xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့အရေးယူမှုကင်းကင်းနဲ့ ခြေလှမ်းသွက်သွက်ခရီး ဆက်နိုင်ဖို့ အချိန်တန်ပြီ

Monday, February 21, 2011

ပိတ်ဆို့အရေးယူမှုကင်းကင်းနဲ့ ခြေလှမ်းသွက်သွက်ခရီး ဆက်နိုင်ဖို့ အချိန်တန်ပြီ

(NLD နဲ့ ဒေါ်စုကြည်ကို ပြည်သူလူထုကို ပြန်တောင်းပန်ရမယ်ဆိုပြီး ပါလာလို့ အနောက်အုပ်စု မီဒီယာ တွေ သံပြိုင် ထအော်သွားစေတဲ့ မောင်မှတ်ရဲ့ဆောင်းပါးပါ )
 အနောက် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ပြည်သူ အများစုထက် တည်ဆဲ အစိုးရ အပေါ်မှာသာ ထိရောက်စေတာ ဖြစ်တဲ့အတွက် ဒီဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့်တယ်လို့ NLD ဒုတိယဥက္ကဋ္ဌက ပြောကြားကြောင်း အနောက် လေလှိုင်းတစ်ခုက ထုတ်လွှင့် သွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေရဲ့ အကျိုး သက်ရောက်မှုနဲ့ ပတ်သက်လို့ NLD ရဲ့ လေ့လာ တွေ့ရှိမှုတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ အကြံပေး ဆွေးနွေးမှုတွေ အပေါ်မှာ အခြေခံပြီး အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီသတင်းနဲ့ ရှေ့ဆင့် နောက်ဆင့်မှာပဲ မြန်မာ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ခေါင်းစဉ်ပါ NLD ရဲ့ သဘောထား စာတမ်းကို ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အဲဒီစာတမ်းမှာပဲ ''စီးပွားရေး ပိတ်ဆို့မှု များကို မြန်မာနိုင်ငံရှိ မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ တောင်းဆိုချက် များကြောင့် ချမှတ်ခဲ့ရသည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံများ၏ ဆုံးဖြတ်ချက် များသာ ဖြစ်ပါသည်'' ဆိုပြီး ဖော်ပြ ထားပါတယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာခဲ့တာ အခုဆိုရင် ရှစ်နှစ်ထဲကို ရောက်လာပါပြီ။ ၂ဝဝ၃ ခုနှစ် ကတည်းက မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ (Burmese Freedom and Democracy Act of 2003) ဆိုတာကို သမ္မတဘုရှ် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြီး ပိတ်ဆို့မှုတွေ စတင် ခဲ့တာပါ။ အဲဒီလို ဖြစ်လာအောင်လည်း ပြည်တွင်းကနေ ဘယ်သူတွေက တောင်းဆိုခဲ့တယ်၊ ဘယ်လိုတွေ ဆက်သွယ်ပြီး ဘယ်လိုတွေ အခါတော် ပေးခဲ့တယ် ဆိုတာ ပြည်သူ အားလုံး သိထားပြီးသား ကိစ္စတွေ ဖြစ်နေပါပြီ။

တစ်ချိန်တုန်းက ''မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ကြပါနဲ့၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ မပေးကြပါနဲ့၊ ကမ္ဘာလှည့် ခရီးသည်တွေ မလာကြပါနဲ့၊ နိုင်ငံတကာ အဖွဲ့အစည်း တွေမှာ မြန်မာနိုင်ငံကို လက်မခံ ကြပါနဲ့'' ဆိုပြီး တစာစာ တောင်းဆိုသူ ရှိခဲ့ တာကြောင့် ကျွန်တော်တို့ ပြည်သူတွေဟာ Sanction ဆိုတဲ့ ဝေါဟာရကို မရင်းနှီးချင်ဘဲ ရင်းနှီးခဲ့ကြ ရတာပါ။ ဒါကို အားလုံး သိပါတယ်။ အခုအချိန်ကျမ Sanction ဟာ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ်တောင်းဆိုခဲ့တာ မဟုတ်သလို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် ပါပဲဆိုပြီး ဗြောင်ငြင်းတာ ကတော့ အရုပ်ဆိုးလွန်း လှပါတယ်။
ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး ပြည်သူအများရဲ့ သဘောထား တွေကို နားထောင်ဦးမယ်၊ ပြီးမှ ဒီအရေးယူ ဒဏ်ခတ်မှု တွေကို ဖယ်ရှားဖို့ သင့်မသင့် ဆိုတာကို ဆုံးဖြတ်မယ်လို့ ဖျက်သိမ်းခံပါတီ ခေါင်းဆောင်က ပြောခဲ့တာ သိပ်မကြာလှသေး ပါဘူး။ အခုတော့ ဆုံးဖြတ် လိုက်ပါပြီ။ ဆုံးဖြတ် ပြန်တော့လည်း မူမပြောင်း၊ လမ်းကြောင်းမပြောင်း ဓာတ်ပြားဟောင်းကြီး အတိုင်း မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီး ရှိနေသင့် ပါတယ် ဆိုတဲ့ အဖြေပဲ ထွက်လာတာပါပဲ။ ကိုယ်စခဲ့တဲ့ ဇာတ်ဆိုတော့ တိုင်းပြည် ဘာပဲဖြစ်ဖြစ်၊ ပြည်သူတွေ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ဒီဇာတ်ညွှန်း အတိုင်းပဲ ကောင်းပါတယ်လို့ မျက်လုံးစုံမှိတ်ပြီး ပြောထွက် လာတာပါပဲ။ တတ်လည်း တတ်နိုင်ကြပါပေရဲ့။
ဒီလို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ရတာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ပိုကောင်း လာဖို့နဲ့ ဒီမိုကရေစီ တန်ဖိုးတွေ ထွန်းကား လာဖို့ အတွက် ရည်ရွယ်ရင်း ဖြစ်ပါတယ် ဆိုပြီး အနောက်နိုင်ငံတွေ ဘက်က ရှေ့နေလိုက် ပေးနေ ပြန်ပါတယ်။ တကယ်တမ်း ကျတော့ ဒီ Sanction ဆိုတာဟာ ပြည်တွင်း ပုဆိန်ရိုး အုပ်စု အတွက်ရော၊ ပိတ်ဆို့တဲ့ အနောက်အုပ်စု နိုင်ငံတွေ အတွက်ပါ ကိုယ့် တွက်ကိန်းနဲ့ ကိုယ် ကိုယ်ကျိုးစီးပွား သက်သက်ကြည့်ပြီး လုပ်ကြံဖန်တီး ခဲ့ကြတဲ့ စနက် တစ်ခုပါ။ ပြည်တွင်း ပုဆိန်ရိုး အုပ်စု ကလည်း ကိုယ်နဲ့ ကိုယ့်ပါတီ အာဏာရဖို့၊ ကိုယ့်အဖွဲ့အစည်း ကောင်းစားဖို့ ဦးတည်ပြီး တောင်းဆိုခဲ့တာ ဖြစ်သလို အနောက်အုပ်စု ကလည်း သူတို့ လိုလားတဲ့ ရုပ်သေး အစိုးရ အာဏာရရေး၊ သူ့သြဇာခံပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပြောသမျှ ခေါင်းညိတ်မယ့် လက်ဝေခံ အစိုးရ တစ်ရပ် ပေါ်ပေါက် လာစေဖို့ ရည်မှန်းပြီး ပိတ်ပေး ဆို့ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အားလုံးမှာ သူတို့စိတ်ကြိုက် အခွင့်အရေးတွေ ယူပြီး သူတို့နိုင်ငံ အကျိုးစီးပွား၊ သူတို့အုပ်စု အကျိုးစီးပွားကို ဖော်ဆောင် သွားနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်လည်း ပါမှာ အသေအချာပါပဲ။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံ အပေါ် စီးပွားပျက် အကျပ်ဆိုက်အောင် လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ဖြတ်တောက်တာ၊ စီးပွားရေး ပိတ်ဆို့ အရေးယူတာ တွေဟာ သေချာ တွေးကြည့်ရင် လူလူချင်း စာနာ ထောက်ထားမှု အကင်းမဲ့ဆုံး လုပ်ရပ် ဖြစ်ပါတယ်။ ဒီပိတ်ဆို့မှု တွေကြောင့် ပြည်သူတွေ စားဝတ်နေမှု အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့လာရမယ် ဆိုရင် ဒါကို အဆိုးရွားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှု အဖြစ် သတ်မှတ် ရမှာပါပဲ။ ဘယ်နိုင်ငံ မဆို စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှ လူနေမှု အဆင့်မြင့် လာမယ်၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း မြင့်လာမယ်၊
တွေးခေါ် မြော်မြင်နိုင်မှု အသိဉာဏ် ဗဟုသုတ မြင့်လာမယ်၊ အခြေခံ စားဝတ်နေမှု အခွင့်အရေး ကွာဟချက် ကျဉ်းမြောင်း လာမယ် ဒီလို အခြေခံတွေ ပြည့်စုံပြီးမှသာ ဒီမိုကရေစီရေး ကို အပြည့်အဝ အောင်မြင်အောင် ကျင့်သုံး ဖော်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး လို့ အသံကောင်း ဟစ်ပြီး လက်တွေ့မှာ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နေတာဟာ တကယ်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ခက်ခဲအောင်၊ နှောင့်နှေး ကြန့်ကြာအောင် လုပ်နေ သလိုပါပဲ။
ပိတ်ဆို့ ဒဏ်ခတ်မှု တွေဟာ ပြည်သူ အများစုထက် အစိုးရနဲ့ သူနဲ့ နီးစပ်တဲ့ စီးပွားရေး သမားတွေကိုပဲ ထိခိုက် စေပါတယ်လို့ သူတို့က အကြောင်းပြ ပါတယ်။ တကယ်တော့ နိုင်ငံနဲ့ ပြည်သူဆိုတာ ရေနဲ့ ကြာပါပဲ။ နိုင်ငံဆိုတဲ့ ရေမြင့်မှ ပြည်သူဆိုတဲ့ ကြာ တင့်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ပြောသလို တည်ဆဲ အစိုးရကို ထိခိုက်အောင် လုပ်တာ ဆိုပေမယ့် အစိုးရ ထိခိုက်ရင် နိုင်ငံကိုရော ပြည်သူကိုပါ ထိခိုက်စေတယ် ဆိုတာ နားလည်ဖို့ သင့်ပါတယ်။ ဒါကြောင့် အဲဒီ ပိတ်ဆို့မှုတွေဟာ အစိုးရကိုပဲ ထိခိုက်အောင် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ ဆင်ဝှေ့ရန်ရှောင် ပြောနေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။
တည်ဆဲ အစိုးရဟာ ၁၉၈၈ ခုနှစ်က စပြီး ဗဟိုက ချုပ်ကိုင်တဲ့ တစ်ပါတီ ဆိုရှယ်လစ် စနစ်ကို ဖျက်သိမ်းပြီး ပြည်သူအများ လိုလား တောင့်တနေတဲ့ တံခါးဖွင့် ဈေးကွက် စီးပွားရေး စနစ်နဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း ဖော်ဆောင် ပေးခဲ့တဲ့ အစိုးရ ဖြစ်ပါတယ်။ အဲဒီလို ကူးပြောင်း ဖော်ဆောင်ရာ မှာလည်း အနောက် ဒီမိုကရေစီကို ပုံတူမကူးဘဲ နိုင်ငံရဲ့ ပကတိ အရှိတရား၊ ပြည်သူရဲ့ လူမှုဘဝနဲ့ ကိုက်ညီ ဆီလျော်ပြီး ချောမွေ့ ညင်သာစွာ ကူးပြောင်းနိုင်အောင် အဘက်ဘက်က လမ်းခင်းမြှင့်တင် ဖော်ဆောင် ပေးနေတဲ့ အစိုးရ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ နှစ်ဖက်ညှပ်ပြီး နိုင်ငံရေး၊ စီးပွားရေး ဖိအားပေး နှောင့်ယှက်မှု အဖုံဖုံ ကြားထဲကနေ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းပြီး နိုင်ငံနဲ့ ပြည်သူကို ဒီနေ့ ဒီအခြေ ရောက်လာအောင် တည်ဆောက်မြှင့်တင် ပေးခဲ့တဲ့ အစိုးရ ဖြစ်ပါတယ်။
နိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်တို့ စည်းလုံး ညီညွတ်စွာ နေ့မအား ညမနား နှစ်ပေါင်း (၂ဝ)ကျော် ကြိုးပမ်း ဖော်ဆောင် ခဲ့ကြပေမယ့် ဒီနေ့ဒီအချိန် အထိ နိုင်ငံနဲ့ ပြည်သူ အတွက် လိုအပ်ချက်တွေ အားလုံး ပြီးပြည့်စုံတဲ့ အဆင့် မရောက်နိုင် သေးတာဟာ ဒီပိတ်ဆို့ ဖိအားပေး နှောင့်ယှက်မှု တွေကြောင့် ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။
အနောက် နိုင်ငံတွေရဲ့ တစ်ဖက်သတ် စီးပွားရေး ပိတ်ဆို့ အရေးယူ မှုကြောင့် နိုင်ငံနဲ့ ပြည်သူ အတွက် အများကြီး ထိခိုက် နစ်နာခဲ့ရ ပါတယ်။ အရှိန်ရစ ပြုလာတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ကို ပြန်ရုပ်သိမ်း သွားတာ၊ လက်ရှောင် သွားတာ အများကြီး ရှိခဲ့သလို Global Fund လို ပြည်ပ အထောက်အပံ့တွေ ဆိုတာလည်း မရှိသလောက် ကို ဖြစ်ခဲ့ပါတယ်။ ပို့ကုန်သွင်းကုန် ဆိုင်ရာ တားဆီး ပိတ်ဆို့မှု တွေကြောင့် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ တင်ပို့ ရောင်းချမှု၊ တင်သွင်းမှု၊ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု စသဖြင့် အဘက်ဘက်မှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ပြည်သူအားလုံး သိပါတယ်။ နိုင်ငံရဲ့ စီးပွား ဖွံ့ဖြိုးမှုကို ထိခိုက် စေခဲ့သလို တစ်ဖက်ကလည်း ပြည်သူ အများစုရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံး ခဲ့ရပါတယ်။ စက်ရုံ ပိတ်ခဲ့ရတဲ့ အလုပ်သမား တွေရဲ့ အလုပ်လက်မဲ့ ပြဿနာ၊ သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး ပြဿနာတွေဟာ ဒီ Sanction ကြောင့်ဆိုတာ အထင်အရှားပါပဲ။ အလားတူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေကို ပိတ်ဆို့ခဲ့လို့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကြီးတွေ သာမက အဲဒီ ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရတဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်၊ စားသောက်ဆိုင်၊ နောက်ဆုံး အငှား ယာဉ်မောင်း၊ ဆိုက်ကားသမား အထိ ထိခိုက် နစ်နာမှု တွေဟာ ပြန်ပြောရရင် တစ်ထောင့်တစ်ည ပုံပြင်ထက် လျော့ဖို့ မရှိပါဘူး။ ပြည်သူတွေ ကြုံတွေ့ ခံစားခဲ့ရတဲ့ ဒီဆင်းရဲ ဒုက္ခပေါင်းစုံရဲ့ အဓိက တရားခံ ကတော့ ဒီ Sanction ကို တစ်ခုပ်တရ တောင်းဆိုခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကိုယ်ကျိုး စီးပွား သက်သက်ကို ကြည့်ပြီး သူတစ်ပါး နိုင်ငံနဲ့ ပြည်သူအပေါ် စာနာ ထောက်ထားမှု ကင်းမဲ့စွာ ပိတ်ဆို့ အရေးယူမှုကို လက်လွတ်စပယ် ချမှတ် ဆောင်ရွက် ခဲ့ကြတဲ့ နိုင်ငံကြီးတွေ ပါပဲ။ ဒါကို ပြည်သူက သိပါတယ်။
ဖတ်မှတ် မိသလောက် ပြောရရင် အမေရိကန် အစိုးရ တစ်ရပ်တည်းက တစ်ကမ္ဘာလုံးမှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ပေါင်း (၆ဝ)ကျော် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ခဲ့သမျှ ပိတ်ဆို့ အရေးယူမှု တိုင်းမှာလည်း ဒီမိုကရေစီရေးကို အကြောင်းပြပြီး ထင်တိုင်း ကြဲခဲ့တာက များပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ အဲဒီ ပိတ်ဆို့မှု တွေကြောင့် ဒီမိုကရေစီ နိုင်ငံ ဖြစ်သွား ရပါတယ် ဆိုတဲ့ နိုင်ငံမျိုး တစ်နိုင်ငံမှ မကြားမိသေး ပါဘူး။ ပိတ်ဆို့ အရေးယူမှုကြောင့် ပြည်သူတွေ ဒုက္ခ ပင်လယ် ဝေပြီး နိုင်ငံချွတ်ခြုံ ကျသွားတာမျိုး အချို့ ရှိသော်လည်း အများစု ကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြံ့ကြံ့ခံပြီး ကိုယ့်ခရီးကိုယ် ဆက်နေကြဆဲပါ။ ပြောရရင် ပိတ်ဆို့ အရေးယူမှုကြောင့် ဒီမိုကရေစီ ဖြစ်လာနိုင်ဖို့ ဆိုတာ ဝေးလွန်း လှပါတယ်။ ဒီမိုကရေစီနဲ့ ပိတ်ဆို့ အရေးယူမှု ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။
တကယ်တမ်း ပြောရရင် ဒီမိုကရေစီကို ဒီလိုမျိုး အတင်း အဓမ္မ ဖိနှိပ်သွတ်သွင်း ပုံဖော်လို့ မရနိုင်ပါဘူး။ ဥပမာ- အီရတ် နိုင်ငံကိုပဲ အမြင်သာဆုံး တွေ့နိုင်ပါတယ်။ အမေရိကန်ဟာ အီရတ်နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု တွေနဲ့ စတင်ခဲ့ပြီး အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ထူထောင်ရေး ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ တစ်ကမ္ဘာလုံး ဝိုင်းတားတဲ့ ကြားက အတင်းအဓမ္မ ကျူးကျော် စစ်ခင်းခဲ့ပါတယ်။
တကယ်တော့ အီရတ်ရဲ့ ရေနံကို လက်ဝါးကြီး အုပ်နိုင်ဖို့ ကျူးကျော်တဲ့ စစ်ပွဲပါပဲ။ သို့သော် အခုအချိန်မှာ အီရတ် ဘာဖြစ်နေပြီလဲ။ သူတို့ အကြောင်းပြနေတဲ့ ဒီမိုကရေစီ ဆိုတာရော တကယ် ရနေပြီလား။ သေချာ ပြန်သုံးသပ် ကြည့်ရင် ပိတ်ဆို့ အရေးယူသူ၊ ကျူးကျော်သူတွေရဲ့ တကယ့် အဇ္ဈတ္တ အမှန်ကို မြင်နိုင်ပါတယ်။ ကျူးကျော်သူတို့ရဲ့ ကိုယ်ကျိုးစီးပွား သက်သက် အတွက် နင်းချေ ဖျက်ဆီးခံခဲ့ ရတဲ့ သိန်းသန်းချီတဲ့ အီရတ် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဘယ်သူက ပြန်လျော် ပေးမှာလဲ။ ဘယ်သူကများ ပြန်ပြီး ပေးဆပ် စတေးခံမှာလဲ။ ဒီနေ့ အီရတ်ကို ကြည့်ရင် အထင်းသား မြင်သာပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အချိန်နဲ့ အမျှ ပြောင်းလဲ နေပါပြီ။ လွှတ်တော် အစည်းအဝေးတွေ ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းတော့မယ့် အခြေအနေဟာ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီကို တည်ငြိမ် အေးချမ်းမှု မပျက် ချောချော မောမော အသွင်ကူးပြောင်း နိုင်ဖို့ အတွက် ခြေလှမ်းသစ်တွေ ဖြစ်ပါတယ်။ ဒီလို တစ်နေ့တခြား အပြုသဘော တိုးတက် ပြောင်းလဲမှုတွေ ထင်သာမြင်သာ ရှိလာတဲ့ အတွက် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းသင့်ပါပြီ ဆိုပြီး အာဆီယံ နိုင်ငံ အားလုံးက တညီတညွတ်တည်း တောင်းဆိုခဲ့ ပါတယ်။ အလားတူ ပြည်တွင်းက နိုင်ငံရေး ပါတီတွေ၊ ဝါရင့် နိုင်ငံရေး သမားတွေ ကလည်း ဒီအရေးယူ ပိတ်ဆို့မှုတွေကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြ ပါတယ်။
လတ်တလော ကာလမှာပဲ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် တစ်ဦးက အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို ရောက်စေချင်တယ် ဆိုရင် စီးပွားရေး ပိတ်ဆို့မှု တွေကို ပြန်လည် ရုပ်သိမ်းဖို့ လိုအပ်နေပြီ၊ အထူးသဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှု တွေကို ရုပ်သိမ်းဖို့ လိုတယ်ဆိုပြီး ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ်။
စီးပွားရေး ပိတ်ဆို့ အရေးယူမှု တွေကြောင့် မြန်မာနိုင်ငံ အနေနဲ့ အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးနေပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ လမ်းစကို ဟန့်တားရာ ရောက်နေတယ် လို့လည်း ဆိုခဲ့ပါ သေးတယ်။ သို့သော် တစ်ဖက်က အပြုသဘော ရှုမြင် သုံးသပ် တောင်းဆိုမှုတွေ ရှိနေပေမယ့် ဒီပြဿနာမှာ အဓိက တာဝန်ရှိတဲ့ အုပ်စုကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လုပ်ဖို့ သက်ဆိုင်ရာ နိုင်ငံကြီးတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ချဉ်းကပ် တောင်းဆို နေကြတုန်းပါပဲ။ ဒါ့အပြင် အဲဒီ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ပြုပြင် မွမ်းမံနိုင်မယ့် သဘော တူညီမှု ရရှိရေးအတွက် အနောက် နိုင်ငံတွေနဲ့ ညှိနှိုင်း ဆွေးနွေးလိုကြောင်း မျက်နှာ ပြောင်လွန်းလှစွာနဲ့ တောင်းဆိုနေတာ ကိုလည်း တွေ့ရပါတယ်။ ရှေ့က ဖုံးသမျှ ကုန်းတော့မှ ပေါ်ဆိုတာ ဒါမျိုးကို ဆိုလိုတာ ထင်ပါရဲ့။ သူတို့က ဒီလိုတောင်းဆို နေသလို တစ်ဖက် နိုင်ငံကြီးတွေ ကလည်း စီးပွားရေး ပိတ်ဆို့မှု တွေကို ဖယ်ရှားဖို့ အချိန်ဟာ စောနေသေးတယ် ဆိုပြီး အတိုင်အဖောက် ညီညီ လေသံ ပစ်နေကြ ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဈေးကွက် စီးပွားရေး အတွက် တံခါးဖွင့်ခဲ့ ပေမယ့် ဒီပိတ်ဆို့ အရေးယူမှု တွေကြောင့် ရှေ့ကို တိုးမယ့် ခြေလှမ်း နောက်ပြန်ဆွဲ ခံရသလို ထိခိုက်ခဲ့ရ ပါတယ်။ နိုင်ငံ့စီးပွား ထိခိုက်နစ်နာ ခဲ့မှတော့ ပြည်သူတွေရဲ့ စီးပွားရေးလည်း ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရတာ ဘာမှ မဆန်းလှပါဘူး။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဟာလည်း မှန်းသလောက် ခရီးမပေါက် နိုင်ခဲ့လေတော့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးခဲ့ရ တာလည်း အမှန်ပါပဲ။ ပုဆိန်ရိုး အုပ်စုကသာ ဒီပိတ်ဆို့ အရေးယူမှု ဆိုတာကို မတောင်းဆို ခဲ့ရင် အခုလောက်ဆို ကျွန်တော်တို့ အများကြီး ရှေ့ကို ရောက်နေလောက် ပါပြီ။
နိဂုံးချုပ် အနေနဲ့ ပြောရရင် ကိုယ်စခဲ့တဲ့ ဇာတ်ကို ကိုယ်ပြန်သိမ်း ပေးဖို့ တာဝန် ရှိပါတယ်။ အတ္တ ကိုယ်ကျိုးစီးပွား အတွက် နိုင်ငံနဲ့ ပြည်သူကို ချနင်း စတေးရက် ခဲ့တဲ့ အမှားကို ဝန်ချ တောင်းပန်ပြီး အချိန်မီ ပြုပြင်နိုင်ဖို့ လိုပါတယ်။ ပိတ်ဆို့ အရေးယူမှု တွေကြောင့် ပြည်သူကို လုံးဝ မထိခိုက်ဘဲ အစိုးရကိုသာ ထိခိုက်စေတာ ဖြစ်ပါတယ် ဆိုတဲ့ ဝေ့လည်ကြောင်ပတ် စကားမျိုး ကိုလည်း လျှာအရိုး မရှိတိုင်း လွယ်လွယ် ပေါ့ပေါ့ မပြောသင့်တော့ ပါဘူး။ ကိုယ့်ရဲ့ မိုက်မိုက်မဲမဲ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံနဲ့ ပြည်သူရဲ့ ထိခိုက်ဆုံးရှုံး နစ်နာမှု အားလုံးကိုလည်း တည်ဆဲ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ကြောင့်ပါ ဆိုပြီး တစ်ဖက်သတ် လက်ညှိုးထိုး အပြစ်ပုံချ တာမျိုး မလုပ်သင့်တော့ ပါဘူး။ ခေတ်ပြောင်း စနစ်ပြောင်း ကာလ တစ်ခုမှာ အနာဂတ် ခရီးကို ပိတ်ဆို့ အရေးယူမှု ကင်းကင်းနဲ့ ခြေလှမ်းသွက်သွက် ခရီးဆက်နိုင်ဖို့ အချိန်တန်နေပြီ ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရ ပါတယ်။ ။
(၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈)မှ ဆောင်းပါးရှင် မောင်မှတ်၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)