တူနီးရှားက
စလိုက်တဲ့ ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှု တွေဟာ လစ်ဗျား၊ ဘာရိန်း၊
ယီမင်နဲ့ နောက်ဆုံး အီရတ် အထိ ကူးစက် လာနေပါပြီ။ အဲဒီထဲမှာ အဆိုးဆုံး ကတော့
လစ်ဗျားပါဘဲ၊ လစ်ဗျားက ဖြစ်ရပ်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှု မဟုတ်ဘဲ
ပြိုင်ဘက် အုပ်စုတွေကြား လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ အပြင်
ပြည်တွင်းစစ် ပုံစံကို ရှေ့ရှုလာ နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လစ်ဗျား
ပုံစံဟာ တူနီးရှား၊ အီဂျစ်ပုံစံ ဘာလို့ မဖြစ်လဲလို့ ပြောမယ် ဆိုရင်တော့
လစ်ဗျားရဲ့ သမိုင်းကြောင်းကို နည်းနည်း ပြန်ကောက်ရပါ လိမ့်မယ်။
မြေထဲပင်လယ်
ကမ်းရိုးတန်းမှာ ရှိတဲ့ လစ်ဗျားနိုင်ငံ ဖြစ်လာမယ့် နယ်မြေဟာ ဘာဘာလို့
ခေါ်တဲ့ အာရပ် အနွယ်ဝင် လူမျိုးတွေ နေထိုင်တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီလူမျိုးစု
တွေဟာ သဲကန္တာရထဲမှာ လှည့်လည် သွားလာတဲ့ လူမျိုးစုတွေ ဖြစ်ပြီး ဘာဘာ
လူမျိုးစု ကနေပြီးတော့ မျိုးနွယ်စုတွေ အများကြီး ကွဲထွက် ခဲ့ပါတယ်။
ဒီမျိုးနွယ်စုတွေဟာ လှည့်လည် သွားလာနေတဲ့ လူမျိုးစုများရဲ့ ထုံးစံအတိုင်း
မိမိအုပ်စုလိုက် သီးခြား နေထိုင်ပြီး တစ်စုတစ်စည်း အုပ်ချုပ်တဲ့ အာဏာပိုင်
မရှိပါဘူး။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ လူမျိုးစုများ ဖြစ်လို့ ဘယ်သူ့သြဇာမှ
မခံချင် တာလည်း ပါပါတယ်။ မွန်ဂိုလူမျိုးစု
တွေကို စုစည်းပြီး အင်ပါယာ ဖြစ်အောင် ထူထောင်ခဲ့တဲ့ ဂျင်ဂျစ်ခန်လို
ခေါင်းဆောင်လည်း လစ်ဗျားမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အဲဒီဒေသကို
စပြီး ခြေကုတ်ယူ လာတာကတော့ ကူးသန်း ရောင်းဝယ်ရေးကို အားသန်တဲ့
ပိုလီးနီးရှန်းတွေ ဖြစ်ပြီး ဒေသခံ ဘာဘာလူမျိုးစု ခေါင်းဆောင်တွေ ဆီက
နိုင်ငံအနောက်ပိုင်းမှာ ဆိပ်ကမ်း တည်ထောက်ခွင့် ရယူပြီး ကုန်စည်
ကူးသန်းခဲ့ပါတယ်။ နောက်တော့ ကျွန်တော်တို့ သိတဲ့ ကာသေ့ခ်ျ နိုင်ငံတော်
ဆိုတာ ပေါ်လာပြီး ပိုလီးနီးရှန်း တွေက ဘာဘာတွေကို လက်အောက်ခံ အဖြစ်
အုပ်ချုပ်ခဲ့ပါတယ်။ အခု မြို့တော်ဖြစ်တဲ့ ထရီပိုလီဟာ ကာသေ့ခ်ျခေတ်မှာ
တည်ထောင်ခဲ့တာ ဖြစ်ပြီး မြို့သုံးခုလို့ အဓိပ္ပါယ် ရပါတယ်။ ဒါဟာ Oea၊ Libdah
နဲ့ Sabratha မြို့သုံးခုကို ပေါင်းစပ်ပြီး ခေါ်တာ ဖြစ်ပါတယ်။
ပိုလီနီးရှန်း
တွေက အနောက်ဘက်မှာ နေရာယူတဲ့ အချိန်မှာ ဂရိတွေက အရှေ့ဘက်ခြမ်းမှာ ခြေကုတ်
ယူပါတယ်။ အခု ဆိုင်ရင်နီးကား၊ ဘင်ဂါဇီ တို့ဆိုတဲ့ အဓိကမြို့တွေဟာ ဂရိတွေ
တည်ထောင်ခဲ့တဲ့ ဆိပ်ကမ်းမြို့များ ဖြစ်ပါတယ်။ အာဖရိကတိုက်နဲ့ ဥရောပကြား
ရေကြောင်း ဆက်သွယ်ရေးမှာ အချက်အခြာ ကျတဲ့ ဒီဒေသကို အဲဒီခေတ်က အင်ပါယာ
နိုင်ငံအားလုံးက ထိန်းချုပ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ အဲဒီအချိန်က
နိုင်ငံအင်အား ဆိုတာကလည်း ကုန်သွယ်ရေကြောင်း အင်အားကို အခြေခံ ထားတာကိုး။
ဒီလိုနဲ့ ပါရှန်အင်ပါယာ
အားကောင်းလာတော့ လစ်ဗျား ဒေသဟာ ပါရှားအင်ပါယာထဲ ရောက်သွားတယ်။ အလက်ဇန္ဒြား
လက်ထက်ကျတော့ ဂရိတွေ လက်အောက် ပြန်ရောက်သွားတယ်။ ရောမအင်ပါယာ အင်အား
ကောင်းလာတော့ ဘီစီ ၁ ရာစုက စပြီးတော့ ရောမ အင်ပါယာရဲ့ အစိတ်အပိုင်း
ဖြစ်သွားပြန်တယ်။ ရောမ အင်ပါယာ ကျဆင်းသွားတော့ အေဒီ ၇ရာစုကစပြီး အရှေ့
အလယ်ပိုင်း မူဆလင် ဘာသာဝင် အာရပ်တွေရဲ့ လက်အောက်ကို ရောက်သွားခဲ့တယ်။ အဲဒီ
ကာလမှာပဲ ဘာဘာ လူမျိုးစုတွေဟာ အစ္စလမ် ဘာသာကို လက်ခံ ခဲ့ကြတယ်။ ဒါပေမယ့်
နောက်ထပ် ၀င်လာတဲ့ အာရပ်တွေရဲ့ တိုက်ရိုက် အုပ်ချုပ်မှုကိုတော့ လက်မခံဘဲ
လူမျိုးစု လိုက်ဆက်ပြီး ရပ်တည် ခဲ့ကြတယ်။ အာရပ်တွေကလည်း ဂရိတွေ၊
ပိုလီနီးရှန်းတွေ လိုပဲ ကမ်းခြေ တစ်လျှောက်မှာပဲ အခြေစိုက် ခဲ့ကြပါတယ်။ ၁၂
ရာစု အစပိုင်းမှာ စစ်စလီကျွန်းက နော်မန်တွေက ထရီပိုလီ ဒေသကို ၀င်တိုက်ပြီး
အုပ်ချုပ်ခဲ့သေးတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ဘူး။ အာရပ်တွေက ပြန်တိုက်ထုတ်
ခဲ့တယ်။ အော်တိုမန် အင်ပါယာ အားကောင်း လာတော့ ၁၆ ရာစုမှာ အဲဒီ ဒေသဟာ အော်တိုမန် အင်ပါယာအောက် ရောက်သွား ပြန်တယ်။
၂၀
ရာစုအစမှာ တူရကီနဲ့ သူ့ရဲ့ အော်တိုမန် အင်ပါယာကြီး ချိနဲ့ လာတဲ့အခါ ဥရောပ
အင်အားကြီး နိုင်ငံဖြစ်တဲ့ အီတလီက ၁၉၁၁ ခုနှစ်မှာ လစ်ဗျား ဒေသကို
ဝင်တိုက်ခဲ့တယ်။ အီတလီ - တူရကီ စစ်ပွဲ (၁၉၁၁-၁၂) လို့ သိကြတဲ့ စစ်ပွဲမှာ
အီတလီနိုင်ပြီး လစ်ဗျားကို အီတလီ ကိုလိုနီအဖြစ် သိမ်းသွင်းခဲ့တယ်။ ဒီလိုနဲ့
အင်ပါယာ တွေအောက် တစ်လှည့်ပြီး တစ်လှည့် ရောက်ခဲ့တဲ့ လစ်ဗျားဟာ ဒုတိယ
ကမ္ဘာစစ် အတွင်းမှာ ကျွန်တော်တို့ အားလုံး သိတဲ့ ရွမ်းမဲလ်ရဲ့
ပန်ဇာတပ်များနဲ့ ဗြိတိသျှတို့ စစ်ခင်းရာ နေရာဖြစ်ခဲ့ပြီး ၁၉၄၃
ခုနှစ်မှာတော့ ဗြိတိသျှ တပ်တွေရဲ့ လက်အောက်ကို ရောက်သွားပါတယ်။ ဒုတိယ
ကမ္ဘာစစ် ပြီးတဲ့ အချိန်ကနေ ၁၉၅၁ ခုနှစ်အထိ ဗြိတိသျှနဲ့ ပြင်သစ် တို့က
ပူးတွဲ အုပ်ချုပ်ထားပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ
ဆုံးဖြတ်ချက် အရ ၁၉၅၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှာ လစ်ဗျားကို လွတ်လပ်ရေး
ပေးပါတယ်။ ကုလသမဂ္ဂ အစီအစဉ် အရ လစ်ဗျားကို စည်းမျဉ်းခံ ဘုရင်စနစ်
ကျင့်သုံးတဲ့ နိုင်ငံအဖြစ် တည်ထောင်ပြီး ဆိုင်ယင်နီးကား ဒေသက လူမျိုးစု
ခေါင်းဆောင် အိုင်ဒစ်ကို ဘုရင်အဖြစ် တင်မြှောက်ပါတယ်။ ဒါပေမယ့် အိုင်ဒစ်ဟာ
လစ်ဗျားနိုင်ငံ သမိုင်းမှာ တစ်ဦးတည်းသော ဘုရင် ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်း
ဆိုတော့ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ အသက် ၂၇ ပဲ ရှိသေးတဲ့ ဗိုလ်ကြီး
ကဒါဖီ ခေါင်းဆောင်တဲ့ အရာရှိငယ်များက အာဏာသိမ်းပြီး သမ္မတနိုင်ငံ
ထူထောင်ခဲ့လို့ ပါပဲ။
လစ်ဗျား သမိုင်းကို ရှည်ရှည်လျားလျား ရေးပြတာက ထူးခြားတဲ့ ဝိသေသ တွေကို မြင်စေချင်လို့ပါ။
အဲဒီ ၀ိသေသတွေ ကတော့ လစ်ဗျားဟာ ကိုလိုနီဘ၀ မရောက်ခင် ကလည်း သမိုင်းမှာ
တစ်စုတစ်စည်း ထဲသော ပြည်ထောင်စု အဖြစ် နေခဲ့တဲ့ အချိန်ကာလ မရှိခဲ့ဘူး၊
ခေတ်ဟောင်း မှာရော၊ ခေတ်သစ် မှာပါ လစ်ဗျား ပြည်သူ တွေဟာ နိုင်ငံ ဆိုတာထက်
လူမျိုးစု ဆိုတာကို ပိုပြီး သစ္စာ ရှိခဲ့ပါတယ်။ တနည်းအားဖြင့် tribal base , clan base loyalty ဖြစ်ပါတယ်။
လစ်ဗျားရဲ့
လူမျိုးစု အခြေအနေကို ကြည့်ရင် လူဦးရေ ခြောက်သန်းခွဲမှာ လူမျိုးစု ၁၄၀
ကျော်ရှိပါတယ်။ တစ်ချို့ လူမျိုးစု တွေက ရာဂဏန်း၊ ထောင်ဂဏန်းပဲ ရှိပြီး
လှည့်လည် သွားလာ နေတဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။
လူဦးရေ တစ်သန်း ကျော်မှာ Warfallah လူမျိုးစုတွေ ဖြစ်ပြီး နိုင်ငံ အရှေ့တောင်ပိုင်းမှာ နေပါတယ်။ တစ်သန်း နီးပါးမှာ Misurata လူမျိုးစု များဖြစ်ပြီး နိုင်ငံအနောက်ပိုင်းမှာ နေပါတယ်။ ကဒါဖီ
မတိုင်ခင်က အဲဒီ လူမျိုးစု နှစ်ခုက နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွေမှာ
အရေးကြီးတဲ့ နေရာတွေကို ယူထားခဲ့တာပါ။ ကဒါဖီက အဲဒီ လူမျိုးစု မဟုတ်ဘဲ
Gaddadfa ဆိုတဲ့ နိုင်ငံ အနောက်ပိုင်းက လူမျိုးစုငယ် လေးထဲက ဖြစ်ပါတယ်။
ကဒါဖီ
လက်ထက်မှာ သူလူမျိုးစု တွေက အရေးကြီးတဲ့ စစ်ဘက် ရာထူးတွေ၊ လုံခြုံရေး
ရာထူးတွေကို ယူထား သလို ကဒါဖီရဲ့ အနီးကပ် လုံခြုံရေး တပ်ဖွဲ့တွေ အားလုံးဟာ
Gaddadfa တွေပဲ ဖြစ်ပါတယ်။ ကဒါဖီဟာ ကျန်တဲ့ လူမျိုးစု တွေကို လူမျိုးစု
အတွင်း တရားစီရင်တာ၊ စီမံ ခန့်ခွဲတွေကို ဟိုတုန်းက ဓလေ့ထုံးစံတွေ အတိုင်း
လုပ်ခွင့်ပေး ထားခဲ့ပေမယ့် လူမျိုးစု ခေါင်းဆောင်တွေ အားလုံးက သူ့အပေါ် သစ္စာ
စောင့်သိအောင်၊ မလှန်ရဲအောင် ခပ်ကြမ်းကြမ်း ကိုင်ပြီး ထိန်းထား ခဲ့ပါတယ်။
တစ်ဖက်ကလည်း လူမျိုးစု ခေါင်းဆောင် တွေရဲ့ အာဏာ လျှော့ချတဲ့ အနေနဲ့ ပြည်သူ့
ကော်မတီများနဲ့ အုပ်ချုပ်တဲ့ စနစ်ကို အစားထိုးဖို့ လုပ်ခဲ့ပေမယ့် သိပ်ပြီး
မအောင်မြင် ခဲ့ပါဘူး။
အဲဒီလို
တင်းတင်းကြပ်ကြပ် ကိုင်ထားပေမယ့် နိုင်ငံ အရှေ့ပိုင်းက Warfallah
လူမျိုးတွေ ခေါင်းဆောင်ပြီး ကဒါဖီကို ဖြုတ်ချဖို့ ကြိုးစားတာ နှစ်ကြိမ်
ရှိခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာ စစ်တပ်ထဲက Warfallah တပ်ဖွဲ့တွေ ခေါင်းဆောင်ပြီး
အာဏာသိမ်းဖို့ ကြိုးစား ခဲ့ပေမယ့် ချက်ချင်း ဖြိုခွဲတာ ခံလိုက် ရပါတယ်။
၁၉၉၃ ခုနှစ်ကျတော့ Warfallah တွေပဲ ခေါင်းဆောင်ပြီး နိုင်ငံ အရှေ့ပိုင်းက
(အခု အတိုက်အခံတွေ သိမ်းထားတဲ့) ဘက်ဂါဇီ မြို့မှာ ပုန်ကန်ဖို့ စီစဉ်
နေချိန်မှာပဲ ကဒါဖီက လက်ဦးမှု ယူပြီး လေတပ်နဲ့ ဗုံးကြဲပြီး
ဖြိုခွဲခဲ့ပါတယ်။
အခုတစ်ကြိမ်
ကဒါဖီကို ဆန့်ကျင်မှုတွေကို ကြည့်ရင် Warfallah နဲ့ Misurata လူမျိုးစုတွေ
ကြီးစိုးရာ နိုင်ငံ အရှေ့ပိုင်းမှာ အဓိက ဖြစ်ပြီး မြို့တွေကို ပုန်ကန်တဲ့
တပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူများက သိမ်းထားတာ တွေ့ရမှာ ဖြစ်ပါ လစ်ဗျားမှာက
အရှေ့အလယ်ပိုင်း နိုင်ငံ အများစုလိုပဲ လူမျိုးစုတွေမှာ အမဲလိုက်ဖို့
အနည်းဆုံး ရိုင်ဖယ် တစ်လက်တော့ ရှိကြတာမို့ လစ်ဗျား နိုင်ငံက ဆန္ဒပြမှု တွေဟာ
ငြိမ်းချမ်းစွာ ဆန္ဒပြမှုထက် ပြိုင်ဘက် အုပ်စုတွေကြား လမ်းပေါ်တိုက်ပွဲ
ဆင်နွဲ နေကြတာက ပိုများနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
လစ်ဗျား
ဆန္ဒပြမှု တွေဟာ အီဂျစ်တို့ တူနီးရှားတို့နဲ့ မတူပါဘူး။ လစ်ဗျားဟာ အာဏာရှင်
စနစ်နဲ့ အုပ်ချုပ်နေတယ် ဆိုပေမယ့် ရေနံက ဝင်ငွေကြောင့် မြောက်အာဖရိက
တိုက်မှာ ဂျီဒီပီ အမြင့်ဆုံး ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုဖူလုံရေး
ကဏ္ဍတွေမှာ အစိုးရ ထောက်ပံ့မှုတွေ အများကြီး ရကြပါတယ်။ နောက်ပြီး ကဒါဖီဟာ
အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး နာမည် မထွက်ပါဘူး။ သူ့သားတွေနဲ့
အမျိုးတွေကို လုံခြုံရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နေရာတွေမှာ ထားပေမယ့်
စီးပွား ရှာဖို့ထက် အာဏာကို ထိန်းသိမ်း နိုင်ဖို့က အဓိက ဖြစ်တာကို
တွေ့ရပါတယ်။ ကဒါဖီ ကိုယ်တိုင်က အာဏာသိမ်းတဲ့ တပ်ရင်းမှူး ဘ၀တုန်းက နေတဲ့
အိမ်မှာပဲ ဆက်ပြီး နေထိုင်နေတာ ဖြစ်ပါတယ်။ အခု ဆန္ဒပြမှုတွေက ဒီမိုကရေစီရေးထက် ကဒါဖီကို ဖြုတ်ချပြီး မိမိတို့ လူမျိုးစုတွေ ပြန်ပြီး အာဏာရအောင် လုပ်ရေးက အဓိက ဖြစ်နေတာပါ။
ဒါ့ကြောင့်လည်း လစ်ဗျားအဖြစ်က အမေရိကန်နဲ့ အနောက် အုပ်စုကို အကြပ်ရိုက်စေတာ ဖြစ်ပါတယ်။ အခုအချိန်ထိ
ကဒါဖီ နေရာကို အစားထိုးနိုင်မယ့် အဖွဲ့အစည်း၊ လူ မရှိပါဘူး။ စစ်တပ်ကလည်း
လူမျိုးစုလိုက် ကွဲထွက် သွားပါပြီ။ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်နဲ့
ပါတီဆိုတာ မရှိဘူး။ လစ်ဗျားမှာက ပါတီ တည်ထောင်ခွင့် မရှိဘူး။ လူတွေက
ရပ်ကွက်ကျေးရွာ ပြည်သူ့ ကွန်ဂရက် အဖွဲ့ဝင် တွေကို တိုက်ရိုက်
မဲပေးရွေးတယ်။ ရပ်ကွက်ပြည်သူ့ ကွန်ဂရက်က ရပ်ကွက်၊ ကျေးရွာကို အုပ်ချုပ်မယ့်
ပြည်သူ့ ကော်မတီကို ရွေးတယ်။ ရပ်ကွက်ကျေးရွာ ပြည်သူ့ ကွန်ဂရက်တွေက
ခရိုင်မြို့နယ် ကွန်ဂရက်ကို ရွေးတယ်။ အဲဒီ ခရိုင်မြို့နယ် ကွန်ဂရက်က
သူ့အတွက် ပြည်သူ့ ကော်မတီတွေကို ရွေးတယ်။ ဒီလို အဆင့်ဆင့် သွားတာ
ဗဟိုအထိပဲ။ ပြည်သူ့ ကွန်ဂရက်တွေက ဥပဒေ ပြုတယ်။ ပြည်သူ့ ကော်မတီတွေက
အုပ်ချုပ်ရေး လုပ်တယ်။ အဲဒီ ကျင့်စဉ်တွေဟာ အစ္စလမ် ဘာသာနဲ့ ဆိုရှယ်လစ်
အယူအဆတွေကို ရောမွှေထားတဲ့ ကဒါဖီရဲ့ အစိမ်းရောင် စာအုပ် (Green Book) ကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဲ ပြောရရင် လစ်ဗျားမှာ အခြေခံဥပဒေလည်း မရှိပါဘူး။
ကဒါဖီက အခြေခံ ဥပဒေဟာ အုပ်စိုးသူ တွေက ပြည်သူကို အနိုင်ကျင့်ဖို့ ဖြစ်တယ်။
ဒါ့ကြောင့် အောက်ခြေကနေ တိုက်ရိုက် ဒီမိုကရေစီ လုပ်ရမယ်။ ဥပဒေကို အောက်ခြေ
ကနေပဲ အဆင့်ဆင့် ရေးရမယ်လို့ ဆိုပါတယ်။ ၀န်ကြီးဌာန တွေကိုတော့ ကျန်းမာရေး
ဆိုင်ရာ ပြည်သူ့ ကော်မတီလို့ပဲ သုံးရပြီး ၀န်ကြီးကိုတော့ ပြည်သူ့ကော်မတီ
အတွင်းရေးမှူးလို့ သုံးပါတယ်။
ချုပ်ပြောရရင်
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်စတီ ကျူးရှင်းတွေ မရှိတဲ့ လစ်ဗျားမှာ ကဒါဖီ
ပြုတ်ကျ သွားရင်လည်း နောက်ထပ် လူမျိုးစု တစ်ခုက အာဏာယူ၊ မကျေနပ်တဲ့
လူမျိုးစုတွေက ပြန်ချနဲ့ တစ်နိုင်ငံလုံး အာဖဂန်တို့ ဆိုမာလီ တို့လို Failed
State ဖြစ်မယ့် ဇာတ်လမ်းဆိုက်မှာ သေချာသလောက် ပါပဲ။
ပြီးတော့ လစ်ဗျားဟာ တစ်နေ့ကို ရေနံစည် ၁.၆ သန်း ထုတ်ပါတယ်။ အခု
တိုက်ပွဲတွေကြောင့် ကျွမ်းကျင်သူတွေ ထွက်ပြေး ကုန်တာကြောင့် ထွက်နှုန်းက
သုံးပုံ နှစ်ပုံလောက် ကျသွားတယ်။ အကျိုးဆက် ကတော့ ၂၀၁၀ ဒီဇင်ဘာမှာ ဒေါ်လာ ၈၀
ကျော်ပဲ ရှိတဲ့ ရေနံဈေးဟာ မနေ့က တစ်စည်ကို ၁၁၄ ဒေါ်လာဖြစ်သွားပြီ၊ ၂၀၀၈
စီးပွားရေး ပျက်ကပ်က အခုမှ နလံထူစ ကမ္ဘာကြီးအတွက် ဒါဟာ သတင်းဆိုးပဲ။
အာဖဂန်မှာ Failed State ဖြစ်သွားတော့ တာလီဘန်နဲ့ အယ်လ်ကေဒါတွေ ဝင်
နေရာယူခဲ့တယ်။ ဥရောပတိုက်နဲ့ မြေထဲပင်လယ် တစ်ခုပဲ ခြားပြီး ရေနံလည်း ကြွယ်ဝတယ် ဆိုတဲ့ လစ်ဗျားမှာ Failed State ဖြစ်လို့ အစွန်းရောက် ဝါဒီတွေ ခြေကုတ်ယူခဲ့မယ် ဆိုရင် ဘယ်လောက် အန္တရာယ် ကြီးမလဲဆိုတာ စဉ်းစားလို့ ရပါတယ်။
ဒါ့ကြောင့်လည်း
လစ်ဗျားမှာ တည်တည် ငြိမ်ငြိမ်နဲ့ အပြောင်းအလဲ ဖြစ်အောင် ဘယ်လို
ဝင်လုပ်ရမယ် ဆိုတာ အနောက်နိုင်ငံတွေ ခေါင်းချင်းရိုက် နေရတာ ဖြစ်ပါတယ်။
ကဒါဖီကို ဆန့်ကျင်နေတဲ့ လူမျိုးစု ခေါင်းဆောင်တွေ ကတော့ ပြည်ပတပ်တွေ ဝင်တာ
လက်မခံဘူးလို့ ဆိုတယ်။ အကဲခတ်တွေ ကတော့ လစ်ဗျားဟာ ထရီပိုလီကို အခြေခံတဲ့
နိုင်ငံ အနောက်ပိုင်းနဲ့ ဘင်ဂါဇီကို အခြေခံတဲ့ နိုင်ငံအရှေ့ပိုင်း ဆိုပြီး
နှစ်ခြမ်း ကွဲသွားမယ့် အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေ
အတွက်လည်း အခု အရှေ့အလယ်ပိုင်းက အဖြစ်အပျက် တွေက မြန်လွန်းလို့
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရတယ်။ ယီမင်မှာ သမ္မတက မြောက်ပိုင်းက၊ အခု
ဆန့်ကျင်သူ တွေက တောင်ပိုင်းက ၊ တောင်ပိုင်းမှာက နဂိုထဲက အယ်လ်ကေဒါ အနွယ်
အကြမ်းဖက်အုပ်စုတွေ ရှိနေလို့ အမေရိကန်က ယီမင် အစိုးရနဲ့ ပေါင်းပြီး
တိုက်နေတာ ဆယ်နှစ်လောက် ရှိပြီ။ ဒါ့ကြောင်လည်း တောင်ပိုင်းက ဆန္ဒပြမှုတွေကို
အမေရိကန်က ဒီမိုကရေစီ လှုပ်ရှားမှု အဖြစ် မမြင်နိုင်ဘူး ဖြစ်နေတယ်။
ဒီလိုပဲ
အီရတ်မှာလည်း လူနည်းစု ဆူနီတွေက ဒီမိုကရေစီ အခွင့်အရေးရဖို့ ဆန္ဒပြ
လာကြတယ်။ ဆော်ဒီမှာ မတ်လလယ်မှ ဆန္ဒပြဖို့ လှုံ့ဆော် နေကြပြီ။ ဘာရိန်း၊
အိုမန်တို့ ကလည်း လှုပ်လှုပ်ပဲ။ အီရန်မှာလည်း ကြိုကြား ကြိုကြား ဆန္ဒပြ
နေကြတယ်။ ဒါပေမယ့် အဲဒီ လှုပ်ရှားမှုတွေက ဒီမိုကရေစီ နည်းကျ ပြောင်းလဲမှုတွေ
ဖြစ်လာမယ်လို့ ဘယ်သူကမှ အာမ မခံနိုင်ဘူး။ ဒါဟာ အရှေ့ ဥရောပက စစ်အေးခေတ်လွန်
ဒီမိုကရေစီ လှုပ်ရှားမှု တွေနဲ့ ကွာတဲ့ အချက်ပဲ။ အဓိကကတော့ ပိုလန်၊ ချက်၊
ရိုမေးနီးယား၊ ဟန်ဂေရီတို့ ဆိုတဲ့ နိုင်ငံတွေဟာ ကွန်မြူနစ်အောက် မရောက်ခင်က
ဒီမိုကရေစီ အစိုးရတွေ ရှိခဲ့၊ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ ရင်းနှီးခဲ့တဲ့
နိုင်ငံတွေ၊ ပြီးတော့ လူမျိုးရေး ကွဲပြားမှု မရှိသလောက် ဖြစ်နေတဲ့
နိုင်ငံတွေ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်းမှာ လူမျိုးစု
နိုင်ငံရေး ဖြစ်တဲ့အတွက် ဘာအစဉ်အလာ၊ ဘာအင်စတီ ကျူးရှင်းမှ မရှိပါဘူး။
သူတို့ နိုင်ငံရေးက နိုင်သူ အကုန်စား နိုင်ငံရေးအဆင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီနိုင်ငံတွေရဲ့ အပြောင်းအလဲကို လက်ခုပ် တီးရမယ့် အစား
ရင်တမမနဲ့ ကမ္ဘာက စောင့်ကြည့် နေရတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွေရဲ့
အကျိုးဆက်က ဘာဖြစ်မလဲ။ ကစ်ဆင်းဂျား ကတော့ ဂရိဒဏ္ဍာရီကို ညွှန်းပြီး ဒါဟာ
ပင်ဒိုရာ သေတ္တာကို ဖွင့်လိုက်တာပဲလို့ ဆိုတယ်။ စီးပွားရေး ပညာရှင်တွေ ကတော့
ဆော်ဒီနဲ့ ပင်လယ်ကွေ့မှာသာ ဆန္ဒပြမှုတွေ ကူးလာပြီ ဆိုရင်တော့ ရေနံတစ်စည်ကို
ဒေါ်လာ ၂၀၀ ဖြစ်မှာ သေချာတယ်။ အဲဒါဆိုရင်တော့ စီးပွားရေး ပျက်ကပ်ကြီး
နောက်တစ်ကြိမ် ဖြစ်တော့မှာ ပဲလို့ ဆိုတယ်။
Credit : ပိတောက်မြေ