xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့မှုရှင်းတမ်း ( ၂ )

Tuesday, February 15, 2011

ပိတ်ဆို့မှုရှင်းတမ်း ( ၂ )

ယမန်နေ့မှ အဆက်

ပိတ်ဆို့မှု များသည် မြန်မာ ပြည်သူလူထု အခြေခံ လူတန်းစား များကို မည်သို့မည်ပုံ ထိခိုက်စေ ခဲ့သည်ကို အနောက် နိုင်ငံမှ ပညာရှင်များ၊ လူအများ လေးစားလောက်သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဌာနမှ တာဝန်ရှိသူများ ကိုယ်တိုင် ထုတ်ဖော် ခဲ့ပြီးဖြစ်၍ အနောက်ဘက် ကပြောမှ ယုံကြည်နိုင်သော သူများ လက်မခံ လိုသည့်တိုင် ငြင်းရ ခက်နေပေတော့ မည်ဟု ထင်မိပါ၏။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းမှ ကိုယ်တိုင် ခံစား ခဲ့ကြရသည့် ကာယကံရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်နှင့် အသင်းအဖွဲ့ တာဝန်ရှိသူ များ၏ ပြောကြားချက်ကို သိလိုပါ သေးသည်ဟု ဆိုလျှင်လည်း ထုတ်ပြ ပါဦးမည်။

၂၀၀၉ ခုနှစ် သြဂုတ်လ (၃၁) ရက် စက်တင်ဘာလ (၆) ရက် သတ္တပတ်ထုတ် The Myanmar Times ဂျာနယ်တွင် သတင်းထောက် ရဲလွင်က Reconsider Sanctions, Say Businesses and workers ဟူသော သတင်းဆောင်းပါး တစ်ပုဒ် ရေးသား ဖော်ပြခဲ့ပါသည်။

ယင်းဆောင်းပါး၌ ‘‘အနောက် နိုင်ငံများက မြန်မာ နိုင်ငံအပေါ် နိုင်ငံရေး အကြောင်းရင်းခံ များဖြင့် ချမှတ်ခဲ့သော ပိတ်ဆို့မှု များသည် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်ပျက်စီး စေခဲ့ပြီး၊ လူ့အဖွဲ့အစည်း၏ အဆင်းရဲဆုံး အလွှာ၌ အလုပ်လက်မဲ့များ တိုးပွားလာအောင် တွန်းအားပေးခဲ့သည်’’ ဟု အစချီ ထားသည့် သတင်းထောက်က ‘‘ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းမှ အလုပ်လက်မဲ့ ဖြစ်သွား ခဲ့ရသူ မိန်းကလေးများသည် ပြည်တွင်း၌ ညကလပ်နှင့် အရက်ဘားများ တွင်လည်းကောင်း၊ နိုင်ငံခြား၌ လုပ်ခ အနည်းငယ်ဖြင့် ပင်ပန်း ဆင်းရဲစွာ လုပ်ရသော အလုပ်ရုံ များ၌ လည်းကောင်း၊ မလွှဲမရှောင် ရသော လုပ်ကိုင် နေကြရသည်ဟု လေ့လာ သူများက ပြီးခဲ့သည့် ရက်သတ္တပတ် ကပင် အစီရင် ခံခဲ့သည်’’ ဟုဆိုသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် စတင် အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး သတင်းရေးသည့် ၂၀၀၉ ခုနှစ်တိုင်အောင် ပုံမှန် အလုပ်မရှိဘဲ လမ်းပေါ်၌ ပန်းရောင်းရသည့် မဥမ္မာ (၂၇)နှစ်ဆိုသူ အမျိုးသမီး တစ်ဦးကိုလည်း သတင်းထောက်က တွေ့ဆုံမေးမြန်း ထားသည်။ ဧရာဝတီတိုင်း ဒေသကြီး ဇာတိဖြစ်ပြီး လှိုင်သာယာရှိ အထည်ချုပ် စက်ရုံ တစ်ရုံ၌ လာရောက် လုပ်ကိုင်နေခဲ့သူ မဥမ္မာသည် အမေရိကန်သို့ အထည်များ မတင်ပို့ နိုင်တော့ ခြင်းကြောင့် စက်ရုံ ပိတ်လိုက်ရပြီး ကတည်းက အလုပ် လက်မဲ့ဖြစ်ကာ ဘ၀ရှင်သန် ရပ်တည်ရေးအတွက် ရရစားစား ဘ၀ဖြင့် နှစ်ပေါင်းများစွာ ရုန်းကန် နေရဆဲ ဖြစ်၏။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ၂ဝဝ၃ ခုနှစ် ဇူလိုင်လတွင် စတင်သည့် အမေရိကန် ပိတ်ဆို့မှု ကြောင့် အထည်ချုပ် လုပ်သားပေါင်း ၈၅ဝဝဝ အလုပ်ပြုတ် ကုန်ကြပြီး ယင်းတို့ အနက် ၉၅% မှ ၉၈% မှာ အသက်(၁၈) နှစ်မှ (၃၅)နှစ် အကြား အရွယ်ကောင်း အမျိုးသမီးများ ဖြစ်သည်ဟု မြန်မာတိုင်းမ် ဂျာနယ်ကို ပြောပြခဲ့သည်။

‘‘ပိတ်ဆို့မှုတွေကို လူသားချင်း စာနာမှု အမြင်နဲ့ ပြန်ပြီး သုံးသပ်သင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပိတ်ဆို့မှု တွေဟာ သာမန် ပြည်သူ လူထုကို ထိခိုက်စေလို့ပါ’’ ဟု ဦးမြင့်စိုးက မှတ်ချက် ပြုခဲ့သည် ဆို၏။

ပိတ်ဆို့မှု မတိုင်မီက မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၃ဝဝ ခန့် ရှိခဲ့ရာမှ ပိတ်ဆို့မှု ဒဏ်ချက်ကြောင့် ၂ဝဝ၉ ခုနှစ်တွင် စက်ရုံ ၁၂ဝ ခန့်သာကျန်ခဲ့ကာ အလုပ်သမ ၈၅ဝဝဝ ခန့်သာ ရှိခဲ့တော့သည်။

အမေရိကန် ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းသာမဟုတ် ရေထွက်ပစ္စည်း လုပ်ငန်း၌လည်း ထိခိုက်မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောကြားခဲ့သည်ဟု အဆိုပါ ဆောင်းပါး၌ ဖော်ပြထားသည်။ ၁၉၉၈ မှ ၂၀၀၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်သို့ ရေထွက်ပစ္စည်း တင်ပို့ရာ၌ စတုတ္ထ အများဆုံး အာရှနိုင်ငံ ဖြစ်ခဲ့ပြီး ပိတ်ဆို့မှုသာ မရှိခဲ့ပါက ဒုတိယ အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာဖွယ် ရှိကြောင်း ၎င်းက ပြောကြားခဲ့ သည်ဟုဆို၏။

ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံမှ သာမန်ပြည်သူ လူထုကို ထိခိုက်စေခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ လုပ်ငန်း ရှင်များ၏ အခြားပြောကြား ချက်များစွာ ရှိသေးသော်လည်း ယခုတင်ပြလာသည့် လူတန်းစားစုံ၊ အလွှာစုံ၊ နိုင်ငံစုံမှ လူပုဂ္ဂိုလ်များ၏ ပြောကြား ထုတ်ဖော်မှုများနှင့်ပင် သိသာနေ လောက်ပြီဖြစ်၍ ထိခိုက်မှုကို ဤမျှဖြင့်ပင် ရပ်ထားပါဦး မည်။ ဆက်လက်၍ NLD ၏ စာတမ်း၌ ဤကိစ္စအပေါ် မည်သို့မည်ပုံ စောဒက တက်ထားသည်ကို စောဒနာပြုကာ ဆန်းစစ် သွားပါမည်။

စာတမ်းပါ စောဒကများနှင့် စောဒနာပြုချက်

အဆိုပါစာတမ်း၌ ပိတ်ဆို့မှုကြောင့် ထိခိုက်မှုနှင့် ပတ်သက်၍ စီးပွားရေး ပိတ်ဆို့မှုများကို နိုင်ငံ၏ စီးပွားရေး ပြဿနာ များအတွက် အရေးပါသော အကြောင်းရင်းခံ တစ်ရပ်အဖြစ် IMF မရှုမြင်ပါဟု IMF ကို သက်သေထူသည်။ သို့ရာတွင် IMF က စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ ထိုသို့အမြင် သဘောထားရှိကြောင်း ထုတ်ဖော်မှု မျိုးကိုလည်း မတွေ့ရပါ။ စီးပွားရေး ပိတ်ဆို့မှုသည် မြန်မာနိုင်ငံ စီးပွားရေး ကို အကန့်အသတ်ဖြင့် ထိခိုက်မှု ရှိသည်ဟု ဖော်ပြထား သည်ကိုမူ တွေ့မိပါ သည်။ IMF အနေဖြင့် နိုင်ငံရေးအရ အရေးပါ၍ အထိအခိုက် မခံသော ထိုကိစ္စမျိုးကိုလည်း ပြောလေ့ မရှိပါ။ အထူးသဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများကို ဆန့်ကျင်နေသည့် ကာလတွင် ပို၍ပင် မဖြစ်နိုင်သကဲ့သို့ IMF ၏ မူလ ဖွဲ့စည်းပုံ သဘောတူ ညီချက် အရလည်း စီးပွားရေး ပိတ်ဆို့မှု၊ ငွေကြေး လွှဲပြောင်းခွင့် ပိတ်ဆို့မှုများကို ဆန့်ကျင်ထားသည်။ [IMF သဘောတူ ညီချက် ပုဒ်မ(၆) ပုဒ်မခွဲ (၂)နှင့် ပုဒ်မ(၈) ပုဒ်မခွဲ(၂၁)]

ထိုစာတမ်း၌ ပိတ်ဆို့မှုကြောင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီများ လျော့နည်းသွားခြင်းသည် စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည်ဟူသော စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု ရှိ၊မရှိ စောဒကတက် ထားသည်ကိုလည်း တွေ့ရ၏။ ၎င်းတို့၏ အကြောင်းပြချက်မှာ ၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ဖွံ့ဖြိုးမှုအကူအညီ ဒေါ်လာ ၃၇၁၂ သန်း ရခဲ့ပြီး ဖြစ်ပါလျက် ၁၉၈၇ ဒီဇင်ဘာလကပင် မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဆင့် ကျဆင်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၁၉၈၈ နောက်ပိုင်း တရားဝင် ဖွံ့ဖြိုးမှု အကူအညီများ ရပ်ဆိုင်း သွားခဲ့ခြင်းသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု အားနည်း ရခြင်းနှင့် မဆိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

ဤအချက်မှာ ရုတ်တရက်ကြည့်လျှင် ဟုတ်မှန်သယောင် ထင်ရသော်လည်း သေချာစဉ်းစားလျှင် ယုတ္တိကင်းမဲ့လှ၏။ ၁၉၇၈ မှ ၁၉၈၈ အကြား မြန်မာကရရှိခဲ့သော ဖွံ့ဖြိုးမှု အကူအညီမှာ တစ်နှစ်လျှင် ပျမ်းမျှဒေါ်လာ ၃၇၁ သန်းသာရှိပြီး လူဦးရေနှင့်စားပါက ပြည်သူ တစ်ဦးလျှင် ၁ဝ ဒေါ်လာခန့်သာရှိသည်။ အိမ်နီးချင်း နိုင်ငံများမှာ တစ်နှစ်လျှင် ဒေါ်လာ၂ဝ မှ ၄ဝ ကျော်ခန့် အထိရကြသည်။ ထိုသို့ ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရခဲ့သော ဖွံ့ဖြိုးမှု အကူအညီဖြင့် ဖွံ့ဖြိုးမှု လုပ်ငန်း ကို မည်သို့ ထိရောက်စွာ လုပ်ကိုင် နိုင်ပါအံ့နည်း။

၁၉၈၇ နှစ်ကုန်တွင် မြန်မာနိုင်ငံ၌ စီးပွားရေး အကျပ်အတည်း ဖြစ်ခဲ့သည် မှန်ပါ၏။ ထို့ကြောင့်လည်း နိုင်ငံရေး မတည် ငြိမ်မှုအဖြစ် ကူးစက်ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ခဲ့သည်။ အလားတူပင် ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများ၌ လည်း စီးပွားရေး အကျပ်အတည်းများ ဖြစ်ခဲ့ဖူးသည်ပင်။ (ဥပမာ) ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ ၁၉၉၇ ခုနှစ်တွင် အကျပ်အတည်း ဖြစ်ခဲ့သည်။ ထိုကာလ၌ IMF ၊ ကမ္ဘာ့ဘဏ်စသော ငွေကြေး အဖွဲ့အစည်းများက ထောက်ပံ့ငွေ၊ ချေးငွေများ ဖြင့် ပံ့ပိုး ကူညီကြသည်။

မြန်မာနိုင်ငံ၌မူ IMF နှင့် ကမ္ဘာ့ဘဏ်တို့သည် ၁၉၈၇ ခုနှစ်ကပင် မြန်မာက အကြွေးမဆပ်နိုင်၍ စည်းကမ်းနှင့် မညီဟု ဆိုကာ ငွေထပ်မံ ထုတ်ချေးမှု မပြုတော့ဘဲ ရပ်ဆိုင်းထားခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဘေးကြီး ကြုံရချိန်၌ပင် တစ်ပြား တစ်ချပ်မျှ ကူညီထောက်ပံ့ ချေးငှားမှု မပြုခဲ့ပေ။ (ဟေတီကိုမူ ကြွေးကျန်ရှိသည့်ကြားမှ ဒေါ်လာ သန်းရာနှင့် ချီကာ ထပ်မံ ထုတ်ချေးပေးခဲ့သည်။)

အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့ကလည်း နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ငွေထုတ်ပေးခြင်း မပြုစေရန် ၂ဝဝ၃ နှင့် ၂ဝဝ၄ ခုနှစ်တို့တွင် တရားဝင် ပိတ်ဆို့ထားခဲ့ရာ မြန်မာနိုင်ငံအတွက် မည်သည့် အဖွဲ့အစည်း ထံကမျှ ငွေကြေး လက်ခံရရှိရန် မျှော်လင့်ဖွယ် မရှိတော့ပေ။

ချမ်းသာသော နိုင်ငံများက ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် ODA ခေါ် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ မှာလည်း ၁၉၈၈ နောက်ပိုင်း မရှိသလောက် ရပ်ဆိုင်းသွားခဲ့ရာ ရေနစ်သူကို ဝါးကူ၍ ထိုးသကဲ့သို့ ဖြစ်တော့သည်။

ပြဿနာမှာ ယင်းစာတမ်း၌ ‘‘ရေနစ်သူသည် ရေထဲ၌ နစ်ပြီးဖြစ်၍ ၀ါးကူ၍ ထိုးသော်လည်း အကုသိုလ် မဖြစ်တော့’’ ဟူသည့် သဘောမျိုးဖြင့် မိုးကြိုးပစ်ရာ ထန်းလက်ဖြင့် ကာထားခြင်းပင်ဖြစ်၏။ တစ်နည်းဆိုသော် သေလုနီးပါး အားနည်း ဖျားနာနေသည့် လူမမာအား သေခါနီးပြီဖြစ်၍ အစာကျွေး ရေတိုက်စရာ မလိုတော့ဘဲ ပစ်ထားခြင်းသည် မှန်ကန်သော လုပ်ရပ်အဖြစ် ရှေ့နေလိုက်ခြင်းပင် ဖြစ်တော့သည်။

စင်စစ်၌ လက်ရှိအခြေအနေ၌ပင် မြန်မာနိုင်ငံက လက်ခံရရှိသော ODA အကူအညီမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းစာသော် မယှဉ်သာအောင် နည်းနေဆဲဖြစ်၏။ ဥပမာ - ဗီယက်နမ် နိုင်ငံသည်၂ဝ၁ဝ ပြည့်နှစ်အတွင်း ဒေါ်လာ သန်းရှစ်ထောင် ရမည်ဟု ကတိပြုချက်များ ရရှိထားသော်လည်း လက်တွေ့၌ ဒေါ်လာသန်း လေးထောင် ကျော်ခန့်သာ သဘောတူစာချုပ် ချုပ်ရသဖြင့် ညည်းတွား နေသည် ကို ဖတ်ရှုရသည်။

၂ဝဝ၈ ခုနှစ်အတွက် စာရင်းဇယားကို ကြည့်ပါက တစ်ဦးကျ ODA ပမာဏတွင် လာအိုက ၄၈ ဒေါ်လာ၊ ကမ္ဘောဒီးယားက ၅၁ ဒသမ ၆ ဒေါ်လာ၊ ဗီယက်နမ်က ၄၃ ဒသမ ၅ ဒေါ်လာနှင့် သီရိလင်္ကာက ၅ဝ ဒေါ်လာ ရရှိချိန်တွင် မြန်မာက ၁ဝ ဒေါ်လာ ကျော်ခန့်သာ ရကြောင်း တွေ့ရ၏။ ဤသည်မှာပင် နာဂစ်ကြောင့်ရသည့် အကူအညီများ ထည့်ပေါင်းထား၍ ထိုမျှရ ခြင်းဖြစ်ပြီး နာဂစ် အကူအညီကို နုတ်ပါက သုံးဒေါ်လာကျော်သာ ရှိမည်ဖြစ်၏။ ထို့ကြောင့် တစ်နှစ်တစ်ဦးလျှင် ပျမ်းမျှ ၄၅ ဒေါ်လာနှုန်း ရသင့်သည်ဟု တွက်ပါက မြန်မာလူဦးရေ သန်း ၅ဝ အတွက် ODA အကူအညီမှာ တစ်နှစ်လျှင် ဒေါ်လာသန်း ပေါင်း ၂၂၅ဝ ခန့် ဆုံးရှုံးနေရသည်ဟု ဆိုနိုင်သည်။ ထိုမျှသော ငွေပမာဏမှာ မြန်မာနိုင်ငံက တစ်နှစ်စာ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေနှင့် ညီမျှသလောက် ရှိပေရာ အကယ်၍ ထိုသို့ ရသင့် ရထိုက်သော အကူအညီ ပမာဏသာ ၁၉၈၈ ခုနှစ် မှစ၍ ရခဲ့မည် ဆိုပါက နိုင်ငံဖွံ့ဖြိုးရေး၊ အခြေခံ လူထု၏ ကျန်းမာရေး၊ ပညာရေးတို့ အတွက် မည်မျှ အထောက်အကူ ဖြစ်လိမ့် မည်ဆိုသည်ကို တွက်ဆ နိုင်ပေသည်။

သို့သော် မြန်မာအစိုးရ အနေဖြင့် ပိတ်ဆို့မှု အမျိုးမျိုး အကြား၊ အကူအညီ အထောက်အပံ့ ဖြတ်တောက်မှု မျိုးစုံ အကြားမှ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ကိုယ့်အား ကိုယ်ကိုး၍ ရုန်းကန်ခဲ့ရသည်။ ထိုသို့ ရုန်းကန် ကြိုးပမ်းကာ ရရှိလာသည့် ဝင်ငွေများမှ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော အခြေခံ အဆောက်အအုံ၊ လမ်းတံတားများ ကိုလည်း အပြင်းအထန် တိုးချဲ့၍ ဖောက်လုပ်ရသည်။ စွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးမားသော ရေအားလျှပ်စစ် စီမံကိန်း များကို အစုလိုက် အပြုံလိုက် ဆောက်ရသည်။ စက်မှုဖွံ့ဖြိုး ရေးအတွက် စက်မှုဇုန်များ တည်ဆောက်ရသည်။ နိုင်ငံ ရိက္ခာနှင့် စီးပွားရေး အတွက် အဓိကကျသော စိုက်ပျိုးရေး လုပ်ငန်း တိုးတက် လာစေရန် ဆည်မြောင်း တာတမံ၊ မြစ်ရေတင် စီမံကိန်းများ ကိုလည်း အစုအဖွဲ့ဖြင့် တိုးချဲ့ တည်ဆောက်ရသည်။ နိုင်ငံ ကာကွယ်ရေး အတွက်လည်း ခေတ်မီ တပ်မတော် ဖြစ်အောင် တည်ဆောက်ရသည်။ ပညာရေး အတွက် ကျောင်းများ၊ တက္ကသိုလ်များ၊ ကျန်းမာရေး အတွက် ဆေးရုံ ဆေးခန်းနှင့် ဆေးဘက် ပညာသင် တက္ကသိုလ်များ ကိုလည်း တစ်နိုင်ငံလုံး အကြားအလပ် မရှိအောင် တိုးချဲ့ တည်ဆောက်ရသည်။ ဤသို့ မနေမနား ကြိုးပမ်း မှုများကြောင့် သိသာထင်ရှားသော အောင်မြင်မှုများလည်း ရလာခဲ့သည်။ ဥပမာ အားဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် ဆန်စပါး ဖူလုံရုံမျှမက ဆန်တင်ပို့ နိုင်သည့် အဓိက နိုင်ငံတစ်ခု ဘဝသို့ ရောက်ရှိလာခဲ့ သကဲ့သို့ ပဲမျိုးစုံ တင်ပို့မှုတွင်လည်း ကမ္ဘာ့ ထိပ်တန်းနိုင်ငံ ဖြစ်လာသည်။ စိုက်ပျိုးရေး ဖွံ့ဖြိုးသည် နှင့်အမျှ နိုင်ငံ၏ လူများစုဖြစ်သော တောင်သူ လယ်သမား များ၏ ဘဝအခြေအနေ မှာလည်း ယခင်ကနှင့် လုံးဝ မတူအောင် ကွဲပြား ခြားနားကာ တိုးတက်လာခဲ့သည်။

သို့တိုင်အောင် ယင်းစာတမ်း၌ လူထု၏ ပညာရေးနှင့် ကျန်းမာရေးကို အလေးထား ဆောင်ရွက်ခြင်း မရှိသဖြင့် လူနေမှု အဆင့်အတန်း မှာလည်း မြင့်မားလာခြင်း မရှိဟု ထောက်ပြဝေဖန် ထားသည်မှာ တက်တက်စင်အောင် မှားနေပေသည်။ ယင်းစာတမ်းက UNDP ၏၂ဝ၁၁ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင် ခံစာကို ကိုးကား ဖော်ပြထားသည်။ ယင်း UNDP အစီရင်ခံ စာ၌ပင် မြန်မာ နိုင်ငံ၏ HDI ခေါ် လူသား ဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ ၂ဝဝ၅ ခုနှစ်မှစ၍ သိသိသာသာ တိုးတက် လာခဲ့သည်ကို တွေ့နိုင်သည်။ ယင်း စာတမ်း၌ မြန်မာ နိုင်ငံသည် လာအိုနှင့် ကမ္ဘောဒီးယား တို့လောက်ပင် လူသား ဖွံ့ဖြိုးမှု မရှိဟု ဆိုထားရာ ညွှန်းမှတ် ကိန်းဂဏန်း အရ နိမ့်နေသေး သော်လည်း တိုးတက်မှုနှုန်း ပို၍မြင့်မား မြန်ဆန်သည်ကို နှိုင်းယှဉ် ပြလိုပါသည်။

၂ဝဝ၅ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အကြား မြန်မာနိုင်ငံ၏ HDI ညွှန်းကိန်း တိုးတက်မှုသည် ဝ.ဝ၄၅ ရှိချိန်၌ လာအိုမှာ ဝ.ဝ၃၇ နှင့် ကမ္ဘောဒီးယားမှာ ဝ.ဝ၂၈ သာရှိသည်ကို တွေ့ရ၏။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ လူသားဖွံ့ဖြိုးမှု နှုန်းသည် လာအိုထက် ၂၁ % ပိုမို၍ ကမ္ဘောဒီးယား ထက် ၆ဝ % ပိုမို မြန်ဆန်စွာ တိုးတက် လာခဲ့ခြင်းပင် ဖြစ်၏။

အဘယ်ကြောင့် ညွှန်းမှတ် ကိန်းဂဏန်းတွင် မြန်မာက နိမ့်ကျနေရ သေးသည်ကိုလည်း ရှင်းလိုပါ၏။ စင်စစ်၌ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အချက်များ၌ မြန်မာသည် ထိုနိုင်ငံ နှစ်ခုနှင့် များစွာ မကွာလှသည့် အပြင် အချို့ အရေးပါသော အချက်များ၌ များစွာသာလွန် နေသေးသည်ကို တွေ့ရ၏။ ဥပမာ- ပညာရေးနှင့် ပတ်သက်၍ စာတတ်မြောက်မှု နှုန်း၌ မြန်မာသည် ၈၉.၉% ရှိနေချိန်၌ လာအိုမှာ ၇၃%နှင့် ကမ္ဘောဒီးယားမှာ ၇၃.၆% သာရှိ၏။ ကျန်းမာရေးနှင့် ပတ်သက်၍ မီးဖွားမိခင် သေနှုန်း၌ မြန်မာသည် မီးဖွားမှု (အရှင်မွေး) တစ်သိန်းတွင် ၃၈ဝ ဦးရှိရာ လာအိုမှာ ၆၆ဝ ဦးနှင့် ကမ္ဘောဒီးယား မှာ ၅၄ဝ ဦးရှိ နေသည်။ သန့်ရှင်းသော အိမ်သာ အသုံးပြု နိုင်မှု၌ မြန်မာသည် နိုင်ငံလူဦးရေ၏ ၈၁% သုံးနိုင်ပြီး လာအိုမှာ ၅၃% နှင့် ကမ္ဘောဒီးယားမှာ ၂၉% သာ ရှိသည်ကို တွေ့ရ၏။

သို့ပါလျက် အဘယ်ကြောင့် HDI ကိန်းဂဏန်း နိမ့်နေရသနည်း ဆိုသော် အဓိက အားဖြင့် အချက် နှစ်ချက်ကြောင့် ဖြစ်နိုင် ဖွယ်ရှိကြောင်း မှန်းဆရ၏။ ပထမ အချက်မှာ တစ်ဦးကျ အမျိုးသား ဝင်ငွေ GNI တွက်ချက်ရာ၌ မြန်မာနိုင်ငံတွင် ငွေကြေး လဲလှယ်နှုန်း အမျိုးမျိုး ရှိနေသောကြောင့် တိကျစွာ တွက်ချက်ရန် ခက်ခဲခြင်း၊ စာရင်း၌ မပါဝင်သော အခြား ဝင်ငွေများ (ဥပမာ၊ အခွန် မဆောင်သော ကုန်ပစ္စည်း တင်သွင်း/ တင်ပို့မှုနှင့် အခြား လုပ်ငန်းများ) ရှိနေသေးခြင်း စသည့် အကြောင်းများကြောင့် မကြာခင် ပေါ်လာသော ကိန်းဂဏန်းများက နည်းနေနိုင်ခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ လူသားလုံခြုံမှု ကိစ္စ၌ မြန်မာ နိုင်ငံတွင် ရွှေ့ပြောင်း ခိုလှုံနေရသူ အရေအတွက်ကို ၁၈၄ဝဝဝ ခန့် အထိ များပြားစွာ ဖော်ပြထားပြီး လာအို၌ ၈၆ဝဝ၊ ကမ္ဘောဒီးယား၌ ၁၇၃ဝဝ ခန့်သာ ဖော်ပြထားရာ ကိန်းဂဏန်းချင်း များစွာ ကွာခြားလှသည့် အတွက် ယင်းကိုထည့်သွင်း တွက်ချက်သည့် အခါ အနုတ် လက္ခဏာပြမှု ကြီးမားကာ မြန်မာက ညွှန်းမှတ် နောက်သို့ ရောက်သွားခြင်း ဖြစ်၏။ ဤအတွက်ကား မြန်မာ နိုင်ငံ၌ နှစ်ပေါင်းများစွာ သက်ဆိုးရှည် လှသော ပြည်တွင်း သောင်းကျန်းမှုနှင့် ဒုက္ခသည် စခန်းကို ဗန်းပြကာ လှုပ်ရှား နေကြသူ များကိုသာ အပြစ်တင် သင့်ပေသည်။

သို့ဖြစ်ရာ ပိတ်ဆို့မှုကြောင့် မြန်မာ နိုင်ငံ၌ ထိခိုက်မှုနှင့် ပတ်သက်၍ ကောက်ချက် ဆွဲရသော် အောက်ခြေ လူထု၌ပါ အတိုင်း အတာတစ်ခု အထိ သက်ရောက်မှု ရှိသည်မှာ မငြင်းနိုင်ပေ။ သို့သော် လူများစု ဘဝပျက်၍ ဖရိုဖရဲ ဖြစ်ရ လောက်အောင် အခြေအနေ ဆိုးမသွားဘဲ နိုင်ငံစီးပွားရေး ပြန်ကောင်း လာသည်မှာ ပိတ်ဆို့ သူများက သဘော ကောင်းလာ၍ မဟုတ်ပေ။ အမှန်စင်စစ် တစ်စထက် တစ်စ ပို၍ တင်းကျပ်စွာ ပိတ်ဆို့လာခဲ့ ခြင်းသာရှိပြီး နာဂစ် မုန်တိုင်း မြန်မာ နိုင်ငံတွင် ကျရောက်လုဆဲ ကာလမှာပင် သိလျက်နှင့် ကိုယ်ချင်း မစာဘဲ မြန်မာအပေါ် ပိတ်ဆို့မှုကို သက်တမ်း တိုးသည့် အမိန့်အား အမေရိကန် သမ္မတက လက်မှတ် ထိုးခဲ့သည် ဖြစ်ရာ ဤသို့ စိတ်စေတနာ ဆိုးရွားလှသည့် ပိတ်ဆို့ မှုကြားမှ နိုင်ငံပြန် ထောင်လာနိုင်သည့် ဖြစ်စဉ်မှာ မြန်မာ အစိုးရနှင့် ပြည်သူများ၏ စိတ်ဓာတ်ကြံ့ခိုင် စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံကို တည်ဆောက်နိုင်မှု၊ သဘာဝ သယံဇာတ များကို အကျိုးရှိစွာ အသုံးချ နိုင်မှုနှင့် ပတ်ဝန်းကျင် ဒေသတွင်း နိုင်ငံများ၏ နားလည် ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်မှု တို့ကြောင့် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပါ။

သို့စင်လျက် ပိတ်ဆို့ သူတို့က သဘောကောင်းစွာ ဆင်ဆင်ခြင်ခြင် ရွေးချယ် ပိတ်ဆို့မှုကြောင့် အောက်ခြေ လူထုကို စိုးစဉ်းမျှ ထိခိုက်မှု မရှိပါဟု ပရမ်းပတာ မခိုင်လုံ လှသော အကြောင်းပြချက် များဖြင့် မြန်မာပြည်သူ များနှင့် ကမ္ဘာကို လှည့်စားရန် အားထုတ် နေခြင်းမှာမူ နိုင်ငံနှင့် ပြည်သူတို့ အပေါ် မေတ္တာ ကရုဏာ စသော ဗြဟ္မစိုရ် တရားများ မထားရက် လေခြင်းဟုသာ စိတ်မကောင်းစွာ ကောက်ချက်ချရန် ရှိပေတော့သည်။

မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှု များသည် ပိတ်ဆို့သူ တို့၏ ရည်ရွယ်ချက်ကို ပေါက်မြောက် အောင်မြင်အောင် မည်မျှ လုပ်ဆောင် ပေးနိုင်သည် ဆိုသည့် ''ထိရောက်မှု'' အပိုင်းကိုလည်း ဆက်လက်၍ ဆွေးနွေး တင်ပြ သွားပါဦးမည်။

ရန်ကြီးအောင်

(ဆက်လက်ဖော်ပြပါမည်။)
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ထုတ်၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈)မှ ဆောင်းပါးရှင် ရန်ကြီးအောင်၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)