာခဲ့တယ်။
အဲဒီနှစ်များတွင်း ဘဏ် လုပ်ငန်း ၂ဝ၊ ဘဏ္ဍာထိန်း ကုမ္ပဏီ -Trust Company ၇၄၅
ခု၊ အာမခံ စာချုပ်လုပ်ငန်း - Securities Firm ၃၄ နဲ့ အပေါင်ဆိုင် - Pawn
Shop ၁၈ဝ ဖန်ဆင်းဖွဲ့စည်းနိုင်ခဲ့တယ်။
ဒါပေမယ့် ၁၉၉ဝ နှစ်များ
အတွင်းမှာ ဒေသန္တရ အစိုးရ အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း
ရာနဲ့ချီပြီး ပိတ်သိမ်းခဲ့တယ်။ ကွမ်တုန်းပြည်နယ်က Guangdong International
Trust & Investment Corporation-GITIC အဖွဲ့ကြီးလဲ ဖျက်သိမ်းတဲ့အထဲ
ပါသွားတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံမှာ ဒုတိယ အကြီးဆုံး ဘဏ်မဟုတ်တဲ့ ဘဏ္ဍာရေး
အဖွဲ့အစည်းကြီး ဖြစ်တယ်။ ဒီလို ဖျက်သိမ်းမှုတွေ အကြီးအကျယ်
ပြုလုပ်ခဲ့တဲ့အတွက် တရုတ် ပြည်ရဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ
ဆုံးရှုံးမှုတွေ ကြီးမားခဲ့တယ်။
ပြုပြင်ပြောင်းလဲရေးကြောင့်
အလုပ်အကိုင် အတော်များများလဲ ပျောက်ကွယ်သွားတယ်။ ကွမ်တုန်း ပြည်နယ်မှာ
စီးပွားရေး လုပ်ငန်းတွေ နှေးကွေးသွားတယ်။ ဟိုင်နန်ကျွန်း - Hainan Island
စီးပွားရေး ရပ်တန့်သွားတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်တယ်။
ကန့်လန့်ခံနေတဲ့ အဖွဲ့အစည်းတွေ၊ ဝန်ကြီး ဌာနတွေကို ဖြိုဖျက်ပစ်တယ်။
လိမ်ညာစားသောက်နေကြတဲ့ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်
ချပစ်တယ်။ ဒီလို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီးတဲ့
နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့ ခေတ်သစ် စီးပွားရေး အဆောက်အအုံဟာ တစ်စစီ
တစ်ခုစီ ရုပ်လုံးပေါ်လာပါတော့တယ်။ အရုဏ်ကျင်း ပြီးတဲ့နောက် အရှေ့မိုးကုပ်
စက်ဝိုင်းမှာ နီရဲတဲ့ နေဝန်းကြီး တဖြည်းဖြည်းနဲ့ ထွက်ပေါ်လာသလိုပါပဲ။
စတော့၊ ဘွန်း- Bond နဲ့ ကုန်စည်ဈေးကွက်တွေ ဖြစ်ထွန်းလာတယ်။
အက်ဆက်စီမံခန့်ခွဲမှုနဲ့ ချေးငွေ စိစစ်မှု - Credit Analysis တွေ
တွေ့မြင်လာကြရတယ်။ ဒီလို ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးတွေဟာ ၂ဝဝ၅ နဲ့ ၂ဝဝ၆
ခုနှစ်တွေမှာ အထွတ် အထိပ်ရောက်လာခဲ့တယ်။ ဒါပေမယ့် ဒီလို အချိန်အခါမှာ
ကျန်ကျယ်မင်းနဲ့ ကျူရုန်ကျီတို့ တာဝန်မှ အနားယူ သွားကြပြီး ဖြစ်တဲ့အပြင်
ဒုတိယ ဝန်ကြီးချုပ်ဖြစ်တဲ့ ဟွမ်ကျွီး - Huang Ju ကလဲ
သိပ်ပြီးနေမကောင်းလို့ အိပ်ရာထဲ လဲနေတဲ့အချိန်ဖြစ်တယ်။
ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်း ဆောင်ကြဉ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ မရှိတော့
နောက်တက်လာတဲ့ ခေါင်းဆောင်သစ်တွေ လက်ထက်မှာ ပြောင်းလဲမှု အရှိန်သေသွားတယ်။
ငွေကြေးကို နှုန်းရှင်မျှောဖို့- Floating Currency တွန်းအားပေးမှု
လျော့နည်း သွားတယ်။ တရုတ်ပြည်ရဲ့ အရင်း ဈေးကွက်ထဲကို အပြည်ပြည် ဆိုင်ရာမှ
ဝင်ရောက်မလာရအောင် အဟန့် အတားတွေ လုပ်လာကြတယ်။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို
အစစ်အမှန် စီးပွားရေး လုပ်ဆောင်တဲ့ အဖွဲ့ အစည်းတွေအဖြစ် ပြောင်းလဲဖို့ အစီ
အစဉ်ဟာ လုံးဝ ပျောက်ကွယ်သွား တယ်။
အစောပိုင်း
တရုတ်ခေါင်းဆောင်တွေဟာ ဘဏ္ဍာရေး စနစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင်
ပြုပြင်လိုကြတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် တရုတ်ပြည်
စီးပွားရေး အကြီးအကျယ် တိုးတက်လာခဲ့တယ် ဆိုပေမယ့် ဘဏ္ဍာရေးစ နစ်မှာ ပြုပြင်
ပြောင်းလဲစရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်ရှိနေသေးတယ်လို့ မြင်ကြတယ်။
ဒါပေမယ့် နောက်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေးထက်
လူမှုရေး ပန်းတိုင်ဘက်သို့ ဦးတည်လိုကြတယ်။ ဒါကို သမ္မတ ဟူကျင်တောင် - Hu
Jintaq က သဟဇာတဖြစ်ပြီး လိုက်ဖက်တဲ့ လူ့ဘောင်အဖွဲ့အစည်း - Harmonious
Society လို့ ကင်ပွန်း တပ်ခဲ့တယ်။
တရုတ်ပြည်ဟာ တိုးတက်လာတယ်။
ဒါပေမယ့် တိုးတက်မှုဟာ ကွက်တိကွက်ကျား ဖြစ်နေတယ်။ ဆင်းရဲသားများနဲ့
ချမ်းသာသူများ အကြား ဝင်ငွေမညီမျှမှု ကြီးမားလာတယ်။ ဝင်ငွေမညီမျှမှုကြောင့်
လူမှုရေး မတည်မငြိမ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဘဏ္ဍာရေးစနစ် ပြုပြင်
ပြောင်းလဲရေးထက် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်လို့
မြင်လာကြတယ်။ ဒီအမြင်ကြောင့် နောက်ပိုင်းခေါင်းဆောင်တွေဟာ ဘဏ္ဍာရေး
ပြုပြင်ပြောင်းလဲရေးကို ရပ်ဆိုင်းပစ် လိုက်ကြတော့တယ်။
ဒါနဲ့
ဆက်စပ်ပြောရရင် တရုတ်နိုင်ငံဟာ ဘယ်တော့မှ ကမ္ဘာကို တံခါးဖွင့်
မပေးခဲ့ဘူးလို့ ဆိုနိုင်တယ်။ တရုတ်ပြည်မှာ လာရောက်ပြီးလုပ် ကိုင်နေကြတဲ့
နိုင်ငံခြား ကုမ္ပဏီတွေရဲ့ တရုတ်ပြည်တွင်း ဘဏ္ဍာရေး အက်ဆက်မှာ ပိုင်ဆိုင်မှုဟာ
မဖြစ်စလောက် နှစ်ရာခိုင်နှုန်းပဲ ရှိတယ်။ တရုတ်ပြည်တွင်း ကဏ္ဍရဲ့
အစွန်အဖျားမှာ လုပ်ငန်းလုပ်ဆောင် နေကြရခြင်းသာ ဖြစ်တယ်။
တရုတ်ပြည်ဟာ သူ့ရဲ့ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တစ်ဝက်တစ်ပျက်နဲ့
ရပ်ဆိုင်းပစ်ခဲ့မှုဟာ တစ်နည်းပြောရရင် အကျိုးဖြစ်ထွန်း ခဲ့တယ်လို့
ဆိုနိုင်တယ်။ ဘာကြောင့် လဲဆိုတော့ ၂ဝဝ၈ ခုနှစ် အမေရိကန် ဘဏ္ဍာရေး ကပ်ဘေးကနေ
တရုတ်ဘဏ်တွေ လွတ်ကင်းခဲ့လို့ဖြစ်တယ်။ အနောက်နိုင်ငံတွေဆီက အဆိပ်သင့်
ကြွေးမြီတွေ တရုတ်ဘဏ္ဍာရေး စနစ်ထဲကို ရောက်မလာခဲ့ဘူး။ ပြီးတော့ အန္တရာယ်ကို
ဖုံးကွယ်ထားတတ်တဲ့ အနောက်နိုင်ငံတွေရဲ့ အန္တရာယ် ကြီးမားတဲ့
လုပ်ထုံးလုပ်နည်းတွေလဲ တရုတ်ဆီ ရောက်မလာခဲ့ဘူး။ အနောက်နိုင်ငံတွေရဲ့
ဘဏ္ဍာရေးစနစ်နဲ့ ထဲထဲဝင်ဝင် မဆက်ဆံမိတာ တရုတ်တို့အတွက် ကံကောင်းတယ်လို့
ဆိုနိုင်တယ်။
အနောက်နိုင်ငံတွေမှာလို အန္တရယ်ကို ဖြန့်ဝေ -
Distribution of Risks တဲ့ စနစ်မျိုး မရှိပေမယ့် တရုတ်နိုင်ငံမှာလဲ
သူ့နည်းသူ့ဟန်နဲ့ အန္တရာယ် ဖြန့်ဝေမှု ရှိတယ်။ ဒါကတော့ အန္တရာယ်ကို
နိုင်ငံပိုင် ဘဏ်တွေကနေ အခြားသော နိုင်ငံပိုင်အဖွဲ့ အစည်းတွေဆီ
လျှို့ဝှက်တဲ့နည်း လမ်းတွေနဲ့ ဖြန့်ဝေပေးခြင်း ဖြစ်တယ်။ ဒါကြောင့်
တရုတ်ပြည်ရဲ့ ကြွေးဆပ်နိုင်အား - Solvency ကို ကမ္ဘာရဲ့ အမြင်မှာ
ပင်ကိုအတိုင်း မမြင်ရဘဲ ရွဲ့စောင်းကြီး မြင်တွေ့နေရတယ်။
နိုင်ငံတော်ရဲ့ အကြွေးကို အပြည်ပြည်ဆိုင်ရာ စံနဲ့ ယှဉ်ထိုးကြည့်ရင်
သိပ်ပြီးနည်းတယ်လို့ ထင်ရတယ်။ အတိအကျ ပြောရမယ်ဆိုရင် နိုင်ငံတော်ကြွေးက
စုစုပေါင်း ပြည်တွင်း ထွက်ကုန် - Gross Domestic Product -GDP ရဲ့ ၂ဝ
ရာခိုင်နှုန်းပဲ ရှိ တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ပေးရန်တာဝန် အားလုံးကို
စုပေါင်း ထည့်သွင်းတွက်ချက်ရင် GDP ရဲ့ ၇၆ ရာခိုင်နှုန်းလောက်အထိ မြင့်တက်
ကြီးမားလာနိုင်တယ်။
ဒီထက် ကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ ပြဿနာက
တရုတ်ပြည်ရဲ့ စနစ်ဟာ သူ့အတွင်းမှာပဲ သူ့ဟာသူ ကုန်သွယ်မှုလုပ်ပြီး
လည်ပတ်နေတယ်။ ပြည်ပနဲ့က နည်းနည်းပါးပါးပဲ လုပ်တယ်။ တရုတ်ဟာ
ပေးရန်တာဝန်များ Liabilities နဲ့ ဈေးနှုန်းသတ် မှတ်ခြင်း-Pricing တို့ကို
ပြင်ပပုဂ္ဂိုလ် များ မတွေ့မမြင်ရအောင် ဖုံးကွယ် လျှို့ဝှက်ထားတယ်။
ဈေးကွက်ထဲမှာ အခြားတစ်စုံတစ်ရာက ဈေးနှုန်း သတ်မှတ်ပေးတယ်လို့
မရှိနိုင်ဘူး။ ဒါကြောင့်ဈေးကွက်အတွင်း စွမ်းရည် ပြည့်ဝတဲ့ အရင်းခွဲဝေမှု
အားနည်း နိုင်တယ်။ ဘဏ္ဍာရေး နယ်ပယ်မှာ အလွန်အကျွံဖြစ်မှုတွေ ကြီးထွားလာ
နိုင်တယ်။
တကယ်တော့ တရုတ်အရာရှိ ကြီးတွေဟာ ဒီအားနည်းချက်တွေကို
မြင်တယ်။ ဒါပေမယ့် ပြဿနာဖြေ ရှင်းရာမှာ အခြားသော အချက်အလက်တွေကို
ထည့်သွင်းစဉ်းစား နေကြရတဲ့အတွက် လွှတ်ထားကြရတယ်။ တရုတ်ပြည်မှာ
ငွေပေးငွေယူနဲ့တကွ ငွေကို ကွပ်ကဲ ထိန်းကျောင်းတဲ့ အလုပ်ဟူသမျှကို
နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခု မဟုတ် အခြား တစ်ခုက ပြုလုပ်တယ်။
တရုတ်နိုင်ငံမှာက အစစအရာရာကို တရုတ်ကွန်မြူနစ် ပါတီက
ကြီးစိုးလွှမ်းမိုးထားတယ်။ စက်ရုံ၊ အလုပ်ရုံနဲ့ ဌာနတိုင်းမှာ ကွန်မြူနစ်
ကလာပ်စည်း အဖွဲ့အစည်းတွေ ရှိတယ်။ နိုင်ငံခြားသားတွေ တရုတ်ပြည် လာရောက်ပြီး
စက်ရုံ အလုပ်ရုံတွေ ဖွင့် လှစ်ရင်လဲ ကလာပ်စည်းတွေ ဖွဲ့စည်း
ခွင့်ပြုကြရတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ဝါဒ သိပ်ပြီးရေပန်း
မစားတော့ပေမယ့် တရုတ်ခေါင်းဆောင် တွေအနေနဲ့ ပါတီကို ဖက်တွယ်ထားတုန်းပဲ
ရှိသေးတယ်။
ဒါပေမယ့် တရုတ်ခေါင်းဆောင်ပိုင်းက
ခေတ်ကုန်သွားပြီဖြစ်တဲ့ ကွန်မြူနစ် ဝါဒနေရာမှာ အမျိုးသားရေး ဝါဒနဲ့
အစားထိုးဖို့ ကြိုးပမ်းနေကြတယ်လို့ အချို့က ထင်မြင်ယူဆကြတယ်။ ဘာပဲပြောပြော
နှစ် ၃ဝ ကာလအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ
အံ့သြကုန်နိုင်ဖွယ် ဖြစ်ပါတယ်။ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း
ရှစ်ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအတွင်း တိုးတက် နေခဲ့တာပါ။
တရုတ်ပြည်ရဲ့GDP ဟာ အမေရိကန်ဒေါ်လာ ငါးထရီလီယံ ဝန်းကျင်မှာရှိတယ်။
မကြာသေးမီက ကြေညာချက်အရ ၂ဝ၁ဝ ပြည့်နှစ် တိုးတက်မှုနှုန်းက ၁ဝ.၃ ရာခိုင်နှုန်း
ရှိခဲ့တယ်လို့သိရတယ်။
တကယ်တော့ တရုတ်ခေါင်း ဆောင်တွေဟာ
နှစ်ပေါင်းများစွာ ဆက်တိုက် အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်လာခဲ့တဲ့
စီးပွားရေး တိုးတက်မှုကို အရှိန်သတ် ဘရိတ်အုပ်ဖို့ ကြိုးပမ်းလျက် ရှိတယ်။
အရှိန်ပြင်းစွာနဲ့ စီးပွားရေး တိုးတက်လာခဲ့တဲ့ အတွက်ကြောင့် ငွေဖောင်းပွမှု
- Inflation ဟာ တစ်နှစ် ၃.၆ ရာခိုင်နှုန်းနဲ့ မြင့်တက်လာနေတယ်။
ငွေဖောင်းပွမှုကို လီနင် - Lenin က အဖျက် အမှောင့်အင်အားစုအဖြစ် ရှုမြင်သလို
ဘောဂဗေဒ ပညာရှင် ကိန်းစ် - Keynes ကလဲ အရင်းရှင်ဝါဒရဲ့
အကျိုးစီးပွားတွေကို အင်ဖလေးရှင်းက ဖျက်ဆီးပစ်နိုင်တယ်လို့ မြင်တယ်။
ဒါကြောင့် တရုတ်အစိုးရက ငွေဖောင်းပွမှုကို မဖြစ်ဖြစ်တဲ့နည်းနဲ့
တိုက်ဖျက်ပစ်ဖို့ မောင်းတင်ထား တယ်။
စီးပွားရေး တိုးတက်မှုကို
နှေးကွေးစေလိုတဲ့ ဦးတည်ချက်နဲ့ မနှစ်က နှောင်းပိုင်းကာလမှာ တရုတ်
ဘဏ္ဍာရေးဌာနက ဘဏ်တိုးနှုန်းတွေကို မြှင့်တင်ခဲ့တယ်။ သုံးနှစ်ကာလ အတွင်း
ပထမဆုံးအကြိမ် အတိုးနှုန်း မြှင့်တင်ခဲ့ခြင်း ဖြစ်တယ်။ ဘဏ်တွေရဲ့ အရန်ငွေ
ထားရှိမှုကိုလဲ မြှင့်တင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဘဏ်တွေရဲ့ ထုတ်ချေးငွေ
နှေးကွေးသွားစေဖို့ ဖြစ်တယ်။ ဒါပေမယ့် အခြား တစ်ဘက်မှာ အိမ်ရာမြေ
ဈေးနှုန်းတွေ ထောင်တက်လာနေပြီး စားသောက်ကုန် ဈေးနှုန်းကလဲ ရှစ်ရာခိုင်
နှုန်း မြင့်တက်လာနေတယ်။ ဒါက တရုတ်ပြည်တွင်းပြဿနာဖြစ်တယ်။
ပြည်ပမှာ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာက တကယ်လို့ တရုတ်စီးပွားရေးဟာ အမှန်တကယ်
နှေးကွေးသွားခဲ့ရင် တရုတ်ဈေးကွက်များကို တင်ပို့ ရောင်းချနေကြတဲ့ အာရှ၊
အာဖရိက၊ လက်တင်အမေရိကနဲ့ သြစတြေးလျက လုပ်ငန်းရှင်တွေ ရုတ်တရက် စီးပွားရေး
ထိခိုက်သွားနိုင်တယ်။
Ref: The Economist : Dec 11, 2010.
မှတ်ချက်။ ။ တရုတ်ဘာသာ အသံထွက်ကို ဆရာကြီး
ဦးမောင်မောင်လှိုင်(အပ်စိုက်ကု)ရဲ့ တရုတ်ဘာသာ အသံထွက် အနီးစပ်ဆုံး
ဖြစ်စေချင် စာအုပ်လေးပါ နည်းနာအတိုင်း ကြိုးပမ်းထားပါသည်။
လွဲချော်ခဲ့လျှင် စာရေးသူ၏ အမှားသာ ဖြစ်ပါသည်။
မင်းရွှေမောင်