xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အီဂျစ်သမ္မတ မူဘာရက် ရာထူးမှနှုတ်ထွက်

Friday, February 11, 2011

အီဂျစ်သမ္မတ မူဘာရက် ရာထူးမှနှုတ်ထွက်

ရာထူးမှနှုတ်ထွက်သွားပြီဖြစ်သော သမ္မတ မူဘာရက်

အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော သမ္မတ ဟော့စ်နီ မူဘာရတ်ဟာ အီဂျစ်သမ္မတရာထူးက နှုတ်ထွက်သွားကြောင်း အီဂျစ် ဒု သမ္မတ အိုမာ စူလေမန်က အီဂျစ်အစိုးရ ရုပ်သံမှတဆင့် ထုတ်ပြန် ကြေညာသွားပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ (အမေရိကန် အရှေ့ဘက်စံတော်ချိန် နံနက် ၁၁ နာရီ) တွင် ထုတ်လွှင့်တဲ့ အီဂျစ် ဒု သမ္မတ အိုမာ စူလေမန် (Omar Suleiman) ရဲ့ ကြေညာချက်မှာ မူဘာရတ် ရာထူးက နှုတ်ထွက်သွားကြောင်း ပြောဆိုသွားပါတယ်။

မူဘာရတ်ဟာ အခုအခါမှာ ဆိုင်းနိုင်းဒေသက ရှမ်အယ်လ် ရှာ့ (Sharm el-Sheikh) မြို့မှာ နေထိုင်လျက်ရှိပြီး အီဂျစ်နိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။   မူဘာရတ်ဟာ  ၁၉၈၁ ခုနှစ်က အီဂျစ်သမ္မတ အန်န်ဝါ ဆာဒတ် (Anwar El Sadat) လုပ်ကြံခံရပြီးနောက် အီဂျစ်နိုင်ငံ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ သမ္မတ မူဘာရတ် ရာထူးက နှုတ်ထွက်သွားခဲ့ပေမယ့် လက်ရှိ အီဂျစ်နိုင်ငံရဲ့ ဒု သမ္မတ အိုမာ စူလေမန်ဟာ ထောက်လှမ်းရေးအကြီးအကဲ ဖြစ်နေပြီး အီဂျစ်ကို စစ်ကောင်စီက ပဲ ဆက်လက် အုပ်ချုပ်သွားဦးမှာ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံဟာ ကမ္ဘာမှာ နံပါတ် ၁၀ ခုမြောက် အကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားပြီး အီဂျစ် တပ်မတော်ဟာ နှစ်စဉ်အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့်ကို ရရှိနေတာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ကမ္ဘာ့ကုန်သွယ်မှုမှာ အဓိကကျတဲ့ စူးအက်တူးမြောင်း တည်ရှိပြီး အာရပ်ကမ္ဘာ၊ အာဖရိကတိုက်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မြေထဲပင်လယ်တို့နဲ့ ထိစပ်နေကာ ပထ၀ီအနေအထားအရ အရေးကြီးတဲ့နေရာတွင် တည်ရှိနေပါတယ်။ ထို့အပြင် အာရပ်ကမ္ဘာက အလေးထားစောင့်ကြည့်ရတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်းသတင်းရရှိပါသည်။