ဆရာမောင်ဝံသ
အဖွဲ့အစည်း
တွေမှာ ခေါင်းဆောင်က လူနည်းစု၊ နောက်လိုက်က အများစု ဖြစ်တယ်။ ဒါဓမ္မတာပါပဲ။
ငယ်သား တစ်ယောက် ဗိုလ် ၁၀ ယောက် ဖြစ်နေရင်လည်း ရယ်စရာ ဖြစ်နေမှာပေါ့။
နိုင်ငံရေး
ပါတီတွေ တည်ထောင်တဲ့ အခါ အာဏာရ သို့မဟုတ် အာဏာ ရနိုင်တဲ့ အလားအလာ ရှိတဲ့
အဖွဲ့မျိုးဆိုရင် သောကော ရောကော အဖွဲ့ဝင်တွေ တိုးဝှေ့ ဝင်လာကြ စမြဲပဲဗျ။
နိုင်ငံရေး တကယ် လုပ်ချင်သူဟာ ဝါဒ လမ်းစဉ်တွေ၊ ခေါင်းဆောင်မှု တွေကို
ကြည်ပြီး လေ့လာပြီးမှ အဖွဲ့ဝင်တယ်။ သည်အဖွဲ့ဟာ တိုင်းပြည်နဲ့ လူမျိုး
အကျိုးကို တကယ်တမ်း ထမ်းရွက် နိုင်မှာလား၊ ထမ်းရွက်နိုင်တဲ့ အင်အားတွေနဲ့
ဖွဲ့စည်းထားတာ ဟုတ်ရဲ့လား၊ သေချာ လေ့လာပြီးမှ အဖွဲ့ဝင် အဖြစ် တာဝန်
ယူကြတယ်ဗျ။
နိုင်ငံရေး အဖွဲ့သုံးမျိုး
နိုင်ငံတကာ နိုင်ငံရေး အဖွဲ့တွေကို ကြည့်ရင် အဓိကအားဖြင့် သုံးမျိုးတွေ့ရမယ်။
(က)
ဝန်ကြီးချုပ် ဦးဆောင်တဲ့ အင်္ဂလန် ဝက်စ်မင်စတာ နိုင်ငံရေး ပုံစံမှာ ပါဝင်
လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (ဗြိတိန်၊ ဆွီဒင်၊ အစ္စရေး၊ အိန္ဒိယ၊
ဂျပန်၊ ထိုင်း၊ ဩစတေးလျ၊ ကနေဒါ စသည်…)
(ခ)
တိုက်ရိုက် လူထုမဲနဲ့ သမ္မတ ရွေးကောက်ပွဲ တင်မြှောက်တဲ့ စနစ်ထဲမှာ ပါဝင်
လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (အမေရိကန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊
အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ စသည်…)
(ဂ)
တစ်ပါတီတည်းက တစ်ဆက်တည်း နှစ်ရှည် အာဏာ ရယူထားတဲ့ စနစ်ထဲမှာ ပါဝင်
လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊
တရုတ်၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ် စသည်…)
သည်နေရာမှာ
ဆော်ဒီအာရေးဗျ၊ လစ်ဗျား စတဲ့ ဘုရင်စနစ် သို့မဟုတ် ဘုရင့် အာဏာထက်တောင်
ပိုတဲ့ အာဏာရှင် စနစ်မျိုးကို ထည့်မပြောတော့ဘူး။ အများလက္ခဏာ ဆောင်တဲ့
နမူနာများကိုပဲ လေ့လာပါ့မယ်။
အစိုးရဖြစ်ခွင့်ရှိတဲ့ စနစ်
(က)
အုပ်စုထဲက နိုင်ငံရေး သမားတွေရဲ့ နိုင်ငံရေး ပါတီတွေဟာ ဘတစ်ပြန်
ကျားတစ်ပြန် အစိုးရဖြစ်လာနိုင်တဲ့ အခွင့် အလမ်း ရှိတယ်။ မိမိက အစိုးရ
ဖြစ်နေချိန်မှာ အတိုက်အခံ ဖြစ်နေတဲ့ ပါတီတွေကို နှိပ်ကွပ်လို့ မရဘူး။
အတိုက်အခံတွေ ညီညွတ်ရေး ရသွားချိန်မှာ ပါလီမန်တွင်း အင်အားစုစည်းပြီး
အစိုးရကို အယုံကြည်မရှိ အဆိုတင်နိုင်တယ်။ ပြုတ်ကျသွား တာတွေလည်း ရှိတယ်။
(က) အုပ်စုထဲက နိုင်ငံရေး သမားတွေထဲမှာ အိန္ဒိယနဲ့ ဂျပန်က ကွန်မြူနစ်
ပါတီတွေလို တစ်သက် လုံး ဘယ်တော့မှ အာဏာရဖို့ မျှော်လင့်ချက် မရှိတဲ့
ပါတီတွေကို ယုံကြည်ချက်နဲ့ လုပ်နေသူတွေ အများကြီး ရှိတယ်။ သူတို့ တွေဟာ
အာဏာအတွက် နိုင်ငံရေး လုပ်တာ မဟုတ်ဘူး။ သူတို့တွေဟာ အလုပ်သမား၊ လယ်သမား၊
လက်မှု စက်မှု ပညာသည်စတဲ့ သမဂ္ဂတွေ ဖွဲ့စည်းပြီး အစိုးရနဲ့ အရင်းရှင်
အလုပ်ရှင်တွေရဲ့ မတရားမှုတွေကို တိုက်ပွဲ ဝင်ကြတယ်။ သူတို့ဟာ နိုင်ငံရေး
အာဏာ မရပေမဲ့ စည်းရုံးရေး ဩဇာကြီးတယ်။ အလုပ်သမား အခွင့်အရေး တွေကို သူတို့
တိုက်ပွဲဝင်ရင် အစိုးရတို့ အရင်းရှင်တို့က စေ့စပ် လိုက်လျောရတယ်။ သူတို့လို
နိုင်ငံရေး သမားတွေဟာ ရှိဖို့ လိုကို လိုအပ်တယ်။
သမ္မတ အုပ်ချုပ်တဲ့ စနစ်
(ခ)
အုပ်စုထဲမှာပဲ နှစ်မျိုး ကွဲပြား နေသေးတယ်။ အမေရိကန် စနစ်ကတော့ သမ္မတ
အုပ်ချုပ်ရေး ဖြစ်လို့ ပါတီအလိုက် အစိုးရ ဖွဲ့စရာ မရှိဘူး။ သမ္မတ
ဖြစ်သွားတဲ့လူက သူ့စိတ်ကြိုက် ကက်ဘိနက် ဖွဲ့တယ်။ လွှတ်တော်အမတ်တွေက
ဥပဒေပြုရေး တာဝန်နဲ့ သမ္မတက အဆိုပြုတဲ့ ဥပဒေကြမ်းတွေကို ထောက်ခံ
ကန့်ကွက်လုပ်ကြဖို့ တာဝန်ရှိတယ်။ အမတ်ဖြစ်လို့ ဝန်ကြီး ဖြစ်မယ် မဟုတ်ဘူး။
အမတ်က တစ်လိုင်း၊ ဝန်ကြီးက တစ်လိုင်းပါ။ (ခ) အုပ်စုထဲကပဲ ပြင်သစ်
စနစ်ကျတော့ သမ္မတကို လူထု တိုက်ရိုက်မဲနဲ့ ရွေးတယ်။ ပါလီမန်က
ဝန်ကြီးချုပ်ကို ရွေးတင်တယ်။ ဝန်ကြီးချုပ်က အစိုးရ ဖွဲ့တယ်။ သမ္မတနဲ့
ဝန်ကြီးချုပ် တစ်ပါတီတည်း မဖြစ်တဲ့ အချိန် ရှိခဲ့ဖူးတယ်။ ၁၉၈၀
နှစ်များတုန်းက မီးထရောင်း ဆိုတဲ့ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင်က သမ္မတ
အရွေးခံရပြီး ပါလီမန်မှာ ကျတော့ လက်ယာဂိုဏ်း ပါတီက အများစုရလို့ လက်ယာသမား
ဝန်ကြီးချုပ် တက်ဖြစ်တယ်။ လက်ယာ ဝန်ကြီးချုပ်နဲ့ လက်ဝဲသမ္မတ ထိပ်တိုက်
တွေ့ဖြစ်ခဲ့ကြလို့ အလုပ် မဖြစ်ခဲ့ဘူး။
(ခ)
အုပ်စုထဲက နိုင်ငံရေး သမားတွေဟာ မိမိ ထောက်ခံတဲ့ သမ္မတလောင်း
အောင်နိုင်ရေးမှာ ပါဝင် ကြိုးပမ်းကြတဲ့ အလုပ်ရယ်၊ လွှတ်တော် ၂ ရပ်လုံးမှာ
မိမိတို့ ပါတီက အမတ်လောင်းတွေ အနိုင်ရရေး စည်းရုံး လှုံ့ဆော်ကြတဲ့
အလုပ်ရယ်ကို အဓိက လုပ်ကြရတယ်။ ရွေးကောက်ပွဲတွေ ပြီးသွားရင် ကိုယ့်မူလ
အသက်မွေး ဝမ်းကျောင်း အလုပ် ပြန်လုပ်နေကြတာပဲ။ အချိန်ပြည့် နိုင်ငံရေး
သမားဆိုတာ အလွန် နည်းပါတယ်။
အတိုက်အခံ အာဏာမရနိုင်တဲ့ စနစ်
(ဂ)
အုပ်စုထဲက နိုင်ငံရေး သမားတွေ ကိုလည်း ၂မျိုး ခွဲနိုင်တယ်။ တစ်ပါတီ
စနစ်ပဲဟေ့ ဆိုပြီး ပြတ်ပြတ်သားသား ပေါ်တင် ဦးဆောင်မှု ပေးနေတဲ့ ကွန်မြူနစ်
နိုင်ငံရေးက တစ်မျိုး၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ်တို့လို ပါတီစုံတော့
ပါတီစုံပဲ၊ လက်ရှိ အာဏာ ရနေတဲ့ ပါတီက လွဲလို့ အတိုက်အခံတွေ ဘယ်တော့မှ အာဏာ
မရအောင် လုပ်ထားတဲ့ နိုင်ငံရေးက တစ်မျိုး၊
အဲသလို နိုင်ငံတွေက အတိုက်အခံ နိုင်ငံရေး လုပ်သူတွေ ထဲမှာလည်း နှစ်မျိုး
ရှိသေးတယ်။ တစ်မျိုးက ငတ်ငတ် ပြတ်ပြတ်နဲ့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးကို
ဇွတ်မှိတ် လုပ်နေသူတွေ၊ နောက်တစ်မျိုးက အတိုက်အခံ အတု၊ နိုင်ငံတကာကို အပြ
ကောင်းအောင် အတိုက်အခံပါတီ ထောင်ခိုင်းထားတာ သူတို့တွေက အောက်ကြေးတွေ ရတယ်။
နိုင်ငံရေး လုပ်စားသူ တွေပါ။
စင်ကာပူမှာ
အတိုက်အခံ နိုင်ငံရေးကို ဇွဲနပဲနဲ့ လုပ်နေသူတွေ ရှိတယ်။ အနည်းဆုံး
နိုင်ငံရေး ပါတီ နှစ်ပါတီ အတိုက်အခံ လှုပ်ရှားနေတယ်။ သူတို့ကို
အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ကျပ်တယ်။ ဒုက္ခပေးတယ်။ အတိုက်အခံ
မလုပ်ရဲအောင် ခြိမ်းခြောက်တယ်။ အဲသည် ကြားထဲက သူတို့ ဆက်လုပ် နေကြတာပဲ။ သူတို့ကို ထောက်ခံနေတဲ့ လူထု ပရိသတ်ကိုလည်း ပိုလို့တောင် ချီးကျူးစရာ ဖြစ်တယ်ဗျာ။
သည်တော့ကာ
နိုင်ငံရေး လုပ်တယ်ဆိုတာ အာဏာရဖို့၊ အခွင့်အရေး ရဖို့၊ ရှေးခေတ်က
စစ်ပွဲတွေလို စစ်နိုင်တဲ့လူက အရာ ခပ်သိမ်းကို ရယူ ခံစားနိုင်တယ်လို့
သဘောထားဖို့ မဟုတ်ပေဘူးဗျ။ နိုင်ငံရေး လုပ်တာ ပြည်သူလူထု ကောင်းကျိုးကို
ရှေးရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကျရာနေရာက အလုပ်အကျွေး ပြုတာလို့
ခံယူသူတွေ များလာမှသာ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်လာမှာ ဖြစ်ပါတယ်ဗျာ။
မောင်ဝံသ