xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘကြီးခြေရာ နင်းတဲ့ဒေါ်စု

Friday, February 11, 2011

ဘကြီးခြေရာ နင်းတဲ့ဒေါ်စု

( အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ Sanction နဲ့ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက် အကြောင်း ဝေဖန် သုံးသပ်ထားတဲ့ အောင်ထက်ရဲ့ စာဖြစ်ပါတယ်။ )
ဒီချုပ်ရဲ့ ဖေ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ထားဖို့ လိုတယ် ဆိုတဲ့ သဘောထားကို ထပ်ပြီး အတည်ပြု လိုက်ပါတယ်။ စာမျက်နှာ ၆ မျက်နှာပါတဲ့ ဒီစာတမ်းရဲ့ နောက်ဆုံး အနှစ်ချုပ်က တော့ ဒီစီးပွားရေး ပိတ်ဆို့မှုဟာ ဒီချုပ် ဒါမှမဟုတ် ဒေါ်စု တောင်းဆိုလို့ လုပ်တာမဟုတ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံများက ဆုံးဖြတ် လုပ်ဆောင်တာသာ ဖြစ်တယ်။ လူထုကိုလည်း မဆို စလောက်သာ ထိခိုက်တာဖြစ်တယ် ဆိုတဲ့ သဘောတရား ပါပဲ။
ဒီချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောချင်တာ တစ်ချက်ပဲရှိတယ်။ အဲဒါကတော့ ဒီထုတ်ပြန်ချက်ဟာ ဘယ်က မြစ်ဖျားခံ လာသလဲ ဆိုတဲ့ အချက်ပဲ။ ဒေါ်စု လွတ်လာတဲ့ အခါ ပြည်ပ မီဒီယာတွေနဲ့ အင်တာဗျူး အတော်များများ လုပ်တယ်။ အဲဒီလိုပြောတဲ့ အထဲမှာ နိုင်ငံတကာကို ဂယက်ရိုက်သွားတဲ့ အဖြေနှစ်ခု ပါသွားတယ်။ ပထမတစ်ခုက ဒေါ်စုက စီးပွားရေး ပိတ်ဆို့တာကြောင့် ပြည်သူကို ထိခိုက်တယ်ဆိုရင် ဒါကို ပြန်စဉ်းစားမယ်လို့ ပြောလိုက်တဲ့ အချက်၊ နောက်တစ်ခုက စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကိစ္စကို သူသဘော မတူဘူးလို့ အဓိပ္ပါယ် သက်ရောက်စေတဲ့ အဖြေ ဖြစ်တယ်။ ဒီနှစ်ခုလုံးဟာ ပြည်ပြေးတွေနဲ့ မြန်မာကို အရေးယူဖို့ အစဉ်တစိုက် လုပ်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်ထဲမှာ အကြီးအကျယ် ဂယက်ရိုက်သွားတယ်။ အထူးသဖြင့် အီးယူလို Target Sanction မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ထားတဲ့ အမေရိကန် လွှတ်တော်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ သူတို့ဘက် ကတော့ ဒါဟာ စောလွန်းသေးတယ်လို့ မြင်တယ်။ ထုံးစံအတိုင်း မြန်မာ့အရေး ခေါင်းစဉ်အောက်က ပြည်ပမှ ဝေေ၀ဆာဆာ ဖြစ်နေတဲ့ အုပ်စုတွေကတော့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ လေသံတောင် မကြားချင်ဘူး။ နောက်ဆုံး ဒီသဘောထား တွေဟာ ဒေါ်စုဆီ ရောက်သွားပြီးတော့ စီးပွားရေး ပိတ်ဆို့တာနဲ့ ပတ်သက်ရင် ကျယ်ကျယ်ပြန့်ပြန့် ပြန်စဉ်းစားမယ်ဆိုတဲ့ လေသံဖြစ်သွားသလို နိုင်ငံတကာ တရားရုံးနဲ့ ပတ်သက်လို့ကတော့ သူအဲဒီလို ပြောတာ မဟုတ်ဘူး၊ သတင်းထောက်က နားလည်းမှု လွဲတာဆိုပြီး ဖြစ်သွားတယ်။

ဒါပေမယ့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာက ငြိမ်မသွားဘူး။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ဒီကိစ္စကို လျှော့ပေါ့ပေးဖို့ ပြောသလို အစိုးရကလည်း တွေ့ဆုံ ဆွေးနွေးရေး မလုပ်နိုင်တာဟာ ဒေါ်စုရဲ့ ပိတ်ဆို့ရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး မူတွေကြောင့်လို့ မကြာမကြာ ပြောနေတာကိုလည်း တုန့်ပြန်ဖို့ လိုလာတယ်။ နောက်ပြီး ၂၀၀၉ ခုနှစ်တုံးက စီးပွားရေး ပိတ်ဆို့မှုကိစ္စ အတွက် ဆွေးနွေးဖို့ နိုင်ငံခြား သံအမတ်တွေနဲ့ တွေ့ခွင့်တောင်းပြီး သူမဘက်က ပြန်သုံးသပ်မယ်လို့ စကားကျွံထားတာ လည်းရှိနေတယ်။
ဒါ့ကြောင့် ဒီဇင်ဘာလဆန်းမှာ လုပ်တဲ့ ဒီချုပ်စီအီးစီ အစည်းအဝေးက ဒါနဲ့ပတ်သက်လို့ အချက်အလက် စုဆောင်းဖို့၊ ပြည်တွင်းမှာ စုသလို၊ ပြည်ပက မိတ်ဆွေတွေဘက်ကလည်း တောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ပါတီထဲမှာတော့ ဦးဝင်းတင်-ဦးဥာဏ်ဝင်းအုပ်စုက စီးပွားရေး ပိတ်ဆို့မှု ဆက်ထားရမယ်ဆိုတဲ့ လိုင်းပဲ တင်တာပါပဲ။ ဒေါ်စုကလည်း နောက်ဆုံးတော့ ဖိအားမရှိရင် စစ်အစိုးရဘက်က ရွေ့မှာမဟုတ်ဘူး၊ ဖိအားနဲ့ ပြည်တွင်း လှုပ်ရှားမှုနဲ့ ပေါင်းမှရမယ်ဆိုတဲ့ လိုင်းကိုပဲ လက်ခံ လိုက်တယ်။ ဒီတော့ စီးပွားရေး ပိတ်ဆို့မှုကို ဆက်ထောက်ခံဖို့အတွက် အကြောင်းအချက် တွေစုတယ်။ တကယ် လုပ်တဲ့ အခါကျတော့ ပြည်တွင်း နယ်စည်းတွေက တက်လာတဲ့ သတင်းတွေက လိုချင်တဲ့ လိုင်းမ၀င်ဘူး။ ခရီးသွားတွေ မလာလို့ စီးပွားကျတယ်၊ အီးယူ ဈေးကွက်ဝင်မရလို့ ၀ယ်လက်မရှိပဲ ဈေးကျ တယ်ဆိုတာတွေ များနေတော့ ပါတီက တင်ချင်တဲ့ လိုင်းကို မရောက်ဘူး ဖြစ်နေတယ်။ အဲဒီ အစီရင်ခံစာတွေ ဖတ်ပြီး ဦးဝင်းတင်ကတော့ အောက်ခြေထုက တိုက်ပွဲ အမြင်မရှိ ဘူးဗျာ၊ ဘယ်လို လုပ်မတုံးလို့ စိတ်ပျက်ပျက်နဲ့ ဦးဟံသာမြင့်နဲ့ ဦးအုန်းကြိုင်တို့ကို ပြောရှာတယ်။
ဒီလို အချိန်မှာ US Campaign for Burma နဲ့ အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်ရုံးပေါင်းပြီး ပြုစုထားတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဘာ့ကြောင့် မရုပ်သိမ်းသင့်ဘူးလည်း ဆိုတဲ့ ချေပချက်စာတမ်း ရောက်လာပါတယ်။ ဒီစာတမ်းကို ဒေါ်စုနဲ့ ဦးဝင်းတင်က အရင်ဖတ်ပြီး ပါတဲ့ အချက်၊ ကြောင်းကျိုး ပြမှုတွေကို ကြိုက်တယ် ဆိုပြီး စီအီးစီဝင်တွေကို ဝေပြီး ဖတ်ခိုင်းတယ်။ ဒေါ်စုဖျားနေတဲ့ အချိန်မှာပဲ အားလုံးက သဘောတူတဲ့ အကြောင်း ပြန်တင်ပြလို့ ဦးဝင်းတင်၊ ဗိုလ်ကြီးဟောင်း ၀င်းထိန်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ငယ်က ဘာသာပြန်တယ်။ အဲဒါကို ၀ိုင်းဖတ်ပြီးတဲ့နောက် တစ်ချို့အချက်တွေ ပြန်ထည့်ပြီးအချောရေး၊ ဒေါ်စုက အတည်ပြုပေးပြီးတဲ့ နောက်ထုတ် ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ဒီချုပ်ရဲ့ ကိုယ်ပိုင်စာသားဆိုလို့ စာမျက်နှာ ၅ က စီးပွားရေး ပိတ်ဆို့မှု အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမြင်အကျဉ်းချုပ် ဆိုတာရယ်၊ စာမျက်နှာ ၆ က စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းချက်များကို မည်သည့် အချိန်တွင်၊ မည်သို့နှင့် မည်သည့် အခြေအနေများ အောက်၌ ပြုပြင် မွမ်းမံနိုင်မည်ကို သဘောတူညီမှု ရရှိစေရေး အတွက် အမေရိကန်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျ နိုင်ငံတို့ကို ညှိနှိုင်းဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုပါသည် ဆိုတာပဲ ပါတယ်။ ကျန်တာကတော့ မူရင်း အဓိပ္ပါယ်မပျက်ပဲ စာချောအောင် နဲနဲ ပါးပါး ပြင်ပေး တာပဲရှိတယ်။
ဒါ့ကြောင့် ဒီထုတ်ပြန်ချက်ဟာ ၈၅% Made in USA လို့ ဆိုရ မှာပဲ။ ဒီစကား မှန်မမှန် အရင်တုံးက ဒီချုပ်၊ စီအီစီး ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်တွေ ရေးသားပုံနဲ့ အခု ထုတ်ပြန်ချက်ကို ယှဉ်ဖတ်လိုက်ရင် အခု ထုတ်ပြန်ချက်ဟာ တစ်လုံးချင်း တိုက်ရိုက် ဘာသာပြန်ထားတဲ့ ခပ်ညံ့ညံ့ ဘာသာပြန် စာအုပ်ဖတ်ရသလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဥပမာအားဖြင့် အခု ကောက်နှုတ် ဖော်ပြထားတဲ့ စာသားတစ်ချို့ကို ဖတ်ကြည့်လိုက်ပါ
လက်ရှိ စီးပွားရေး ပိတ်ဆို့မှု ပုံစံသည် မူလ ရည်ရွယ်ချက်များကို ဖြည့်စွမ်းနိုင် ပါမည်လား၊ စီးပွားရေး ပိတ်ဆို့မှု ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ လက်ရှိအုပ်ချုပ်မှု မူဝါဒများနှင့် ကျင့်ထုံးများက တောင့်တင်း ခိုင်မာသော စီးပွားရေးအတွက် အထောက်အကူ ဖြစ်ပါမည်လား၊ ထိုသို့ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံလူထု လက်တွေ့ ခံစားနေရသော အကြပ်အတည်းများကို ပိုမို ဆိုးရွားစေသည် ဆိုသော စွပ်စွဲ ပြောဆိုမှုများသည် အကြောင်းခိုင်လုံမှု ရှိပါသည်လား၊ သို့တည်းမဟုတ် နိုင်ငံရေး ရည်ရွယ်ချက်များ အပေါ် အခြေခံပါသလား၊ ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် ယုံကြည် ကိုးစား လောက်သော ဖြစ်ထွန်း တိုးတက်မှုများ ရှိပါသည်လား၊ ထိုကဲ့သို့ ဖြစ်ပေါ်နေသော အငြင်းပွားဖွယ်ရာ ပြဿနာများကို နိုင်ငံရေး လိုအပ်ချက်၊ လက်တွေ့ စီးပွားရေး ဖြစ်ရပ်မှန်များနှင့် ဆက်စပ် သုံးသပ်ရန် လိုအပ်ပါသည်။
စီးပွားရေး ပိတ်ဆို့မှုများကို နိုင်ငံ့ စီးပွားရေး ပြဿနာများ အတွက် အရေးပါ အရာရောက်သော အကြောင်းရင်းခံ တစ်ရပ် အနေဖြင့် IMF က မရှုမြင်ပါ။ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးမှု အကူအညီများ လျော့နည်း လက်ခံ ရရှိခဲ့ရာတွင် ယင်းအချက်က စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားသဖွယ် ဖြစ်စေသည်ဆိုသော စွပ်စွဲ ပြောဆိုချက်အား ဤနေရာတွင် အလေးပေး စဉ်းစားရန် လိုအပ်ပါသည်။
ပြည်သူအများစု၏ စားဝတ်နေရေး ကြပ်တည်းမှုသည် စီးပွားရေးကြောင့် မဟုတ်ဘဲ အစိုးရ၏ လွဲမှားသော လမ်းညွှန် ချက်များကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် လတ်တလော ဖြစ်ပွားနေသော လုပ်ရပ်အချို့ကို ဤနေရာတွင် ဖော်ပြရန် သင့်လျော် မည်ဟု ယူဆပါသည်။
အထူးသဖြင့် စီးပွားရေး ပိတ်ဆို့မှုများကို ဝေဖန်မှုများသည် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော အဓိက ပြဿနာများမှ အာရုံ ပြောင်းမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ ပေါ်ပေါက် လာရန် အဟန့်အတား ဖြစ်ခဲ့ရသည် ဟူသော စွတ်စွဲမှုများလည်း ရှိပါသည်။ ထိုသို့သော စွတ်စွဲချက်များသည် မြန်မာ နိုင်ငံတွင် စစ်မှန် ပွင့်လင်းသော ဈေးကွက်စီးပွားရေး အမှန်တကယ် ပေါ်ပေါက်မလာသေးသည့် အချက်ကို မျက်ကွယ်ပြုရာ ရောက်နေပါသည်။
စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာပြည် အတွင်းသို့ ကျင့်ဝတ် သိက္ခာများကို အလေးမမူသော နိုင်ငံများမှ အဆင့် နိမ့်သော နည်းပညာများသာ ရောက်ရှိစေပြီး အနောက်နိုင်ငံများမှ အဆင့်မြင့် နည်းပညာများ မရရှိသည့် အတွက် တိုင်းပြည် နစ်နာ ခဲ့ရသည်ဟု ယုံကြည်ကြသူများလည်း ရှိပါသည်။ အမှန်စင်စစ် တိုင်းပြည်နှင့် လူထု အကျိုးစီးပွားကို ကာကွယ်ပေးမည့် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် အစိုးရ၌ တာဝန်ရှိသည်များကို ပြည့်ဝစွာ ဖြည့်ဆည်း မပေးနိုင်ခဲ့ခြင်းကို ကင်းလွတ် ခွင့်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။
ဤလွှတ်တော်များကို နိုင်ငံရေး ဆောင်ရွက်ခွင့်ရှိသည့် တခုတည်းသော အခင်းအကျင်း ဖြစ်အောင် ရှေးရှု ဆောင်ရွက် ထားခြင်းက ဒီမိုကရေစီစနစ်သို့ ဦးတည်မှုများကို နှိမ့်ချ ပျက်ရယ် ပြုသကဲ့သို့ ရှိပါသည်။
အများ ပါဝင်ပတ်သက်သော နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက်လာရေးကို အရေးတကြီး တောင်းဆိုရန် ယခုအခါ ပို၍ပင်လို အပ်လာပါသည်။ စီးပွားရေး ပိတ်ဆိုမှု မူဝါဒတွင် အပြောင်းအလဲ တစုံတရာပြုရာ၌ ဗဟိုပြု စဉ်းစားမည်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအပေါ် အခိုင်အမာ အခြေခံထားသည့် ဒီမိုကရေစီစနစ်သို့ ဦးတည်သည့် ဖြစ်စဉ်တွင် တိုက်တက်မှု ရှိပြီး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်၌ တိုးတက်ခရီးရောက်သည်ကို တွေ့မြင်လို ကြောင်း နိုင်ငံတကာ အသိုင်းအဝန်းက ကာလကြာရှည်စွာ ကပင် ဖော်ပြခဲ့ကြပါသည်။ အမျှော်အမြင် ကြီးစွာဖြင့် ညှိနှိုင်းထားသည့် လျော်ကန်သော မူဝါဒများသည် ထိုရည်မှန်းချက်များကို ရရှိစေမည့် အကောင်းဆုံး လမ်းကြောင်းကို ပေါ်ထွန်း စေမည် ဖြစ်ပါသည်။
ဒါတွေကတော့ ထင်သာမြင်သာအောင် ပြတာပါဗျာ။ တစ်ခုလုံးသာ ဖတ်လိုက်ရင် ဒါဟာ ဘယ်ဘာသာကနေ မြန်မာ ဘာသာ ကို ပြန်ထားတယ်ဆိုတာ သာမန်လူ တစ်ယောက်တောင် မြင်နိုင်ပါတယ်။ ဒီနေရာမှာ ထောက်ပြချင်တာဟာ ဒီချုပ်ဟာ အဖွဲ့အစည်း တစ်ခုအနေနဲ့ ဖြစ်ဖြစ်၊ အုပ်စုတစ်ခု အနေနဲ့ ဖြစ်ဖြစ် သူကြိုက်တာ သူဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမယ့် ဒီလိုဆုံးဖြတ် ချက်ရေးတဲ့အခါ ပြည်ပက ပို့လိုက်တဲ့ စာတမ်းကို ပုံတူကူး သုံးတာ သင့်တော်ရဲ့လား ဆိုတဲ့ မေးခွန်းပါပဲ။
ဗိုလ်ချုပ်အောင်ဆန်း ကတော့ မြန်မာ့လွတ်လပ်ရေး အတွက် လုပ်တဲ့အခါ ဘယ်သူဆီကမှ ပုံတူ ကူးမချပဲ လုပ်ခဲ့သဗျ။
ဒေါ်စုဘကြီး သခင်သန်းထွန်းကတော့ ၁၉၆၄ ခုနှစ် ဧပြီလမှာ တရုတ်ကွန်မြူနစ် ပါတီက ပို့လိုက်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီအတွက် နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး လမ်းစဉ်ကို ၏ သည် မရွေးပြန်ကူးပြီး ဥက္ကဌ၏ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး ဆိုင်ရာ မူလတင်ပြချက်ဆိုပြီး ၁၉၆၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး အတည်ပြု ခဲ့ တယ်။ အဲဒီ လမ်းစဉ်ကပဲ ဗကပအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ ဘ၀ရောက်ပြီး မျိုးကန်း ကုန်တာပါပဲ။
ဒေါ်စုဟာ ၈၈၊ ၈၉ တုံးက တောင်အာဖရိကရဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးကို ပုံတူကူးဖို့ စိတ်ကူးယဉ်ခဲ့တယ်။ ၉၅၊ ၉၆ မှာ အမေရိကန်သံအမတ် အောဘရိုက်နဲ့ တွေ့ပြီးတော့ အရှေ့ဥရောပက အရောင်တော်လှန်ရေးတွေကို ပုံတူကူးဖို့ ကြိုးစာခဲ့တယ်။ အခုတော့ အီဂျစ်၊ တူနီးရှားလို လုပ်ကြ ဖြစ်နေပြန်ပြီ။ ဒီလို အချိန်မှာ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်အပေါ် တုန့်ပြန်ဖို့ အတွက် ပါတီရဲ့ အရေးကြီးတဲ့ ရပ်တည်ချက်ကို ထုတ်ပြန်တော့လည်း အမေရိကန်က ပို့လိုက်တဲ့ ရွှေပေလွှာကို ကူးချပြီး သူများ ပါးစပ်နဲ့ စကားပြော ပြန်တယ်။
ဒီတော့ ဒေါ်စုက ဘမျိုးဘိုးတူ အဖေ့ခြေရာကို လိုက်တာမဟုတ်ဘဲ ဘကြီးမျိုး ဘကြီးတူပြီး ကိုယ့်တပ် ကိုယ်ပြန်နင်းနေ တာပဲလို့ ပြောရင် မှားမယ် မထင်ဘူး။
(စီးပွားရေး ပိတ်ဆို့မှုကို ဒေါ်စု တောင်းဆိုခဲ့ သလား၊ မတောင်းဆို ခဲ့ဘူးလား ဆိုတာ သီးခြားရေးပြ ပါဦးမယ်။ )
အောင်ထက်
Credit : ပိတောက်မြေ