xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့မှု ရှင်းတမ်း ( ၃ )

Wednesday, February 16, 2011

ပိတ်ဆို့မှု ရှင်းတမ်း ( ၃ )


(ယမန်နေ့မှ အဆက်)
မြန်မာနိုင်ငံ အပေါ် အနောက်အုပ်စု၏ ပိတ်ဆို့မှုများသည် သာမန် မြန်မာလူထု အပေါ် ထိုက်သင့် သလောက် ထိခိုက်မှု ရှိခဲ့ကြောင်း၊ သို့သော် နိုင်ငံ စီးပွားရေး ဗုန်းဗုန်းလဲ မကျသွားဘဲ ပြန်လည် နာလန်ထူလာ ခဲ့သည်မှာ နိုင်ငံတော် အစိုးရနှင့် ပြည်သူ လူထု၏ ကျားကုတ်ကျားခဲ ကြိုးပမ်း အားထုတ်မှု၊ နိုင်ငံ၏ သယံဇာတ တောင့်တင်းမှု၊ ပတ်ဝန်းကျင် ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ဖွံ့ဖြိုးလာမှု တို့ကြောင့် ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ ပိတ်ဆို့မှုကြောင့် အနောက်အုပ်စုက မျှော်လင့်ထားသည့် ရည်မှန်းချက်များကို မည်မျှ ထိရောက်စွာ ဖော်ဆောင် နိုင်ခဲ့သည် ဟူသော ထိရောက်မှု အပိုင်းကို ဆွေးနွေး တင်ပြသွားလိုပါ၏။
အနောက် အုပ်စု၏ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု များသည် အဓိက အားဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ တိုးတက် ပြောင်းလဲမှုများကို ဖော်ဆောင် လာစေရန်နှင့် မြန်မာ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်သည်ဟု ဆိုပါသည်။ ဤကား ထုတ်ပြန်ကြေညာ ပြောဆိုလေ့ ရှိသော ရည်ရွယ်ချက်များ ဖြစ်ပါ၏။
သို့သော် နိုင်ငံခြားရေး ဝါဒတို့၏ ထုံးစံအတိုင်း နောက်ကွယ်မှ တိုးတိုးတိတ်တိတ် ရည်ရွယ်ချက်၊ ရည်မှန်းချက် များလည်း ရှိနိုင်ပါသည်။ ယင်း ရည်မှန်းချက် မှာလည်း နိုင်ငံကို ထိန်းမနိုင် သိမ်းမရ ချောက်ထဲသို့ ကျစေပြီးမှ လက်ရှိ မြန်မာ အစိုးရ၏ နေရာတွင် ၎င်းတို့ လိုလားသည့် နိုင်ငံရေး အင်အားစုကို အစားထိုး ပြောင်းလဲ စေလိုသည့် Regime Change မူဝါဒ ဖြစ်ဖွယ် ရှိကြောင်းမှာလည်း ''မပြေးသော် ကန်ရာရှိ'' ဆိုသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် နားလည် ထားကြသည့် ကိစ္စတစ်ရပ် ဖြစ်ပါသည်။
ဥပမာ အားဖြင့် ပိတ်ဆို့မှု လုပ်ရပ်များတွင် အဓိက ဦးစီးဦးဆောင် ဖြစ်နေသော အမေရိကန် အစိုးရ၏ မြန်မာ နိုင်ငံအား အဘက်ဘက်မှ လှုပ်မရအောင် နည်းလမ်း မျိုးစုံဖြင့် တမင် သက်သက် ထိုးနှက်ပိတ်ဆို့ ထိန်းချုပ်မှု များကို ကြည့်ပါက မြန်မာပြည်သူ တစ်ရပ်လုံးကို ဆင်းရဲခြင်း နွံတွင်း၌ အလူးလူး အလိမ့်လိမ့် ခေါင်း မဖော်နိုင်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်လွင်လှပါသည်။
အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီရေး အကြောင်း ပြချက်များဖြင့် တရားဝင် ပိတ်ဆို့မှုကို ၁၉၉၇ ခုနှစ်တွင် စတင် လုပ်ဆောင် ခဲ့ပါသည်။ ထိုစဉ်က ပိတ်ဆို့မှု ပြဋ္ဌာန်းရာတွင် ၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ် စီးပွားရေး အာဏာများ ဆိုင်ရာ အက်ဥပဒေ (The International Emergency Economic Powers Act of 1977-IEEPA) ကို အသုံးပြု၍ ပိတ်ဆို့ခဲ့ခြင်း ဖြစ်၏။ IEEPA ဥပဒေအရ အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် စီးပွားရေးကို ပုံမှန် မဟုတ်ဘဲ ထူးထူးကဲကဲ ခြိမ်းခြောက်မှု ရှိသည်ဟု အမေရိကန် သမ္မတက ယုံကြည် ဆုံးဖြတ်ပါက အမျိုးသား အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာပြီးလျှင် ထိုသို့ ခြိမ်းခြောက် လာသည့် နိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ် နိုင်သည်ဟု ဆိုသည်။
ယင်းဥပဒေ နှင့်အညီ ၁၉၉၇ ခုနှစ် မေလမှစ၍ သမ္မတ ဘီလ် ကလင်တန်မှ အစပြုသော အမေရိကန် သမ္မတ အဆက်ဆက်သည် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် မေလသို့ ရောက်လေတိုင်း အမျိုးသား အရေးပေါ် အခြေအနေကို ထုတ်ပြန်လျက် ''မြန်မာနိုင်ငံသည် အမေရိကန်၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် စီးပွားရေးကို 'ထူးထူး ခြားခြား' ထိခိုက်အောင် ခြိမ်းခြောက် နေပါသည်'' ဟု ဆိုကာ ပိတ်ဆို့မှုများကို ဆက်လက် လုပ်ဆောင် နေခဲ့ရာ လက်ရှိ သမ္မတ မစ္စတာ အိုဘားမား လက်ထက်သို့ တိုင်ပင် ဖြစ်ပါ၏။
ဤနေရာ၌ စဉ်းစားမိသည်မှာ ''မည်သူက မည်သူ၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံခြားရေးနှင့် စီးပွားရေးကို ထူးထူးခြားခြား ခြိမ်းခြောက် ခဲ့ပါသနည်း'' ဟူသော ကိစ္စဖြစ်ပါ၏။
သာမန် လူတို့၏ အမြင်ဖြင့်ပင် နှစ်နိုင်ငံ အကြား အင်အား နှိုင်းယှဉ် ကြည့်ပါက လူဦးရေ သန်း ၅ဝ ကျော်သာရှိ၍ စီးပွားရေး အရလည်း ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်း၌ ပါဝင်ဆဲဖြစ်သော မြန်မာ နိုင်ငံသည် လူဦးရေ သန်း ၃ဝဝ ရှိကာ ကမ္ဘာပေါ်၌ စီးပွားရေး အင်အား အတောင့်တင်းဆုံး၊ စစ်ရေး အရလည်း ကမ္ဘာ့ ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်း၏ ထက်ဝက်ကို တစ်နိုင်ငံတည်း သုံးစွဲ ပိုင်ဆိုင် ထားသည့် မဟာ အင်အားကြီး အမေရိကန် နိုင်ငံကို မည်သို့မည်ပုံ ထူးထူးခြားခြား ခြိမ်းခြောက် နေသည်ဟု ဆိုနိုင်ပါသနည်း။
လက်တွေ့၌မူ မြန်မာနိုင်ငံတွင် ၁၉၈၈ ခု အရေးအခင်း ကာလအတွင်း မြန်မာပိုင်နက် ပင်လယ်ပြင် အစပ်၌ လေယာဉ်တင် သင်္ဘော အုပ်စုကြီး တစ်စုဖြင့် ရောက်ရှိ စောင့်ဆိုင်းနေကာ လိုအပ်လျှင် ကမ်းတက် စစ်ဆင်နိုင်ရေး အတွက် ကမ်းထိုး ရေယာဉ်များ အတင်အချ လေ့ကျင့် နေသည်မှာ အမေရိကန်သာ ဖြစ်ပါ၏။
၂ဝဝ၈ ခုနှစ် မေလဆန်းတွင် ဂြိုဟ်တု သတင်းများ မှတစ်ဆင့် မြန်မာနိုင်ငံသို့ အင်အား အလွန် ပြင်းထန်သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြီး ဦးတည် ဝင်ရောက် လာနေသည်၊ ထိုမုန်တိုင်းကြီးကြောင့် မြန်မာပြည်သူ အများအပြား သေကျေ ပျက်စီး ဒုက္ခကြီး ရင်ဆိုင် ရတော့မည်ကို သိပါလျက် မြန်မာနိုင်ငံသည် အမေရိကန် လုံခြုံရေး၊ စီးပွားရေးကို ထူးထူးခြားခြား ခြိမ်းခြောက် နေပါသည်ဟု ဆိုကာ ပိတ်ဆို့မှု အမိန့်ကို ထပ်မံ လက်မှတ်ရေးထိုး ခဲ့သည်မှာလည်း အမေရိကန် သမ္မတကြီး တစ်ဦးပင် ဖြစ်ပါ၏။
ထိုသို့ ပိတ်ဆို့ခဲ့မှုကြောင့် အမေရိကန် နိုင်ငံ အတွင်းရှိ လူမှုရေး ပရဟိတ NGO များ အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်၍ ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရန် မဖြစ်နိုင် လောက်အောင် ခက်ခဲ သွားစေခဲ့သည်။ သို့သော် တစ်ဖက်တွင်မူ မြန်မာနိုင်ငံ၏ လေမုန်တိုင်း ဒဏ်သင့် ဒေသများ၌ ကယ်ဆယ် ကူညီရေးအတွက် မြန်မာ့ရေပြင် အတွင်းသို့ အမေရိကန် စစ်သင်္ဘောများ ဝင်ခွင့် မပေးရ ကောင်းလားဟု ဆိုကာ မြန်မာ အစိုးရကို အကြီးအကျယ် အပြစ် တင်ခဲ့သည်။
သို့သော် အမေရိကန် ပြည်တွင်း၌ အထိအနာဆုံး ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းဒဏ်သင့် ကာလ၌ပင် ရုရှား ရေတပ်၏ အကူအညီနှင့် ကျူးဘား နိုင်ငံ၏ အကူအညီ ကမ်းလှမ်းချက်ကို လက်မခံခဲ့သည့် အပြင် မိမိ၏ ရေတပ် အင်အားကိုပင် အသုံး မပြုခဲ့သော အမေရိကန် အစိုးရသည် ၎င်းတို့၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် နေပါသည်ဟု ဆိုသည့် မြန်မာ နိုင်ငံ၏ ရေဘေး ကာလတွင် ကျမှ 'ကစ်တီဟော့ခ်' လေယာဉ်တင် စစ်သင်္ဘောကြီး အပါအဝင် လေယာဉ်တင် စစ်သင်္ဘောကြီး နှစ်စင်းကို ဖျက်သင်္ဘော၊ တိုက်သင်္ဘောများ ခြံရံလျက် မြန်မာ့ကမ်းရိုးတန်း ရေပြင် အတွင်းသို့ အတင်း ဝင်ရောက် 'ကူညီ' လိုခြင်းမှာ မည်သို့သော 'စေတနာ' ဖြစ်ပါသနည်း။ ထိုကာလကျမှ 'R2P' ခေါ် ''Right to Protect'' ဒုက္ခ ရောက်နေသူများကို လူမှုရေးအရ 'အတင်းဝင်ရောက်' ကာကွယ်ခွင့် ရှိသည်ဟု ကျယ်ကျယ်လောင်လောင် ပြောလာ ကြခြင်းမှာ မည်သည့် ရည်ရွယ်ချက် ဖြစ်ပါသနည်း။
ထို့ကြောင့်လည်း စင်စစ်အားဖြင့် IEEPA ဥပဒေဖြင့် အရေးပေါ် ဥပဒေဖြင့် အခြေအနေ ကြေညာသူနှင့် ကြေညာခြင်း ခံရသူ နိုင်ငံ နှစ်နိုင်ငံမှာ နေရာချင်းများ လွဲနေရော့ လေသလား ဟုသာ ရိုးရိုးသားသား ထင်မိပါသည်။
ထပ်မံ၍ စဉ်းစားကြည့်မည် ဆိုလျှင် မြန်မာနိုင်ငံသည် မင်းတုန်း မင်းတရားကြီး လက်ထက် ၁၈၅၇ ခုနှစ်တွင် ''၂ တိုင်း ၂ ပြည် ရာဇမဟာ မိတ်ဖြစ်ကြရလျှင် သားတော်အစဉ်၊ မြေးတော် အဆက်၊ မြစ်တော်အညွန့် အဓွန့်ရှည်စွာ ကုန်သည်၊ ဆင်းရဲသား၊ ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ အမရိကံ မင်းထံ မဟာမိတ် ဖြစ်ကြရအောင်'' ချစ်ကြည်ရေး သဝဏ်လွှာ ပို့ကာ နှစ်နိုင်ငံ တရားဝင် ဆက်ဆံရေး စတင် ခဲ့ချိန်မှစ၍ အမေရိကန် နိုင်ငံဘက်သို့ လှည့်၍ အပ်တိုတစ်ချောင်း ဖြင့်ပင် ချိန်ရွယ်ဖူးသည် ဟူ၍ မရှိခဲ့။ အမေရိကန် အစိုးရကသာ ၁၉၅ဝ ပြည့်လွန် နှစ်များတွင် မြန်မာနိုင်ငံ အတွင်း ဝင်ရောက် ကျူးကျော်လာသည့် ကူမင်တန် တရုတ်ဖြူ တပ်များအား ပြောင်ပြောင်တင်းတင်း အားပေး ကူညီခဲ့သည်။ အမေရိကန် လေကြောင်းလိုင်း အမည်ခံ စီအိုင်အေပိုင် စစ်သုံးကုန်တင် လေယာဉ်ကြီးနှင့် မြန်မာ့ တပ်မတော် (လေ)မှ ကြားဖြတ် တိုက်လေယာဉ်တို့ အရှေ့တောင် အာရှတွင် စစ်ပြီးခေတ်၌ ပထမဆုံးနှင့် တစ်ခုတည်းသော လေကြောင်းတိုက်ပွဲ ဖြစ်ပွားကာ ရန်သူလေယာဉ်ကို ပစ်ချနိုင်ခဲ့ သကဲ့သို့ မြန်မာဘက်မှ လေသူရဲ ဗိုလ်ပီတာလည်း နိုင်ငံအတွက် အသက် ပေးလှူခဲ့ရသည်။ သို့ရာတွင် မြန်မာအစိုးရ အနေဖြင့် ''ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေ'' ဟူသော သဘောထား ဖြင့်သာ ဘက်မလိုက် မူဝါဒဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံခဲ့ သကဲ့သို့ အမေရိကန်နိုင်ငံ နှင့်လည်း ပုံမှန် ဆက်ဆံရေး ထားရှိခဲ့သည်သာ ဖြစ်ပါ၏။ သို့ပါလျက် အမေရိကန်နှင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ စစ်ပွဲကြီး ဖြစ်ပွားခဲ့သော ဗီယက်နမ် နိုင်ငံနှင့် လည်းကောင်း၊ ၂ဝဝ၁ခုနှစ် ၉/၁၁ အကြမ်းဖက် လုပ်ရပ်တွင် အမေရိကန်ရှိ အရေးပါသော အဆောက် အအုံကြီးများကို အပိုင်စီး ထားသော လေယာဉ်များဖြင့် အသေခံ ထိုးချ တိုက်ခိုက်ကာ အမေရိကန် ပြည်သူပေါင်း သုံးထောင်ကျော် သေကျေ ပျက်စီးအောင် တိုက်ခိုက်ရာ၌ တိုက်ခိုက်သူ အကြမ်းဖက် သမားများတွင် အများစု ပါဝင်သည့် ဆော်ဒီ အာရေဗျ နိုင်ငံနှင့် လည်းကောင်း ချစ်ခင် ရင်းနှီးစွာ မဟာမိတ်ဖွဲ့ ဆက်ဆံနိုင်ပါ သော်လည်း အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ထိပါးအောင် လုပ်နိုင် စွမ်းလည်းမရှိ၊ လုပ်ဖူးသည့် ရာဇဝင်လည်း မရှိ၊ လုပ်ရန်လည်း ရည်ရွယ်ချက် မရှိသည့် မြန်မာနိုင်ငံကို အဘယ်ကြောင့် ထူးခြားသော လုံခြုံရေး ခြိမ်းခြောက်မှု တစ်ရပ်ဟု ထပ်ပြန်တလဲလဲ သတ်မှတ်နေသနည်း ဆိုသည်မှာမူ သာမန်လူ ရိုးရိုးတို့၏ ဦးနှောက်ဖြင့် စဉ်းစား၍ နားမလည် နိုင်အောင် ရှိရပါသည်။
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ထုတ်၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈)မှ ဆောင်းပါးရှင် ရန်ကြီးအောင်၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
Credit : ကျေးစေတမန်