xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရန် ဂျပန်၊မလေးရှား၊ဗီယက်နမ်တို့မှ ကမ်းလှမ်း

Wednesday, February 9, 2011

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရန် ဂျပန်၊မလေးရှား၊ဗီယက်နမ်တို့မှ ကမ်းလှမ်း

ကမ္ဘာ့ရော်ဘာ ဈေးကွက် မြင့်တက်မှုလာမှုနှင့်အတူ နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် မြေငှားရမ်း၍ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရန် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သတင်း ရရှိပါသည်။ ဗီယက်နမ်၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့မှ မြေငှားရမ်း စိုက်ပျိုးရန် ကမ်းလှမ်းထားခြင်း ဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ ဧက တစ်သိန်းအထိ စိုက်ပျိုးရန် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ အနေဖြင့် ရော်ဘာတန်ချိန် ၇၇၀၀၀၀ ထုတ်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တန်ချိန် ၇၆၀၀၀၀ နီးပါး ထုတ်လုပ်နိုင်ရန် လျာထားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှုတွင် အဆင့် ၅ နေရာ၌ ရပ်တည်နေသော နိုင်ငံ ဖြစ်သည်။
''ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာ့ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုမှာ အဆင့် ၅ နေရာမှာ ရှိတယ်။ မြန်မာမှာ စိုက်ဖို့ အခု ကမ်းလှမ်းထားတယ်။ ဧကတစ်သိန်းလောက် စိုက်ချင်တယ်လို့ သိရတယ်။ အဓိက အချက်ကတော့ ကမ္ဘာ့ရော်ဘာဈေး မြင့်တက်လာတာ ရယ် နှစ်စဉ် ရော်ဘာထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ သုံးစွဲနိုင်မှုက များလာနိုင်တဲ့ အတွက်ကြောင့်လို့ သုံးသပ်ရပါတယ်''ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှု၌ အဆင့် ၃ နေရာတွင် ရပ်တည်နေသော မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု အတွက် ကမ်းလှမ်းထားသည့် အနေအထားတွင်သာ ရှိသေးကြောင်းလည်း သိရသည်။


''ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှုရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မလေးရှားကတော့ ကမ်းလှမ်းထားပြီးတဲ့ အနေအထားပါ။ ဂျပန်လည်း ဒီလိုပါပဲ။ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှုဟာ ၂၀၁၀ မှာ တန်ချိန်ထောင်ပေါင်း ၁၀၂၄၉ ရှိတယ်၊ သုံးစွဲမှုနှုန်းကတော့ တန်ချိန်ထောင်ပေါင်း ၁၀၃၀၉ ဖြစ်တဲ့အတွက် သုံးစွဲမှုနဲ့ ထုတ်လုပ်မှုက မမျှဘူး။ အဲဒီအတွက် ရာသီဥတု နည်းနည်းဖောက်တာနဲ့ ဈေးက ထိုးတက်သလို သုံးစွဲမှု နည်းနည်းကလေး ပိုလိုက်တာနဲ့ ဈေးကတက်တော့တာပဲ။ အဲဒီအတွက် ရော်ဘာဘက်ကိုလည်း အာရုံစိုက်လာတယ် ပြောရမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်အတွင်းက ရော်ဘာ တန်ချိန် ၁၁၃၀၀၀ ထုတ်လုပ်ခဲ့ပြီး ပြည်ပသို့ တန်ချိန် ၇၇၇၉၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရော်ဘာတန်ချိန် ၁၂၄၅၀၀ ထုတ်ယူရန် လျာထားထားသည်ဟု လည်း သိရသည်။
ကမ္ဘာ့ရော်ဘာ ထုတ်လုပ်သည့် နိုင်ငံများထဲတွင် အာရှတိုက်မှာ ရော်ဘာထုတ်လုပ်မှု အမြင့်ဆုံး ဖြစ်ပြီး ၉၈ ရာခိုင်နှုန်းရှိနေကာ မြန်မာနိုင်ငံမှာ အာရှရော်ဘာ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများထဲတွင် အဆင့် ၈ နေရာ၌ ရပ်တည်လျက် ရှိသည်။
နှစ်အလိုက် အာရှနိုင်ငံများ၏ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု ပမာဏနှင့် ၂၀၁၁ တွင် ထုတ်လုပ်ရန် လျာထားသည့် ပမာဏ (တန်ချိန် ထောင်ပေါင်း)
အမည် ၂၀၀၉ ၂၀၁၀ ၂၀၁၁
ထိုင်း ၃၁၆၄ ၃၂၅၈ ၃၄၄၀
အင်ဒိုနီးရှား ၂၄၄၀ ၂၆၅၇ ၂၈၅၅
မလေးရှား ၈၅၆ ၉၈၀ ၁၁၁၁
အိန္ဒိယ ၈၂၁ ၈၅၉ ၉၁၆
ဗီယက်နမ် ၇၂၄ ၇၇၀ ၇၅၉
တရုတ် ၆၄၄ ၆၅၉ ၇၂၃
သီရိလင်္ကာ ၁၃၇ ၁၄၂ ၁၅၆
မြန်မာ ၁၁၂ ၁၁၃ ၁၃၁
ဖိလစ်ပိုင် ၉၈ ၁၀၁ ၁၀၆
ကမ္ဘောဒီးယား ၄၅ ၅၃ ၆၂
အခြားအာရှ ၃၀ ၃၄ ၄၁


Credit : Eleven Media