xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: "ပြည်သူတွေ ဆန္ဒမစောဖို့အရေးကြီးတယ်"

Saturday, February 12, 2011

"ပြည်သူတွေ ဆန္ဒမစောဖို့အရေးကြီးတယ်"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် မကြာမီပေါ်ထွန်းလာတော့မည်ဖြစ်ရာ ပြည်သူများက ဆန္ဒမစောကြရန် အရေးကြီး ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်က မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားသည်။
"အခုလက်ရှိ ဒီအရပ်သားအစိုးရဟာ ဘာမှမလုပ်ရသေးဘူး။ ဥပဒေတောင် မပြဋ္ဌာန်းရသေးဘူး။ ဒါကြောင့် ပြည်သူတွေက ဆန္ဒမစော ဖို့အရေးကြီးတယ်။ "အလုပ်တစ်ခုဟာ မလုပ်ရသေးဘဲနဲ့ အကောင်းမြင်တာပဲဖြစ်ဖြစ်၊ အဆိုးမြင်တာပဲဖြစ်ဖြစ်၊ အဲဒါသိပ်မကောင်းဘူး။ အလုပ်ပေါ်မှာကြည့်ပြီးတော့မှ အကဲဖြတ်တာကောင်းတယ်" ဟု ပန်းတနော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ်က ဆိုသည်။
၎င်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာနှင့် ဒုတိယဥက္ကဋ္ဌနေရာတို့အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသော ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦးရှိသည့်အနက် ဧရာဝတီတိုင်းတွင် အနိုင်ရရှိသည့် တစ်ဦးတည်းသော ကိုယ်စား လှယ်လည်းဖြစ်သည်။


ပါတီအနေဖြင့် အစိုးရသစ်၏လှုပ်ရှားမှုပေါ် မူတည်ကာ ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စဉ်းစားထားသည့် အချက်များရှိ သော်လည်း အခြေအနေကို မသိရသေးကြောင်း ဦးမန်းမောင်မောင်ဉာဏ်က ပြောသည်။
"တစ်နှစ်လောက်ဆိုရင်တော့ သုံးသပ်လို့ရပါပြီ။ အစိုးရလည်း စိန်ခေါ်မှုတွေနဲ့တွေ့ရမှာ အများကြီးပဲ။ စီးပွားရေးမှာရော နိုင်ငံရေးမှာပါ" ဟု ၎င်းက ဆိုသည်။ "ဥပဒေကြမ်းတင်ဖို့တွေက လိုပါသေးတယ်။ သူတို့တင်မှ တို့ကဆွေးနွေးရမှာပေါ့။ ဒီတစ်ပတ်မှာတော့ ဆွေးနွေး စရာ အကြောင်းအရာတွေ သိပ်မရှိဘူးလို့ ထင်တယ်။ နောက်တစ်ကြိမ်လောက်ကျမှ ဆွေးနွေးကြမှာ"ဟု ၎င်းကဆိုသည်။
"အဓိကအရေးကြီးတာက ဥပဒေကြမ်းပဲ။ ဥပဒေကြမ်းမှာတို့ဖြစ်ချင်တာတွေပါမပါ ကြည့်ရမယ်။ ဥပမာအရင်ကဆိုရင် ဘဏ္ဍာငွေအရ အသုံးနဲ့ ပတ်သက်ပြီး ပြည်သူကဘာမှမသိရဘူး။ အခုဆို ပြည်သူမသိလို့မရတော့ဘူး။ ပြည်သူကို တင်ပြရတော့မယ်။ ပြည်သူကို တင်ပြဖို့ လွှတ်တော်မှာ ဆွေးနွေးရတော့မယ်။ အများပြောတဲ့အတိုင်း ကျန်းမာရေးတို့၊ ပညာရေးတို့အတွက် အသုံးစရိတ်။ ဒါတွေက ထွက်မလာသေးဘူး။ "တို့ကလည်း အစိုးရဖြစ်တာမဟုတ်တော့ သူတို့လုပ်တာကိုပဲ အရင်စောင့်ကြည့်ရမှာ။ လုပ်တဲ့အပေါ်မှာပဲ ဆွေး နွေးမယ်၊ ပြောဆိုမယ်" ဟု အသက် ၇၂ နှစ်အရွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
အဆိုပါအချက်များနှင့် ကိုက်ညီပါက ဥပဒေကြမ်းဖြစ်စေ၊ အဆိုဖြစ်စေ ထောက်ခံမည်ဟု ၎င်းက ဆိုသည်။ ပါတီ၏ကိုယ်စားလှယ် ၁၇ ဦးသည် လွှတ်တော်အစည်းအဝေးမတက်ရောက်ခင်ကတည်းက တွေ့ဆုံကာ သတင်းအချက်အလက်များ စုဆောင်းခဲ့ပြီး ဖြစ်သည့် အတွက် အခြားပါတီမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရန် မလိုအပ်ကြောင်း ဦးမန်းမောင်မောင်ဉာဏ် က ပြောသည်။
"သူတို့တင်မယ့်အပေါ်မှာ တို့ရည်မှန်းချက်နဲ့ ကိုက်ညီသွားရင် ပေါင်းမှာပေါ့။ မကိုက်ညီသွားရင်လည်း ကြည့်နေလိုက်မယ်။ သူတို့ပဲ လုပ်လုပ်၊ အစိုးရပဲ လုပ်လုပ် ဒီအတိုင်းပဲ။ ဒီရည်မှန်းချက်တွေကနေပြီးတော့ သွေဖည်မှာတော့ မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
ဦးမန်းမောင်မောင်ဉာဏ် သည် ၁၉၅၉ မှ ၁၉၆၃ခုနှစ်အထိ အလွတ်သင်ကျောင်းများနှင့် ဥက္ကလာပ အထက်တန်းကျောင်းတို့တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး ကျောင်းသားသမဂ္ဂ (မအူပင်၊ အထက)အဖြစ်လည်းကောင်း၊ တိုင်းရင်းသားကေဒါ (မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ)အဖြစ်လည်းကောင်း၊ ပန်းတနော်မြို့နယ် ပါတီယူနစ် စည်းရုံးရေးမှူးအဖြစ် လည်းကောင်း၊ ဗဟို ပြည်သူ့တောင်သူလယ်သမားကောင်စီ ဌာနခွဲမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ ပါတီ ဗဟိုကော်မတီဝင်၊ ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ အချိန်ပြည့် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
စိုးသန်းလင်းနှင့် ရွှေယင်းမာဦး
အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁-၁၇ ၊ ၂ ၊ ၂၀၁၁)


Credit : The Myanmar Time