xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀န်ကြီးဌာနများ အတည်ပြု၊ ၀န်ကြီး အမည်စာရင်း တင်သွင်း

Wednesday, February 9, 2011

ဝန်ကြီးဌာနများ အတည်ပြု၊ ၀န်ကြီး အမည်စာရင်း တင်သွင်း

ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတက တင်သွင်းထားတဲ့ ၀န်ကြီးဌာန ၃၄ ခု ဖွဲ့စည်းမယ့် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၆၁၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ ကြားနေမဲ ၁၂ မဲ နဲ့ အတည် ပြုပေး ခဲ့ကြောင်း သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစုက ဒေါက်တာမြတ်ဉာဏစိုး၊ ပြည်ခိုင်ဖြိုး ပါတီက ဦးကျော်ဆန်း (လက်ရှိ ပြန်ကြားရေးဝန်ကြီး) တို့က ဆွေးနွေးပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရတဲ့ ဦးသိန်းစိန်က ပြန်လည်ရှင်းလင်း ပြောကြားတယ်လို့ သိရပါတယ်။
ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံမှာ လမ်းစဉ်ပါတီ လက်ထက်က ၀န်ကြီးဌာန ၁၈ ခုပဲ ရှိတာကို ထောက်ပြပြီး အခုအချိန်မှာ ၀န်ကြီးဌာန ၂၅ ခုလောက်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ နောက်ပြီး ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး တွေကြားမှာ တိုင်းရင်းသား ကိစ္စများ ညှိနှိုင်းပေးဖို့ အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတစ်ခု ဖွဲ့သင့်ကြောင့်လည်း အကြံပြုသွား ပါတယ်။

ဦးကျော်ဆန်းက ဆွေးနွေးရာမှာတော့ အခြားနိုင်ငံများရဲ့ ၀န်ကြီးဌာန ဖွဲ့စည်းပုံ အရေအတွက်တွေ၊ ၀န်ကြီးဌာနနဲ့ အလား တူ ဘုတ်အဖွဲ့များ၊ ကော်မရှင်များ ဖွဲ့စည်းထားတဲ့ဥပမာတွေကို ဖော်ပြပြီး ၃၄ ခုဟာ လက်ရှိ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ ပြောသွားပါတယ်။
ဦးသိန်းစိန်ကတော့ ဒေါက်တာမြတ်ဉာဏစိုးရဲ့ တင်ပြချက်အပေါ်ကျေးဇူးတင်တဲ့ အကြောင်း၊ ၀န်ကြီးဌာန ၃၄ ခု ဖွဲ့တာဟာ လည်း ပုံသေ မဟုတ်ကြောင်း၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်တဲ့အကြောင်း၊ တိုင်းရင်းသား ရေးရာအတွက် ကတော့ နယ်စပ်ရေးရာ ၀န်ကြီးဌာနရှိသလို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသား လူမျိုးစုရေးရာ ၀န်ကြီးများ ရှိပြီးဖြစ်လို့ မလိုအပ်ဟု ယူဆကြောင်း ရှင်းလင်းဖြေကြား သွားပါတယ်။
နောက်ထပ် ဒေါက်တာမြတ်ဉာဏစိုးက ဒီမိုကရေစီ နည်းကျ ဆွေးနွေးခွင့်ရတဲ့ အတွက်၊ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ပြန်လည် ဖြေကြားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနများကို အတည်ပြုပြီးတဲ့ အခါမှာ တာဝန်ယူမယ့် ၀န်ကြီးအမည်စာရင်းကို တင်သွင်းပါတယ်။ ၀န်ကြီးအရေ အတွက် သုံးဆယ်ရှိပြီး လက်ရှိအစိုးရ အဖွဲ့ထဲက ဦးအောင်သောင်း၊ ဦးသောင်း၊ ဦးလွန်းသီ၊ ဦးစိုးသာ၊ ဦးသိန်းအောင်၊ ဦးအုန်းမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးဌေးဦး၊ ဦးမောင်ဦး၊ ဒေါက်တာချမ်းငြိမ်း၊ ဒေါက်တာကျော်မြင့်၊ ဦးဉာဏ်ဝင်း စတဲ့သူတွေ ပြန်ပါမလာတော့ဘဲ ပြင်ပက ဦးတင့်ဆန်း၊ ဦးဝင်းမြင့်စတဲ့ လုပ်ငန်းရှင်များ၊ ဒေါက်တာမြအေး၊ ဒေါက်တာ ဖေသက်ခင် စတဲ့ လူသစ်များ ပါဝင်လာကြောင်း၊ ဒုဝန်ကြီး အတော်များများက ၀န်ကြီးဖြစ်လာကြောင်း သိရပါတယ်။ ဦးသိန်းစိန် ကတော့ ၀န်ကြီး လေးဦးက ၀န်ကြီးနှစ်ဌာနကို တွဲကိုင်မယ်လို့ ရှင်းပြ သွားပေမယ့် ဘယ်ဌာနတွေကို ပေါင်းမယ်ဆိုတာ ပြောမသွားပါဘူး။
အမည်စာရင်း တင်သွင်းထားတဲ့ ၀န်ကြီးများကို လက်ခံသင့်မသင့် ကိုတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဆွေးနွေး မယ်လို့ သိရပါတယ်။