အခုတလော စာရေးဖို့ စားပွဲမှာသွားထိုင်တိုင်း ဒေါ်ဒေါ့်(လူထုအမေမာ)ကို
ပြေးပြီးသတိရနေမိတယ်။ ဒေါ်ဒေါ့်အသံကိုလည်း နားထဲမှာကြားယောင်နေတယ်။ ဒေါ်ဒေါ်က
အသက်ကြီးလာလေလေသံယောဇဉ်ကြီးလေဖြစ်ပြီး
သူ့ဆီကိုနေ့စဉ်လိုလိုဖုန်းဆက်စေချင်တယ်။
ဆရာတွေကိုသာလွမ်း
ဖုန်းပြောရင်မောမှာစိုးလို့
တစ်ခါတလေအမေ့ကောင်းပြီး မဆက်ဘဲနေလိုက်ရင် သူကကောက်ဆက်တော့တာ။
ဆက်တဲ့အခါတိုင်းလည်း "စာရေးတဲ့အခါသတိထားရေး၊ ကိုယ်ကစေတနာနဲ့ရေးပေမယ့်
ဝေဒနာဖြစ်သွားတတ်တယ်။ ဘာအကြောင်းရေးရေး သူတစ်ပါးနားခံသာအောင်
ပျော့ပျော့ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး"လို့ အမြဲဆုံးမလေ့ရှိတယ်။
အသက်ကြီးလာတော့ စိုးရိမ်စိတ်လည်း ပိုကြီးလာတယ်။ အခုတော့
အဲဒီလိုဆုံးမမယ့်သူမရှိတော့ဘူး။ ကိုယ်တိုင်ကသက်ကြီးတန်းဖြစ်နေပြီ။ ဒါပေမယ့်
ဆုံးမတာ ခံချင်သေးတယ်။ ဦးကြီး(ရွှေဥဒေါင်း)၊ ဦးလေး(လူထုဦးလှ)နဲ့
ဒေါ်ဒေါ်တို့ကို လွမ်းလိုက်သတိရလိုက်တာ။
ကျားမြီးဆွဲရမှာထက်ကြောက်
ဦးကြီးရွှေဥဒေါင်းက
စာရေးတဲ့အခါ အဆွဲအငင်အသတ်တွေ တိုနန့်နန့်နဲ့ မပီမသဖြစ်နေရင်အမြဲတမ်း
ဆူလေ့ငေါက်လေ့ရှိတယ်။ သူ့စာလည်းလိုက်ရေးရသေး၊
နေ့တိုင်းအငေါက်အငမ်းလည်းခံရသေးဆိုတော့ ငယ်စဉ်ကဆိုရင် သူ့အနားသွားရမှာ
ကျားမြီးဆွဲရမှာထက်တောင်ကြောက်သေးတယ်။ အခုတော့လည်း အမြဲတမ်းလိုသတိရနေမိတယ်။
ဦးလေးလှကတော့ ဦးကြီးနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်။
အောက်သားဖြစ်ပေမယ့် အပြောအဆို၊ အနေအထိုင်၊ အစားအသောက်၊ အမူအကျင့်အားလုံး
မန္တလေးသားတွေထက်တောင် ယဉ်ကျေးသိမ်မွေ့တယ်။ သားသမီးတွေနဲ့
တပည့်သားမြေးတွေကိုတောင် ဆူတယ်ငေါက်တယ်မရှိဘူး။ "မင်းသားတွေ၊
မင်းတူတွေကိုကြည့်ပြောဦး" ဆိုတဲ့စကားဟာ ဦးလေးအလွန်ဆုံး ပြောတဲ့စကားပဲ။
ရင့်သီးကြမ်းတမ်းတဲ့စကားမသုံး
စာရေးတဲ့အခါမှာလည်း
ဦးလေးက သိမ်မွေ့ယဉ်ကျေးတာပဲ။ စကားလုံးရင့်ရင့်သီးသီးဘယ်တော့မှမသုံးဘူး။
မင်္ဂလာမရှိတဲ့အသုံးအနှုန်းမျိုးလည်းဘယ်တော့မှ သတင်းစာထဲမှာမပါစေရဘူး။
'မိုးခေါင်လို့ လယ်သမားတွေဒုက္ခရောက်နေကြတယ်'လို့ ကျွန်တော်တို့အယ်ဒီတာတွေက
ရေးလိုက်မိရင် ဦးလေးက
ဒုက္ခဆိုတဲ့စကားအစားအခက်အခဲနဲ့ရင်ဆိုင်နေကြတယ်လို့ပြင်ပေးလိုက်တယ်။
မုဒိမ်းကျင့်ဆိုတဲ့စကားလည်း ဦးလေးက သိပ်စက်ဆုပ်တယ်။ လူထုသတင်းစာမှာ
ဘယ်တော့မှမသုံးစေရဘူး။ အဲဒီလိုသတင်းမျိုးလည်း ဘယ်တော့မှမထည့်ဘူး။
ဆက်စပ်အကြောင်းရှိလို့ မတတ်သာဘဲထည့်ရတဲ့အခါမျိုး(ဥပမာ ပြူစောထီးဗိုလ်က
ရွာသူတစ်ဦးကို ခင်ပွန်းမရှိခိုက် အနိုင်ကျင့်တဲ့သတင်းမျိုး)မှာတောင်
ကြမ်းတမ်းတဲ့စကားလုံးကိုမသုံးဘဲ မတော်မလျော်ပြုသည်၊ အနိုင်အထက်ပြုသည်ဆိုတဲ့
စကားမျိုးနဲ့ရေးစေတယ်။
တည့်တည့်ကြီးမှန်အောင်
ဆရာကောင်းသမားကောင်းများရဲ့
အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရတာဖြစ်ပေမယ့်အခုထိမလိမ္မာသေးတဲ့
ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးဒေါသဖြစ်ရတဲ့အခါတွေလည်း မနည်းလှပါဘူး။ စာရေးတဲ့အခါ
ဒေါ်ဒေါ်ဆုံးမသလို သူတစ်ပါးနားခံသာအောင် ချိုချိုသာသာရေးမယ့်အစား ပိဿာလေးနဲ့
နံဘေးပစ်သလို တည့်တည့်ကြီး မှန်အောင်ပစ်ထည့်လေ့ရှိတော့
အနာပေါ်တုတ်ကျခံရသူတွေ မခံမရပ်နိုင်ဖြစ်သွားတတ်ကြတယ်။ NGO
ဆိုင်းဘုတ်ထောင်လုပ်စားနေကြသူတွေအကြောင်း ထုတ်ဖော်ရေးတော့ ပြည်တွင်းပြည်ပက
အဲဒီလိုလုပ်စားနေကြသူတွေ တီကိုဆားနဲ့တွန့်သလို ထွန့်ထွန့်လူးဖြစ်ကုန်ကြတယ်။
အတင်းအဖျင်းမီဒီယာလုပ်သူတွေ၊ ကြော်ငြာဆောင်းပါးရေး စီးပွားရှာသူတွေ၊
ဖွင့်ပွဲမှန်သမျှလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ကံစမ်းမဲနှိုက်ပေးတာနဲ့
အခမ်းအနားမိန့်ခွန်းခြွေပေးတာကိုပဲ တကယ့်စာနယ်ဇင်းအလုပ်ကြီး
ထင်နေသူတွေအကြောင်းတွေရေးတော့ အဲဒီလိုလုပ်စားနေသူတွေက
မလိုတမာနဲ့အောက်ကလိအာစကားတွေ၊ မကြားတကြားပြန်ပြောကြတယ်။
နေ့မြင်ညပျောက်
"ကိုယ်ရေးနေလို့လည်း
ဘာမှပြောင်းလဲတာမဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပြီး
အေးအေးသာနေပါတော့။ စာတွေရေးမယ့်အစား ဖတ်ချင်တာတွေသာဖတ်နေစမ်းပါ"
ဇနီးသည်ရှိစဉ်က မကြာခဏ အဲဒီလိုပြောလေ့ရှိတယ်။ သူကလည်း
ကိုယ့်ကျန်းမာရေးကြောင့် စိုးရိမ်တာကိုး။ ဒါပေမယ့် သေမလိုဖြစ်လို့
ဆေးရုံတက်ရတဲ့ကိုယ်ကကျန်ရစ်ပြီး အကြာကြီးနေရလိမ့်ဦးမယ်ထင်ထားတဲ့ သူက
ကွယ်လွန်သွားရှာတယ်။ လူ့ဘ၀ဆိုတာ ဘာမှသေချာရေရာတာမဟုတ်ဘူး။
အသက်အိုးအိမ်စည်းစိမ်ချမ်းသာတွေ၊ ရာထူးအာဏာတွေ၊ ဂုဏ်သတင်းကျော်စောခြင်းတွေ၊
ချီးမွမ်းကဲ့ရဲ့ဆိုတာတွေအားလုံး ဒရေပွက်ပမာတစ်သက်လျာတည်း' ဆိုသလို
နေ့မြင်ညပျောက်တွေချည်းမဟုတ်ပါလား။
ဘာလုပ်ရမှာလဲ
အလိမ္မာဖက်ပြီး
လောကီသားတိုင်းလိုချင်မက်မောတဲ့အရာတွေ စုဆောင်းနေလို့ ဒီအသက်အရွယ်ကျမှ
ဘာလုပ်ရတော့မှာလဲ။ ပြင်သစ်က
နာမည်ကျော်စားဖိုမှူးကြီးကိုယ်တိုင်လာချက်ကျွေးလည်း
ပန်းကန်တစ်ဝက်ထက်ပိုပြီး မစားနိုင်တော့ပါဘူး။ ပုပ်ရဟန်းမင်းကြီးက
မာသာထရီဇာကို လက်ဆောင်ပေးတဲ့ ရိုးလ်ရွိုက်စ်ကားကြီးမျိုးလက်ဆောင်လာပေးလည်း
အိမ်ပေါ်ကအိမ်အောက်တောင်မဆင်းနိုင်တော့တာ ဘာလုပ်ရမှာလဲ။
ဒီခေတ်မြို့သားလူလည်တွေလို ဆိုင်းဘုတ်ထောင်ပြီးဒေါ်လာရှာတာများဘာခက်လို့လဲ။
ဒါပေမယ့် ဒီအသက်အရွယ်ရောက်မှလူတကာကိုမျက်နှာချိုသွေးပြီး
ခြေထောက်လိုက်ဖက်နေရတာ ဘာလုပ်ဖို့လဲ။ သေရာပါသွားတာမှ မဟုတ်တာပဲ။ ကျန်ရစ်တဲ့
ကိုယ့်သားသမီးတွေလည်း ကိုယ့်ကြောင့်လက်ညှိုးထိုးခံရပြီး
လူတောမတိုးတဲ့ဘ၀မရောက်စေချင်ပါဘူး။
ဒေါသမချုပ်နိုင်သေး
လူကြီးသူမများ
အဆုံးအမကြောင့် လူကျင့်ဝတ်ကိုခါးဝတ်ပုဆိုးလိုမမြဲနိုင်ပေမယ့်
အတော်အသင့်တော့ ဆင်ခြင်နိုင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ခါထောင်းကနဲထောင်းကနဲ
ထွက်လာတတ်တဲ့ဒေါသကိုတော့ခုထိမချုပ်ထိန်းနိုင်သေးဘူး။ အထူးသဖြင့်
ကြောင်ဖြူတာမည်းတာက အရေးမကြီးဘူး ကြွက်မိဖို့သာလိုရင်းပဲဆိုတဲ့ ဘယ်သူသေသေ
ငတေမာပြီးရော လူစားမျိုးတွေနဲ့အိုဘားမားလို ကိုယ်ပိုင်အတွေးအခေါ်၊
ကိုယ်ပိုင်မူ ဘာတစ်ခုမှမရှိဘဲ ပေါ်ပြူလာဖြစ်ရင်ပြီးရောဆိုပြီး လူတိုင်းကို
မျက်နှာချိုလိုက်သွေးနေတဲ့ လူစားမျိုးတွေရဲ့ လုပ်ရပ်တွေကို မြင်တိုင်းဒေါသက
ခေါင်းပြူပြူလာလေ့ရှိတယ်။ အာဖဂန်နစ္စတန်က
မူလတန်းကျောင်းကလေးပေါ်ဗုံးကြဲချလို့
ကလေးတွေအတုံးအရုံးသေကြရတဲ့သတင်းတွေဖတ်ရတဲ့အခါမျိုးမှာလည်း
ဒေါသကထောင်းကနဲထွက်လာတယ်။ ကမ္ဘာကြီးတစ်ခုလုံးကိုကယ်တင်နေတဲ့
ကယ်တင်ရှင်ကြီးများသဖွယ်အရှက်မရှိမျက်နှာပြောင်တိုက်ပြီး
လိမ်ညာနေတာတွေကြားရတဲ့ အခါမှာလည်းနားကလောပြီး ဒေါသက၀ုန်းကနဲထလာတတ်တယ်။
ကျွဲပါးစောင်းတီး
ဒါပေမယ့်
ထွက်လာတဲ့ဒေါသကို ချွန်းအုပ်ပြီး လူယဉ်ကျေးစကားပြောပါရေးပါတယ်။ ခက်တာက
ကောင်းဘွိုင်တွေက လူကြီးလူကောင်းစကားနားမလည်တာပဲ။ ဘယ်လောက်ပြောပြော
ဘယ်လောက်ရေးရေး 'ကျွဲပါးစောင်းတီး'ဆိုသလို ပြောရင်းသာပျံတော်မူရမယ့်
ကိန်းဆိုက်နေတော့တယ်။
လိမ္မာချင်ပေမယ့်
ရေးလိုက်ရပေမယ့်
စိတ်ချမ်းသာတာတော့မဟုတ်ဘူး။ လူကြီးတွေရဲ့ ဆုံးမစကားက
နားထဲမှာပဲ့တင်ထပ်နေတာကြောင့် စိတ်မလုံမလဲဖြစ်ရတယ်။ လူလိမ္မာမဖြစ်သေးတဲ့
ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်မိတယ်။ အသက် ၇၀ တန်းရောက်ပြီဆိုတော့
လိမ်လိမ်မာမာနဲ့ အေးအေးချမ်းချမ်းနေချင်ပါပြီ။
လူထုစိန်ဝင်း