xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD

Monday, February 14, 2011

ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD

(၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ရန်ကြီးအောင်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောထား အပေါ် အစိုးရဘက်က ပထမဆုံး တုန့်ပြန်ချက်လို့ ဆိုနိုင်ပါတယ်။ )

မြန်မာနိုင်ငံ အပေါ် အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့သည်ကို တွေ့ရသည်။ အင်္ဂလိပ် ဘာသာဖြင့် လေးမျက်နှာ၊ မြန်မာ ဘာသာဖြင့် ခြောက်မျက်နှာ ရှိပြီး မြန်မာ ဘာသာဖြင့် ထုတ်ပြန်ချက်မှာ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ချက်ကို မြန်မာလို ပြန်ဆိုထားခြင်း ဖြစ်ဟန်တူသည်။ အကြောင်းမှာ မြန်မာ ဘာသာဖြင့် ထုတ်ပြန် ကြေညာချက်၌ ဖတ်ရှု၍ အဆင်မပြေ၊ ထောင့်၍နေသော ဝါကျများသည် အင်္ဂလိပ် ဘာသာ ကြေညာချက်၌ အောက်စဖို့ တက္ကသိုလ်ထွက် အင်္ဂလိပ် လူမျိုးတစ်ဦး ရေးသား ထားဘိသည့် အလား ချောမွေ့ပြေပြစ် လှသောကြောင့် ဖြစ်၏။ ထို့အပြင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ထား သည့် ကြေညာချက်တွင် ပါရှိသော စာကြောင်းအချို့မှာ မြန်မာ ဘာသာဖြင့် ထုတ်ပြန်ရာ၌ ကျန်နေခဲ့သည်ကို တွေ့ရသည်။ (ဥပမာ - အင်္ဂလိပ် ဘာသာဖြင့် ကြေညာချက် စာမျက်နှာ သုံး၏ ဆဋ္ဌမမြောက် စာပိုဒ်၌ “The Participation of a broad spectrum of political forces is essential to the achievement of national reconciliation in Burma” ဟူသော စာကြောင်းမှာ မြန်မာဘာသာ ကြေညာချက်၌ ပါမလာခဲ့ပေ။)

သို့ဖြစ်ရာ ဤထုတ်ပြန် ကြေညာချက်သည် မြန်မာအစိုးရကို တောင်းဆိုခြင်း ဖြစ်သည်ဟု ရေးသားထား သော်ငြားလည်း အင်္ဂလိပ်စာကို အသုံးပြုသည့် နိုင်ငံ/အဖွဲ့အစည်း များကို ဦးတည် ရည်ရွယ်ထားပုံ ရပေ၏။ ထို့အပြင် အမေရိကန် အစိုးရ က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက် ထားရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကြာမီ ဤထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်းက အချိန်ကိုက်စွာ အတိုင်အဖောက် ညီနေမှုကို ပေါ်လွင်နေစေသည်။

မည်သို့ပင် ဖြစ်စေ NLD ၏ ထုတ်ပြန် ကြေညာချက်သည် များစွာ စိတ်ဝင်စားဖွယ် ကောင်းပေ၏။ ဒေါ်စုကြည် လွတ်လပ်စွာ သွားလာ နေထိုင်ခွင့် ရခဲ့ပြီးနောက် မကြာမြင့်မီ မှာပင် စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် လေ့လာမည် ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည့် အတွက် မြန်မာပြည်သူများ အနေဖြင့် မိမိတို့အပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများ အဆုံးသတ် လေတော့မည် လောဟူသော မျှော်လင့်ချက် များဖြင့် စိတ်အား ထက်သန်စွာ စောင့်ကြည့်နေခဲ့ ကြလေ သည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာဆီယံ နိုင်ငံများက လည်းကောင်း၊ ပြည်တွင်းရှိ တရားဝင် နိုင်ငံရေး ပါတီများက လည်းကောင်း၊ အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်း ဖယ်ရှားပေးရန် တောင်းဆို လာခဲ့ကြရာ မြန်မာ့ နိုင်ငံရေး ခေတ်ပြောင်း စနစ်ပြောင်း ကာလ၌ မြန်မာပြည်သူ တို့၏ မျှော်လင့်ချက်များမှာ ပို၍ပင် ကြီးမားလာခဲ့သည်။

သို့ရာတွင် နေပူကျဲကျဲ ကွင်းပြင်ထဲမှ အားခဲ၍ အပြေးလာသူကို အရိပ်သို့ မရောက်မီကလေး၌ ရင်ဝကို ခြေစုံကန် ခံလိုက်ရ သကဲ့သို့ အတိုင်အဖောက် ညီလှသော အမေရိကန် အစိုးရ၏ ပြောကြားချက်နှင့် NLD ၏ ထုတ်ပြန် ကြေညာချက်တို့က မြန်မာ ပြည်သူတို့၏ မျှော်လင့်ချက်များကို “ခဲလေသမျှ သဲရေကျ” ဖြစ်သွားရစေ လေတော့သည်။

NLD၏ ထုတ်ပြန် ကြေညာချက်ကို အနှစ်ချုပ် လိုက်ပါက “မြန်မာလူထု၏ စီးပွားရေး အကျပ်အတည်းသည် ပိတ်ဆို့မှုကြောင့် မဟုတ်၊ စီပွားရေး ပိတ်ဆို့မှုကြောင့် အခြေခံ လူတန်းစားများ အပေါ် ထိခိုက်မှုမရှိ။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ၏ တောင်းဆိုမှုသည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တောင်းဆို နေခြင်းသာ ဖြစ်သည်။ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှု များသည် ငွေမည်းမှ ငွေဖြူ ပြုလုပ်မှုကို အထိုက်အလျောက် တားဆီး နိုင်သည်။ သဘာဝ သယံဇာတ ရောင်းရငွေကို မသမာသော နည်းဖြင့် ထုတ်မသုံး နိုင်အောင် ကာကွယ် ပေးနိုင်သည်။ အနောက်အုပ်စုက ပိတ်ဆို့မှုပြု လုပ်ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ဒီမိုကရေစီ ကျင့်စဉ်များ ကင်းမဲ့မှုကြောင့် ဖြစ်၍ ပိတ်ဆို့မှုများ ဖယ်ရှားစေရန်မှာ မြန်မာအစိုးရက လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည်။ ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်းချက် များကို မည်သည့် အချိန်၊ မည်သည့် အခြေအနေ၌ မည်သို့မည်ပုံ ပြုပြင်မွမ်းမံ နိုင်မည်ကို ညှိနှိုင်း ဆွေးနွေးရန် အမေရိကန်နှင့် အနောက် နိုင်ငံများကို NLD က တောင်းဆိုသည်” ဟူ၍ ဖြစ်သည်။

ထုတ်ပြန် ကြေညာချက် တစ်ခုလုံးကို ခြုံ၍နားလည် မိသည်မှာ “ဤပိတ်ဆို့မှု များကို အနောက်နိုင်ငံ များက သူတို့ သဘောနှင့် သူတို့ ချမှတ်ခဲ့ခြင်းသာ ဖြစ်သည်။ NLDနှင့်မဆိုင်၊ ဒေါ်စုကြည် နှင့်လည်း မဆိုင်၊ ပိတ်ဆို့မှုများ ဖယ်ရှားလိုလျှင် အနောက်နိုင်ငံများ ပြောသည့် အတိုင်း လိုက်နာ၍ ပြုပြင် ပြောင်းလဲပါ။ ပိတ်ဆို့မှုများ လျှော့ပေါ့ရန်၊ တိုးမြှင့်ရန်၊ ပြောင်းလဲရန် ကိုမူ အနောက် နိုင်ငံများက NLD နှင့် ဆွေးနွေးပါ” ဟုပြောလိုရင်း ဖြစ်သည် ထင်ပါသည်။ ဤအချက်များမှာ စီးပွားရေး ပိတ်ဆို့မှု အပေါ် NLD၏ အမြင် အကျဉ်းချုပ်မှ ထုတ်နှုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

ဤကြေညာချက်နှင့် ပတ်သက်၍ နိုင်ငံခြားမှ လေ့လာသူ အချို့က အခြေခံ ဥပဒေဘောင် ပြင်ပ၌ ရောက်နေသော NLD နှင့် ဒေါ်စုကြည်သည် စီးပွားရေး ပိတ်ဆို့မှုကို နိုင်ဖဲတစ်ချပ် အနေဖြင့် ကိုင်ထားကာ နိုင်ငံရေး ကျားကွက်ရွှေ့ခြင်း ဖြစ်သည် ဟု သုံးသပ် ကြသည်။

မည်သို့ပင် ဖြစ်စေ NLD က ထုတ်ပြန်ခဲ့သော ဤကြေညာချက်မှာ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ ဆိုင်ရာ ကိန်းဂဏန်း များကို ကိုးကား ဖော်ပြခြင်း ဖြစ်၍ ယင်းကြေညာချက်ကို အသေးစိတ် လေ့လာ ဆန်းစစ်သွားရန် လိုမည် ထင်ပါသည်။

ယခု ဆောင်းပါးတွင်မူ NLD ၏ အမြင် အကျဉ်းချုပ်၌ ရှေးဦး ဖော်ပြခဲ့သော ပိတ်ဆို့မှု များသည် “ မြန်မာနိုင်ငံရှိ မည်သည့် နိုင်ငံရေး ပါတီ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် တစ်ဦးယောက်၏ တောင်းဆိုချက်ကြောင့် ချမှတ်ခဲ့ရသည် မဟုတ်” ဟူသော အချက်နှင့် ပတ်သက်၍ ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD တို့ သဘောထားများ ဖြစ်ပေါ် ပြောင်းလဲလာမှုကို ဦးစွာ လေ့လာ ဖော်ပြ လိုပါသည်။ သို့မှသာ ယခု ထုတ်ပြန် ကြေညာချက် အထိ ဖြစ်ပေါ်လာသည့် အခင်းအကျင်းကို အခြေခံ ကျကျ နားလည် နိုင်ပါလိမ့်မည်။

ပထမဦးစွာ တင်ပြလိုသည့် အချက်မှာ ၁၉၈၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ ဒေါ်စုကြည်သည် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်မူ မည်သည့် နိုင်ငံကိုမျှ ပိတ်ဆို့မှုပြုရန် မိမိတို့ တောင်းဆိုခဲ့ခြင်း မရှိပါဟု ပြောင်းလဲ ပြောကြား ငြင်းဆိုခဲ့ခြင်း ဖြစ်၏။

သို့သော် မြန်မာစကား ကောင်းစွာ တတ်ကျွမ်းပြီး ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် မစ္စတာ ချိန်ရွေ့ရှိန် (Mr.Cheng Ruisheng) ရေးသားသော Handing Relation with Myanmar in a Chinese Way ဆိုသည့် ဆောင်းပါးတွင် “၁၉၈၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က သူမအနေဖြင့် ဗိုလ်ချုပ်ကြီး စောမောင်နှင့် တွေ့ဆုံခွင့် ရရေး တောင်းဆိုထားရာ တွေ့ဆုံခွင့် မရ သေးကြောင်း၊ သို့ပါ၍ တွေ့ဆုံခွင့် ရနိုင်ရေး သံအမတ်ကြီးက တိုက်တွန်း ဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့ပြင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်နေမှုများ ကိုလည်း ရပ်ဆိုင်း ပေးစေလိုကြောင်း တို့ကို ပြောကြားခဲ့ကြောင်း” ရေးသား ထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ဒေါ်စုကြည် မြန်မာ အစိုးရအား စီးပွားရေးနှင့် ကုန်သွယ်ရေး အရ ပိတ်ဆို့ သပိတ်မှောက်ကြရန် နိုင်ငံခြား အစိုးရ များအား တောင်းဆို ခဲ့ခြင်းကို ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် ဗန်ကောက်ပို့စ် သတင်းစာတွင် “Aung San Suu Kyi Calls for trade boycott” ဟူသော ခေါင်းစဉ် စာလုံးမည်းကြီးဖြင့် ထင်ရှားစွာ ဖော်ပြခဲ့ပါသည်။

ယင်းသတင်း၌ ဒေါ်စုကြည်သည် ထိုစဉ်က သြစတြေးလျနှင့် ဂျပန်နိုင်ငံ တို့အား မြန်မာ အစိုးရနှင့် ဆက်ဆံရေး ထူထောင်ရ ကောင်းလားဟု ဆိုကာ ပြစ်တင် မောင်းမဲမှုများ ကိုလည်း ဖော်ပြထားသည်။ ထိုအချိန်က သြစတြေးလျ နိုင်ငံသည် မန္တလေး၌ နို့ချက် စီမံကိန်း တစ်ခု တည်ဆောက်ရေး အတွက် အကူအညီပေးရန် ဆောင်ရွက်ခဲ့ရာ ဒေါ်စုကြည်က “သြစတြေးလျ တွေဟာ စစ်အစိုးရနဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ဖို့ လောကြီး လွန်းလှတယ်” ဟူ၍ ဝေဖန်ခဲ့ပြီး “ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲက မြန်မာအစိုးရနဲ့ စီးပွားရေး ဆက်ဆံမှုလုပ်တဲ့ နိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေကြောင်း ပြလိုက်တာပဲ” ဟူ၍ အပြစ်တင်ခဲ့သည်။

ဂျပန်နိုင်ငံကို အပြစ် တင်ရာ၌မူ သြစတြေးလျထက် ပို၍ ပြင်းထန်သည်ဟု ဆိုနိုင်သည်။ “ဂျပန်တွေဟာ လူ့အခွင့် အရေးထက် စီးပွားရေးကို ပိုအလေးထား သင့်တယ်လို့ စဉ်းစားနေတာဟာ အတော်ကြီးကို သနားဖို့ ကောင်းတယ်လို့ ကျွန်မ အမြဲတမ်း ပြောခဲ့တယ်။ ဂျပန်လို ချမ်းသာတဲ့ နိုင်ငံမျိုးဟာ မြန်မာနိုင်ငံမှာ လ အနည်းငယ်လောက် ရှာလိုက်လို့ ရနိုင်တဲ့ အမြတ်အစွန်း နှစ်ပြားတစ်ပဲ လောက်ကို မက်နေဖို့ မလိုပါဘူး” ဟု ပြောဆိုခဲ့ကြောင်း ထိုသတင်း၌ ဖော်ပြခဲ့သည်။

ဒေါ်စုကြည်၏ ပြစ်တင် မောင်းမဲမှုကြောင့် ထိုစဉ်ကာလ တစ်ဝိုက်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အခြေခံ ပညာ မူလတန်း ကျောင်းများ တည်ဆောက်ပေးမည့် အစီအစဉ် အပါအဝင် အကူအညီ အထောက်အပံ့များ ရပ်ဆိုင်းသွား ခဲ့ရသည်ကို မှတ်မိ ပါသေးသည်။ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၌ “တွေ့ဆုံ ဆွေးနွေးရေးနှင့် အလုံးစုံ ပျက်သုဉ်းရေး ကြိုက်တာ ကိုရွေး” ဟူ၍ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင်လည်း ဒေါ်စုကြည်က နိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီး များကို မြန်မာနိုင်ငံ၌ ဒီမိုကရေစီ မရမချင်း ရင်းနှီး မြှုပ်နှံမှု မပြုကြဖို့ တိုက်တွန်းခဲ့သေးသည်။

၂၀၀၁ ခုနှစ်သို့ ရောက်သောအခါ ဒေါ်စုကြည်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဲ့သို့သော စီးပွားရေး ပိတ်ဆို့မှု များကို သာမက လူသားချင်း စာနာမှု အကူအညီ များကိုပါ ပိတ်ပင် တားမြစ်ရန် တောင်းဆို လာခဲ့သည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လထုတ် “Prospect” မဂ္ဂဇင်း ဆောင်းပါး တစ်ပုဒ်တွင် အောက်ပါအတိုင်း ပါရှိခဲ့သည် -

“စုကြည်သည် မြန်မာနိုင်ငံ၌ လာရောက် အခြေစိုက် နေသော NGO အဖွဲ့အစည်းများ အထိ ပါဝင်လာအောင် သူမ၏ ပိတ်ဆို့ရေး တောင်းဆိုမှု နယ်ပယ်ကို တိုးချဲ့လာခဲ့သည်။ ယင်းအဖွဲ့များသည် စစ်အစိုးရကို သက်ဆိုးရှည်အောင် လုပ်ပေးနေသည်” ဟု သူမက စွပ်စွဲခဲ့သည်။ “အကူအညီ မပေးနဲ့၊ ကုန်မသွယ်နဲ့၊ ရင်းနှီးမြှုပ်နှံမှု မလုပ်နဲ့” ဟူသော စကားလုံးသည် ကြွေးကြော်သံ အသစ် ဖြစ်လာသည်။ နိုင်ငံတကာ ပရဟိတ ဝန်ထမ်း တစ်ဦးက သူ၏ လက်အောက်မှ မြန်မာလူမျိုး ဝန်ထမ်းအချို့ စုကြည်ထံ ဖမ်းဆီးခံရမည့် အန္တရာယ်ကြားမှ အရဲစွန်၍ သွားရောက် တွေ့ဆုံခဲ့ပုံကို ကျွန်ုပ်တို့အား ပြန်လည် ပြောပြသည်။ ထိုသို့ တွေ့ဆုံရာ၌ ဒေါ်စုကြည်က ယင်းတို့ကို စစ်အစိုးရ လက်ကိုင်တုတ် တွေဟု စွပ်စွဲကြိမ်းမောင်း လိုက်သဖြင့် မျက်ရည်များပင် ကျခဲ့ရသည်ဟု ဆိုသည်။ အခြား INGO အဖွဲ့အစည်း တစ်ခုကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် HIV ကာကွယ် တားဆီးရေး စီမံချက်တစ်ခု ညှိနှိုင်း လုပ်ဆောင်နေသည့် ကာလအတွင်း နိုင်ငံစုံ သံတမန်များ အကြား၌ ဒေါ်စုကြည်က ယင်းတို့ကို အရှက်တကွဲ အကျိုးနည်း ဖြစ်လောက်အောင် အော်ဟစ်ဆူပူ ကြိမ်းမောင်းခြင်း ခံခဲ့ရကြောင်း ပြောပြခဲ့ဖူးသည်။ နောက်တစ်နှစ်တွင် အမ်စတာဒမ်၌ ကျင်းပသည့် အကူအညီ ပေးရေး ဆိုင်ရာ ညီလာခံ တစ်ခု၌ ထင်ရှားသော အဖွဲ့အစည်း တစ်ခုမှ ကိုယ်စားလှယ်က “ဒေါ်စုကြည် ထိန်းသိမ်း ခံနေရတဲ့ အချိန်တွေ ကမှ INGO တွေ အတွက် လုပ်ရ ကိုင်ရတာ ပို အဆင်ပြေ သေးတယ်” ဟု စိတ်မကောင်းစွာဖြင့် မှတ်ချက် ပြုခဲ့ကြောင်း မှတ်တမ်း တင်ထားသည်ဟု ဆို၏။

သို့ရာတွင် ၂၀၀၂ ခုနှစ် မေလ ၅ ရက်နေ့၌ တားဆီးမိန့် ရုပ်သိမ်း ပေးလိုက်ပြီးနောက် မေလ ၆ ရက်နေ့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌မူ ဒေါ်စုကြည်က "မိမိတို့ အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်ရန် မည်သည့် နိုင်ငံကိုမျှ တောင်းဆိုခဲ့ခြင်း မရှိကြောင်း" ပြောကြား သွားခဲ့သည်ကို တွေ့ရသည်။ ယင်းမှာ ပိတ်ဆို့မှုနှင့် ပတ်သက်၍ ဒေါ်စုကြည်၏ ထုတ်ဖော် ပြောဆိုမှုတွင် ထူးခြားသော အပြောင်းအလဲ တစ်ရပ်ဖြစ်သည်။

ထိုနောက်ပိုင်း မှစ၍ ဒေါ်စုကြည်နှင့် NLD တို့၏ ပိတ်ဆို့မှုနှင့် ပတ်သက်သည့် မူဝါဒမှ "ပိတ်ဆို့မှုကို မိမိတို့ တောင်းဆိုခဲ့ခြင်း မရှိခဲ့၊ သို့သော် ပိတ်ဆို့မှု အပေါ် ထောက်ခံခြင်းကို ရုပ်သိမ်းမည် မဟုတ်" ဟူ၍ ဖြစ်၏။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် နိုင်ငံတော် အစိုးရက ကြေညာချက် အမှတ် (၁/၂၀၀၇) ကို ထုတ်ပြန်၍ ဒေါ်စုကြည် အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရေး အလုံးစုံ ပျက်သုဉ်းရေးနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပိတ်ဆို့မှု အားလုံး ချမှတ်ရေး စွဲကိုင်ထားမှု များကို စွန့်လွှတ်ကြောင်း ကြေညာမည် ဆိုလျှင် နိုင်ငံတော် အကြီးအကဲက ဒေါ်စုကြည်နှင့် တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။

ယင်း ကြေညာချက်နှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့တွင် NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက "ဒေါ်စုကြည် ဘယ်သော အခါကမျှ မကျူးလွန်ခဲ့သော ပြစ်မှုများကို စစ်အစိုးရက ဝန်ခံ ခိုင်းနေသည်" ဟု သတင်းဌာန များအား ပြောကြား ခဲ့သည်။

ဒေါ်စုကြည်သည် ပိတ်ဆို့မှုများကို ချမှတ်စေရန် နိုင်ငံခြား အစိုးရများအား အမိန့်ပေးနိုင်ခြင်း မရှိသည်ကား အမှန်ပင် ဖြစ်ပါ၏။ သို့ရာတွင် ထိုသို့ ပိတ်ဆို့ရန် စိတ်အား ထက်သန်စွာ တောင်းဆိုမှုများ ရှိခဲ့သည်မှာကား မည်သို့မျှ ငြင်းနိုင်ဖွယ် မရှိပေ။

အခြား တစ်ဖက်၌လည်း ဒေါ်စုကြည်ကို မြန်မာ့ ဒီမိုကရေစီ၏ အထိမ်းအမှတ် သဖွယ် သတ်မှတ်ထားသော အနောက်နိုင်ငံ အစိုးရများ အတွက် ပိတ်ဆို့မှုနှင့် ပတ်သက်၍ ဒေါ်စုကြည်၏ သဘောထား သည်သာ အလိုအလျောက် ယင်းတို့၏ မူဝါဒ ဖြစ်ခဲ့ ရသည်။

ထို့ကြောင့် အနောက်နိုင်ငံ အစိုးရတို့၏ ပိတ်ဆို့မှု မူဝါဒ၌ ဒေါ်စုကြည်နှင့် NLD တို့၏ ပယောဂ မပါဟု လုံးလုံး ဆိုနိုင်ဖွယ် မရှိပေ။ ပိတ်ဆို့မှုများ ဖယ်ရှားရေး မဆိုထားဘိ၊ ပြုပြင် မွမ်းမံမှု ပြုလုပ်ရေးကိုပင် ၄င်းတို့နှင့် တိုင်ပင် ဆွေးနွေးပါဟု NLD က တောင်းဆို လိုက်သည်မှာ ယင်းတို့ အာဏာ မရမချင်း ပိတ်ဆို့ရေး လက်နက်ကို မလွှတ်တမ်း ဆက်လက် စွဲကိုင်ထားမည် ဟူသည့် ယင်းတို့၏ ခေါင်းမာမှုကို ပြသလိုက်ခြင်းသာ ဖြစ်ပေသည်။

သို့သော် ယနေ့ မြန်မာနိုင်ငံ၌ ယင်းတို့ လိုလားပါသည် ဆိုသည့် ဒီမိုကရေစီသို့ ဦးတည်သော ခေတ်သစ်၊ စနစ်သစ်၊ နိုင်ငံရေး အခင်းအကျင်း သစ်များ ထင်ထင်ရှားရှား ဖြစ်ပေါ်နေပြီ ဖြစ်သည်ကို ဒေါ်စုကြည်နှင့် NLDတို့က သိလျှက်နှင့် ဖြစ်စေ၊ မသိစိတ်က လက်မခံနိုင်၍ ဖြစ်စေ မျက်စိမှတ်ကာ အတင်း အဓမ္မ ခြေစုံကန် ငြင်းဆန်ပြီး လမ်းလွှဲ လိုက်နေဦးမည် ဆိုလျှင် သမိုင်း၏ ဂိတ်ဆုံးသို့ ဦးတည် သွားဖွယ်သာ ရှိကြောင်း ထောက်ပြ သတိပေးရင်း ပြည်သူ တစ်ရပ်လုံးနှင့် နိုင်ငံ တစ်နိုင်ငံလုံး၏ အကျိုးစီးပွား အတွက် ပြည်သူတို့ နှင့်အတူ ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရာ၌ စိတ်ကောင်း စေတနာဖြင့် လက်တွဲပါဝင် ကြစေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။
ရန်ကြီးအောင်