လုံလောက်
ဆောင်ပုဒ်တစ်ခု၏ အနက် အဓိပ္ပာယ်သည် အင်စတီကျူးရှင်း၏ လုံလောက်မှု သို့မဟုတ် မလုံလောက်မှုတို့ အပေါ်တွင် မူတည်သည်။
ပထမ ပင်လုံ ညီလာခံသည် လွတ်လပ်ရေး အတွက် အင်စတီကျူးရှင်းများ မပြည့်စုံ
သေးသဖြင့် အင်စတီကျူးရှင်း ရှာပုံတော်ဖွင့်သော လုပ်ငန်းစဉ်အဖြစ်
နားလည်အပ်သည်။ ယခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော် သုံးရပ်တို့
ပေါ်လာပြီဖြစ်ရာ လိုအပ်သော အင်စတီကျူးရှင်းတို့သည် လုံလောက် ပြည့်စုံသည်ဟု
ယူဆရမည်။ အင်စတီကျူးရှင်းများ လုံလောက်စွာ ရှိနေလျှင် အချို့သော
ဆောင်ပုဒ်တို့သည် အလိုအလျောက် ဆီလျော်မှု မဲ့သွားသည်။ အဓိပ္ပာယ်မရှိ
ဖြစ်သွားသည်။
ဤအမြင်ဖြင့်ကြည့်လျှင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော် သုံးရပ်တို့သည်
ကုံလုံပြည့်စုံနေပြီ ဖြစ်သော ကြောင့် ဒုတိယ ပင်လုံဟု ယူဆသော ဆောင်ပုဒ်သည်
ဆီလျော် အပ်စပ်မှု မရှိနိုင်ပြီ။ အကြောင်းမူ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွင့်ပေးထားသော ဖိုရမ်တို့တွင် လုံလုံ
လောက်လောက် တင်ပြ နိုင်သောကြောင့်ဖြစ်သည်။
လိုက်လျောညီထွေ
ဖွဲ့စည်းပုံ
အခြေခံ ဥပဒေနှင့် လွှတ်တော် သုံးရပ်တို့သည် အရာရာအတွက် လုံလောက်နေသော
ဖိုရမ်များ ဖြစ်လေရာ ဤဖိုရမ်တို့တွင် ပါဝင်ပြောဆိုနိုင်သည့် ဒီမိုကရေစီ
ထူထောင်ရေး ပြဿနာနှင့် တိုင်းရင်းသား လူမျိုးစု ပြဿနာတို့သည် နိုင်ငံတော်၏
စွမ်းပကားနှင့် တည်ရှိဆဲ အင်စတီကျူးရှင်းတို့၏ စွမ်းပကားတို့ပေါ်တွင် အခြေ
တည်နေသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်
သုံးရပ်တို့သည် လုံလောက်သော ဖိုရမ်များ ဖြစ်လာသဖြင့် စင်ပြိုင် ဖိုရမ်များ
ထူထောင်ရန် မလိုအပ်ပြီ။ လက်ရှိ အခြေအနေသည် တည်ဆဲ ဖြစ်ထွန်းနေသော
အင်စတီကျူးရှင်းတို့နှင့် လိုက်လျောညီထွေ အလုပ်လုပ်ရန် လိုအပ်ခြင်း
ဖြစ်သည်။ ဖိုရမ်များ လုံလုံ လောက်လောက် ရှိနေပါလျက် ဒုတိယ ပင်လုံဆိုပြီး
စင်ပြိုင် ကြွေးကြော်သည်မှာ ကြွေးကြော်သူတို့၏ အတွေး အခေါ် မွဲတေမှုကိုသာ
ထင်ဟပ်ပါလိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော် သုံးရပ်တို့သည်
အသံပေါင်းစုံ တို့ကို ထုတ်ဖော် သို့မဟုတ် နားထောင်သော အခြေခံ မဏ္ဍိုင်များ
ဖြစ်နေသဖြင့် ဤ မဏ္ဍိုင်တို့ကို အသုံးပြုရန်သာ ရှိသည်။ ထို့အပြင် ချွတ်ခြုံကြ
ဒေ၀ါလီ ခံနေရသော၊ စင်ပြိုင်ထူထောင်ချင်သော ဆောင်ပုဒ်သည် အဓိပ္ပာယ် ရှိအံ့ဟု
မထင်ပေ။ တိုင်းရင်းသား လူမျိုးစု ပြဿနာသည် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ပြည်နယ် (သို့မဟုတ်)
တိုင်းဒေသကြီး လွှတ်တော်တို့တွင်သာ ဖော်ထုတ်တင်ပြ ဖြေရှင်းရန် တာဝန်
ရှိသည်ကို မမေ့အပ်ပေ။ ယှဉ်ပြိုင် ဖိုရမ် ထူထောင်၍ လူမျိုးစု ပြဿနာတို့ကို
ဖြေရှင်းရန် ဆိုသည်မှာလည်း ဘိန်းစား အိပ်မက်ကဲ့သို့ ဖြစ်နေသည်။
ဖြစ်နိုင်ခြေ မရှိသော အိုင်ဒီယာ ဖြစ်သည်။
အရှိကို အသုံးပြု
တရားဝင်
ဖြစ်ပေါ်လာသည့် ဖိုရမ်တို့ကိုသာ အသုံးပြုရုံကလွဲ၍ အခြားနည်းလမ်း မရှိသည်ကို
ဆင်ခြင်မိလျှင် ဒုတိယ ပင်လုံဆိုသော ဆောင်ပုဒ်၏ အနှစ်သာရမဲ့မှုကို
ထင်ရှားစွာ တွေ့နိုင်သည်။ ဖြစ်ထွန်းမှု အသစ်များသည် တက်ကြွ လှုပ်ရှားသူကို
အခြေအနေနှင့် ဆီလျော်သော ဆောင်ပုဒ်များ ရှားပါးကုန်ခြင်းဖြစ်သည်။ ထိုအခါ
ဒုတိယ ပင်လုံ ဆိုသော လက်တွေ့ မဖြစ်နိုင်သည့် အစီအစဉ် (Agenda) ကို လေထဲ
စမ်းမှုတ်ထုတ်ကြည့်လာကြသည်။ နိုင်ငံရေး သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်
လွှတ်တော် နိုင်ငံရေးတို့တွင်သာ အထွတ်အထိတ် ဖြစ်ရမည်ဖြစ်၍ ဤနည်းမှအပ ဖြစ်သော
ဆောင်ပုဒ်တို့သည် အဓိပ္ပာယ် မဲ့ကုန်သည်။ ဖြစ်နိုင်ခြေ မဲ့ကုန်သည်။ နိုင်ငံရေး
ဆောင်ပုဒ်ဟူသည် ဖြစ်နိုင်ခြေကို ထင်ဟပ်ရမည်။ ပကတိ အစစ်အမှန်နှင့်
လိုက်လျောညီထွေ ဖြစ်ကြရမည်။ ခေတ်သည် ဗလာချည်၊ အမြောက်ဆန်ပစ်သော
လေလုံးထွားရသည့် ခေတ်မဟုတ်ပေ။ အရာရာကို ယထာဘူတကျကျ တစ်ဖတ်သတ် အစွဲအလမ်း
ကင်းကင်းနှင့် ရှုမြင် သုံးသပ်ရမည့် အချိန်ဖြစ်သည်။ ပါဝါစကားနှင့် ပြောလျှင်
ပါဝါလက်ဝါးကြီး အုပ်မှုမှ ပါဝါမျှဝေခြင်းသို့ ပြောင်းလဲသော ပါရာဒိုင်း
အရွှေ့အပြောင်းဖြစ်သည်။
မောင်စူးစမ်း
(၂၀၁၁
ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ထုတ်၊ ကြေးမုံသတင်းစာ၊ စာမျက်နှာ (၈)မှ
ဆောင်းပါးရှင် မောင်စူးစမ်း၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)