xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အီရန်၊ အီဂျစ်နဲ့ နောက်ခံဇာတ်ကြောင်းများ

Friday, February 18, 2011

အီရန်၊ အီဂျစ်နဲ့ နောက်ခံဇာတ်ကြောင်းများ

အီဂျစ်မှာ မူဘာရက် ပြုတ်ကျသွားတယ်။ ဆန္ဒပြမှုကို လူငယ်တွေ ဦးဆောင်တယ်။ ဆန္ဒပြပွဲ ကာလမှာ အီဂျစ် တပ်မတော်ဟာ ကိုင်ရိုမြို့ လမ်းတွေပေါ်မှာ နေရာယူ ထားပေမယ့် ဆန္ဒပြသူ တွေကို ပစ်ခတ်တာ မရှိဘူး။ နောက်ဆုံးတော့ အီဂျစ် တပ်မတော် ကပဲ နိုင်ငံတော် အာဏာကို လွှဲယူလိုက်တယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့ အတိုက်အခံတွေ အတွက် သည်းခြေကြိုက် ဇာတ်လမ်းလေး ဖြစ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ထောင်စုနေ့ အခမ်းအနား အပြီး သတင်းထောက် တစ်ဦးရဲ့ မေးခွန်း ကို ဖြေကြားရာမှာ “လူတွေ သောင်းသိန်းချီ ဆန္ဒပြကြပေမယ့် အီဂျစ် တပ်မတော်က သူ့ပြည်သူ တွေကို မပစ်ဘူး။ သူ့ပြည်သူတွေ ဘက်က ရပ်တည်တယ်။ ဒါကို မြန်မာ့ တပ်မတော်က စံနမူနာ ယူသင့်တယ်” လို့ပြောသွားတယ်။
ဟုတ်ပါရဲ့။ ဒါပေမယ့် အီဂျစ်မှာ အီဂျစ်စစ်တပ်က ဘာကြောင့် မပစ်တာလည်း။ နောက်ခံ ဇာတ်ကြောင်းတွေက ဘာလဲ ဆိုတာလည်း ပြန်ကြည့်ဖို့ လိုပါတယ်။
အီဂျစ်ဖြစ်ရပ်ကို သုံးသပ်မှု မလုပ်ခင် ကျွန်တော်တို့အားလုံး သတိပြုသင့်တာက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသ ဒီမိုကရေစီ ဖော်ဆောင်ရေး အစီအစဉ်မှာ အီဂျစ်၊ တူနီးရှား၊ ယီမင်နဲ့ ပင်လယ်ကွေ့ ဒေသက ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီး စတဲ့ စော်ဘွား နိုင်ငံများ လုံးဝမပါဘူး ဆိုတဲ့ အချက်ပါပဲ။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒီမိုကရေစီ ဖော်ဆောင်ရေး ခေါင်းစဉ် အောက်က ပစ်မှတ်နိုင်ငံ တွေဟာ အမေရိကန်နဲ့ အစ္စရေးကို ဆန့်ကျင်နေတဲ့ အီရန်၊ ဆီးရီးယား၊ လစ်ဗျား နိုင်ငံများသာ ဖြစ်ပါတယ်။

ဒါပေမယ့် အီဂျစ်၊ တူနီးရှား၊ ယီမင်နဲ့ ပင်လယ်ကွေ့ ဒေသ စော်ဘွား နိုင်ငံများဟာ အမေရိကန်စံနဲ့ ညီတဲ့ လစ်ဘရယ် ဒီမိုကရေစီ စနစ်နဲ့ လူ့အခွင့်အရေးများ ထွန်းကားနေလို့ လားလို့ မေးရင်တော့ မဟုတ်ဘူးလို့ ဖြေရမှာပါ။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အပါအ၀င် လွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့များရဲ့ အစီရင်ခံစာ များကို ဖတ်လိုက်ရင် ဒီနိုင်ငံတွေဟာ အာဏာရှင် စနစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ လူတစ်ဦး၊ မိသားစု တစ်စုက စိတ်ကြိုက် ချယ်လှယ်နေပြီး ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ မရှိဘူး ဆိုတာ တွေ့ရမှာပါ။ အီဂျစ်ဆိုရင် ၁၉၅၃ ခုနှစ်မှာ ဖာရွတ်ဘုရင်ကို စစ်တပ်က ဖြုတ်ချပြီးထဲက ဗိုလ်ချုပ်တွေ ဖြစ်တဲ့ နာဆာ၊ ဆဒတ်၊ မူဘာရက်တို့ပဲ ဆက်တိုက် အာဏာယူ ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနိုင်ငံ အားလုံးဟာ ရေနံကြောင့်၊ အစ္စရေး နိုင်ငံ လုံခြုံရေးအတွက်၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စစ်မှာ အဓိက မဟာမိတ် ဖြစ်တာကြောင့် စတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားများကြောင့် ဒီမိုကရေစီ မရှိမှု၊ လူ့အခွင့်အရေး မရှိမှု ဆိုတာတွေကို မသိချင်ယောင် ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ချုပ်ကိုင်မှုတွေကြောင့် တစ်ချိန်မှာ လူထုက အုံကြွလာမယ် ဆိုရင် အစွန်းရောက် အစ္စလမ် ၀ါဒီတွေ ၀င်ပြီး နေရာယူ နိုင်တယ် ဆိုတာကို အမေရိကန်က သိပါတယ်။ ဒီအဖြစ်မျိုးကို ၁၉၇၉ ခုနှစ်တုန်းက အီရန်မှာ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဘုရှ်လက်ထက် ထဲက အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်ဝါဒ အခြေမခံ နိုင်ဖို့အတွက် ပြုပြင်ရေးတွေ လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် အီဂျစ်ရွေးကောက်ပွဲမှာ မူဆလင် ညီနောင်အဖွဲ့ မထင်မှတ်ပဲ နေရာ အတော်များများ ရလိုက်တဲ့အခါ၊ ပါလက်စတိုင်းဒေသ ရွေးကောက်ပွဲတွေမှာ ဟားမားစ်တွေ အများစု နိုင်တဲ့အခါနဲ့ လက်ဘနွန် ရွေးကောက်ပွဲမှာ ဟစ်ဇစ်ဘူလာတွေက အများစု ရလိုက်တဲ့ အခါမှာတော့ အာရပ်ကမ္ဘာရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာလည်း အသံတိတ် သွားခဲ့ပါတယ်။
၁၉၇၉ တုန်းက အမေရိကန်သမ္မတ ကာတာဟာ ဆိုဗီယက်အုပ်စုကို တိုက်ဖို့အတွက် လူ့အခွင့်အရေး ကိစ္စကို ရှေ့တန်းတင် လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရှားဘုရင်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ ဖြစ်လာတဲ့အခါ ကာတာက ရှားဘုရင်ကို အတိုက်အခံ ခေါင်းဆောင် ဘာတီယာကို ၀န်ကြီးချုပ် ခန့်ပြီး နန်းစွန့်လိုက်ဖို့ ဖိအားပေးခဲ့တယ်။ ကာတာ အစိုးရက ဘာတီယာ အစိုးရဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးရင် အခြေအနေကို ထိန်းနိုင်မယ်၊ အမေရိကန်ရဲ့ မိတ်ဆွေကောင်း အဖြစ်နဲ့ နေလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါ့ကြောင့်လည်း အမေရိကန် တွေက အီရန်စစ်တပ်ကို ဘေးရှောင်နေဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမယ့် လက်တွေ့ကျတော့ ဘာတီယာ အစိုးရဟာ နှစ်ပတ်အတွင်း ပြိုလဲသွားပြီး ခိုမေနီ ဦးဆောင်တဲ့ အစ္စလမ်ဝါဒီ အစိုးရ တက်လာခဲ့ပါတယ်။ နောက်ပိုင်း အဖြစ်အပျက်တွေက တော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ အရင်တုံးက ပင်လယ်ကွေ့ဒေသက အမေရိကန်အမာခံမဟာမိတ် အီရန်ဟာ အမေရိကန် ကို တူးတူးခါးခါး ဆန့်ကျင်သူ ဖြစ်လာရုံမက အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် ဆန့်ကျင်ရေး၊ အစ္စရေး ဆန့်ကျင်ရေး လုပ်နေတဲ့ အဖွဲ့ မှန်သမျှကို ထောက်ခံသူ ဖြစ်လာပါတယ်။ အခုအချိန် မှာတော့ အနုမြူ လက်နက် ပိုင်ဆိုင်နိုင်အောင် လုပ်လာတဲ့ အဆင့် ဖြစ်လာပါပြီ။
အာရပ်ကမ္ဘာမှာ စစ်တပ်အင်အား အကြီးမားဆုံး ဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ အီရန် တော်လှန်ရေး ဆန်ဆန် ဆန္ဒပြမှုတွေ ဖြစ်လာတဲ့ အခါ အိုဘားမား အစိုးရ အီရန်တုန်းကလို သူ့အရှိန်နဲ့သူ လွှတ်မထား တော့ပဲ အသွင်ကူးပြောင်းရေးကို သူတို့ လိုချင်တဲ့ ပုံစံဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် အီဂျစ်ကိစ္စ ဖြစ်ကထဲက အိုဘားမား၊ ကလင်တန်တို့ ပြောတဲ့ စကားတွေကို ကြည့်ရင် အသွင် ကူးပြောင်းရေးကို ညင်ညင်သာသာ လုပ်ရမယ်။ အသွင် ကူးပြောင်းမှုက အရင်ကထက် ပိုဆိုးတဲ့ အခြေအနေကို ပြန်ရောက်သွားလို့ မဖြစ်ဘူးလို့ ပြောခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင် မူဘာရက်ကို ဆန္ဒပြမှုတွေကို အကြမ်းဖက် လူစုမခွဲဖို့ အတွက် ဖိအားပေး ခဲ့သလို အီဂျစ်စစ်တပ် ကိုလည်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဂိတ်ကိုယ်တိုင် ဖုန်းဆက်ပြီး ပြောခဲ့ရတယ်။ ကလင်တန် ဥရောပ လုံခြုံရေးရာ အစည်းအဝေးမှာ အီဂျစ်ရဲ့ ပြုပြင် ပြောင်းလဲရေးဟာ အီဂျစ်အတွက် အရေးကြီးသလို အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွား အတွက်လည်း အရေးကြီးတယ်လို့ ၀န်ခံသွား ခဲ့ပါတယ်။
ဘာ့ကြောင့်လည်း ဆိုတော့ အီဂျစ်နိုင်ငံရေးမှာ မူဘာရက်ရဲ့ အာဏာရ NDP ပါတီပြီးရင် အစ္စလမ် အခြေခံဝါဒီ ဖြစ်တဲ့ မူဆလင် ညီနောင်များ အဖွဲ့က အင်အား အကောင်းဆုံး ဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် အမေရိကန်က ပထမဆုံး မူဘာရက် အနားယူ၊ သူ့နေရာမှာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဆူလေမန်နဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။ ဒါ့ကြောင့် လည်း မူဘာရက်က ၁၉၈၁ ထဲက မခန့်ဘဲ ထားခဲ့တဲ့ ဒုသမ္မတ နေရာမှာ ဗိုလ်ချုပ်ကြီးဆူလေမန်ကို ခန့်ခဲ့ပြီး သူ့အာဏာ အချို့ကို လွှဲပေးကာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် လူထုထောက်ခံမှု မရတဲ့အတွက် နောက်ဆုံး တပ်ကို အာဏာ လွှဲပြောင်း ယူခိုင်းလိုက်ရတာ ဖြစ်ပါတယ်။
အီဂျစ်စစ်တပ်ဟာ ၁၉၇၉ ခုနှစ်ထဲက အမေရိကန် စစ်ရေး အကူအညီကို တစ်နှစ် ဒေါ်လာ တစ်ဘီလီယံကျော် နှစ်စဉ် ရခဲ့တာ ဖြစ်ပါတယ်။ အီဂျစ် စစ်အရာရှိ တွေဟာ အမေရိကန် စစ်ကျောင်းတွေမှာ တက်ခွင့်ရခဲ့ပြီး ထိပ်တန်းအရာရှိ အားလုံးဟာ အမေရိကန် train ဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်း အားလုံးဟာ အမေရိကန်လုပ်တွေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမေရိကန် အနေနဲ့ အီဂျစ်စစ်တပ် ပေါ်မှာ အတော်လေး သြဇာသက်ရောက်မှု ရှိသလို အီဂျစ်စစ်တပ် အနေနဲ့လည်း အီဂျစ် နိုင်ငံရေးမှာ သူတို့ရထားတဲ့ အခန်းကဏ္ဍကို ဆက်ရဖို့ အမေရိကန် အကူအညီတွေ ဆက်ရဖို့ လိုနေ ပါတယ်။ အီရန်မှာ ခိုမေနီ အာဏာရတော့ ရှားလက်ထက်က ဗိုလ်မှူးကြီးနဲ့ အထက် စစ်အရာရှိ အားလုံးကို ခုံရုံးတင်ပြီး ထောင်ချတာ၊ သေဒဏ် ပေးတာလုပ်ခဲ့တယ်။ အီဂျစ် စစ်တပ်ဟာ ဒီလိုဖြစ်တာ မခံနိုင်ပါဘူး။
ဒါ့ကြောင့် အီဂျစ်မှာ စစ်တပ်က အာဏာလွှဲယူ လိုက်တာဟာ အားလုံး လက်ဝါးရိုက်ပြီး လုပ်လိုက်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် တစ်ခြားနိုင်ငံက အာဏာသိမ်း စစ်တပ်လို အာဏာသိမ်းတဲ့ အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်မှုကို ခံရမှာ မဟုတ်ပါဘူး။ နောက်တက်လာမယ့် အစိုးရ ဟာလည်း မူဆလင် ညီနောင်များ အဖွဲ့လို ပါတီက ဖြစ်မှာ မဟုတ်ပါဘူး။
တစ်ဆက်တည်း ဆက်ပြောရရင် အရှေ့အလယ်ပိုင်းမှာ တူနီးရှားကနေ စပြီး ဖြစ်လာတဲ့ ဆန္ဒပြမှုတွေဟာ အရှေ့ဥရောပမှာ ဖြစ်သလို အမေရိကန် အတွက် ရင်အေးစရာ မဟုတ်ပါဘူး။ အခု ဘာရိန်းမှာ ဖြစ်နေတာကို ကြည့်ပါ။ ဘာရိန်းက အမေရိကန် မဟာမိတ် အုပ်ချုပ်သူ လူတန်းစားက ဆူနီတွေ၊ ဒါပေမယ့် တိုင်းပြည်ရဲ့ လူဦးရေ ၆၆ % က အီရန်နဲ့ တူတဲ့ ရှီယာ မူဆလင်တွေ၊ အခု ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြနေသူ တွေက ရှီယာတွေ ဖြစ်ပါတယ်။ သူတို့သာ အောင်မြင် သွားပြီး လက်ရှိစော်ဘွား ပြုတ်ကျသွားရင် ရှီယာတွေပဲ တက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခု ဆန္ဒပြသူ တွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စ အပေါ် အမေရိကန်က အပေါ်ယံ လောက်ပဲ စိုးရိမ်မိတယ် ဆိုတဲ့ စကားလောက်နဲ့ တုန့်ပြန်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမေရိကန် လုပ်နေတဲ့ မဟာဗျူဟာက လူတွေ လက်ခံနိုင်မယ့် အပြောင်းအလဲများကို အမေရိကန်ရဲ့ မိတ်ဆွေများက ဦးဆောင်ပြီး သူတို့ လိုချင်တဲ့ ပုံစံအတိုင်း သွားနိုင်ဖို့ လုပ်နေတာသာ ဖြစ်ပါတယ်။ ဒီအကြောင်း တွေကို မမြင်ပဲ မြန်မာနိုင်ငံမှာ အီဂျစ်လို ဖြစ်လာမယ်လို့ စိတ်ကူး ယဉ်ရင်တော့ မှားပါလိမ့်မယ်။
Credit : ပိတောက်မြေ