xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကြောင်းအကျိုးနဲ့ ဆိုပေမယ့် အကောင်းအဆိုးတော့ ခွဲတတ်ဖို့ လိုတယ်

Wednesday, February 9, 2011

အကြောင်းအကျိုးနဲ့ ဆိုပေမယ့် အကောင်းအဆိုးတော့ ခွဲတတ်ဖို့ လိုတယ်

မြန်မာနိုင်ငံမှာ စီးပွားရေး အနိဋ္ဌာရုံများနဲ့ ရင်ဆိုင် တွေ့ကြုံနေရတဲ့ အဓိက အကြောင်းရင်းများမှာ အားနည်းသော စီးပွားရေး မူဝါဒနဲ့ စွမ်းဆောင်မှုများ၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုနဲ့ ဆွဲဆောင်မှု ကင်းမဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေ တို့ကြောင့်သာ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က တိကျ ပြတ်သားစွာ ပြောဆိုခဲ့တယ်လို့ NLD ရဲ့ စီးပွားရေး ဆက်လက် ပိတ်ဆို့ရေး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး မေးလိုတာက (IMF) က မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လောက် တိတိကျကျ စစ်တမ်းကောက်ယူခဲ့ဖူး ပါသလဲ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေတွေကိုရော လေ့လာ မှတ်တမ်းတင်မှု စနစ်တကျ ရှိပါသလား။ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဘက်တွေ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ အမြဲ ၀ါဒဖြန့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တင်ပြတဲ့ စာတမ်းတွေ တင်ပြချက်တွေအပေါ် ကောက်ယူ သုံးသပ်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေး အနိဋ္ဌာရုံများနဲ့ ရင်ဆိုင် တွေ့ကြုံနေ ရတယ် ဆိုတာ ဒါမတရား စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမတရား စွပ်စွဲချက်တွေကို NLD အနေနဲ့ ပိုင်ပြီကွ ဆိုပြီး ကြေညာချက်ထုတ်ပြန်လို့ ကိုယ့်နိုင်ငံကိုယ် သိက္ခာချ ကိုယ့်နိုင်ငံ သားတွေကို စကားလုံးနဲ့ နစ်မွန်းစေတဲ့ လုပ်ရပ်ကတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အလွန် အောက်တန်းကျတဲ့ လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။


စီးပွားရေး ပိတ်ဆို့မှုများကို နိုင်ငံ့ စီးပွားရေး ပြဿနာများအတွက် အရေးပါ အရာရောက်သော အကြောင်းရင်းခံ တစ်ရပ် အနေဖြင့် IMF က မရှုမြင်ပါ။ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးမှု အကူအညီများ လျော့နည်း လက်ခံရရှိခဲ့ရာတွင် ယင်းအချက်က စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားသဖွယ် ဖြစ်စေသည်ဆိုသော စွပ်စွဲ ပြောဆိုချက်အား ဤနေရာတွင် အလေးပေး စဉ်းစားရန် လိုအပ်ပါတယ်လို့လည်း ဆိုပြန်ပါတယ်။ တကယ်တော့ NLD အနေနဲ့ ဒီလို (IMF) ရဲ့ ပြောဆိုမှုတွေကို အခြေခံရခြင်းနဲ့ (UNDP) ၏ ၂၀၁၁ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာတွေကို ကိုးကားပြီး ဒီကြေညာ ချက်ကို ထုတ်ပြန်ခြင်းဟာ တကယ်တော့ တစ်ဖက်လှည့်နဲ့ မြန်မာနိုင်ငံ အစိုးရကို အဲဒီအဖွဲ့အစည်းတွေနဲ့ ရန်တိုက်ပေးတဲ့ သဘောပါ။ ဒါကလည်း ဒေါ်စုကြည်တို့ NLD အနေနဲ့ ကိုယ့်နိုင်ငံအပေါ် ကိုယ်ပြန်သတ်ချင်တဲ့ စိတ်ဓာတ်ကို ထင်ထင် ရှားရှား မြင်တွေ့စေနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်စုကြည်နဲ့ NLD တို့အနေနဲ့ တိုင်းပြည်ကို ဝေဘန်လိုတယ် ဆိုရင် မှန်မှန်ကန်ကန် လေ့လာဖို့ အထူး လိုအပ်ပါတယ်။ ဒါ့အပြင် ဝေဘန်ရပြီးရော အပုပ်ချရပြီးရော တိုင်ပြည် ဖြစ်ချင်ရာဖြစ် လုပ်ရပ်တွေဟာ တိုင်းပြည်အတွက် တကယ့် နစ်နာစေတဲ့ အချက်တွေဆိုတာကို ပြည်သူတွေ မှန်ကန်စွာ သိမြင်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ အကြောင်း အကျိုးတဲ့ ဆိုပေမယ့် အကောင်းအဆိုး ခွဲတတ်ဖို့ လိုတယ်ဆိုတာကို ပြည်သူတွေအတွက် ငဲ့ကွက်စဉ်းစား သင့်ကြပါကြောင်း တင်ပြလိုက်ရပါတယ်။ မျိုးချစ်မောင်