xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သတင်း အချက်အလက် စီးဆင်းမှုနှင့် နိုင်ငံကြီးပွားရေး

Monday, January 3, 2011

သတင်း အချက်အလက် စီးဆင်းမှုနှင့် နိုင်ငံကြီးပွားရေး


လူသားမျိုးနွယ် ကြီးပွား တိုးတက်လာသည့် ဖြစ်စဉ်သည် Information Flow သတင်း အချက်အလက် စီးဆင်းမှုနှင့် တိုက်ရိုက် ဆက်စပ်ခြင်းကြောင့် Information Flow ခုန်ပျံ ကျော်လွှား စီးဆင်းသွားသည့် အခါများတွင် လူသားတို့ ဖွံ့ဖြိုး တိုးတက်မှုသည် ခုန်ပျံ ကျော်လွှားတိုးတက်ခဲ့သည်ကို တွေ့ရသည်။
ရှေးယခင်က သတင်း အချက်အလက်များသည် လူတစ်စု လက်တွင်းတွင်သာ ရှိခဲ့ရာမှ ဂူတင်ဘတ်က ပုံနှိပ်စက်ကို တီထွင်ပြီးသည့် နောက်တွင် သတင်း အချက်အလက်များသည် စာအုပ်များ အသွင်ဖြင့် ပိုမို လွယ်ကူစွာ ပျံ့နှံ့သွားနိုင်ပြီး လူအများ လက်တွင်းသို့ ရောက်ရှိလာကာ သတင်း အချက်အလက် စီးဆင်းမှုသည် အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့သောကြောင့် ပုံနှိပ်စက် ပေါ်ပေါက်လာခြင်းသည် လူ့သမိုင်းတွင် အရေးကြီးလှသော မှတ်တိုင်အဖြစ် ရပ်တည်ခဲ့သည်။
ကြေးနန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်း၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းတို့သည်လည်း သတင်း အချက်အလက် စီးဆင်းရေးကို ခုန်ပျံကျော်လွှား တိုးတက်စေခဲ့သည့် တီထွင်မှုများဖြစ်ကာ အင်တာနက် ပေါ်ပေါက်လာခြင်းသည် ယခု နောက်ဆုံး အရေးကြီး တီထွင်မှု ဖြစ်သည်။
သတင်းအချက်အလက် Information ဟုသာ အင်္ဂလိပ် ဝေါဟာရဖြင့် လွယ်လင့်တကူ ခေါ်ဝေါ်လေ့ ရှိကြသော်လည်း တကယ်တမ်းတွင် ပညာ (Wisdom)၊ ဗဟုသုတ (Knowledge)၊ အတွေ့အကြုံ (Experience)၊ သတင်း Information၊ Data အချက်အလက်တို့ကို သိမ်းကျုံး ရည်ညွှန်းခြင်း ဖြစ်နေသည်။
Information Flow အားကောင်းလျှင် ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ သတင်း အချက်အလက်တို့ကို နိုင်ငံသားများ အလွယ်တကူ ရယူနိုင်သောကြောင့် ထိုနိုင်ငံသားတို့၏ ပညာနှင့် စွမ်းရည် အတိုးတက်မြန်ရာ ထိုနိုင်ငံသားများနှင့် တည်ဆောက်ထားသော နိုင်ငံသည်လည်း စွမ်းရည် မြင့်မားပေမည်။
နိုင်ငံအတွင်း သတင်း လည်ပတ်စီးဆင်းမှု အရေအတွက်နှင့် အရည်အသွေး Quality နှင့် Quantity မြင့်မားခြင်းသည် ထိုနိုင်ငံ ကြီးပွားရေးတွင် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် နိုင်ငံ ကြီးပွားရေး မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ရာတွင် သတင်းလည်ပတ် စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးကို အလေးထား ရေးဆွဲသည်ကိုလည်း တွေ့ရပြီး ထိုသို့သတင်း လည်ပတ် စီးဆင်းမှု အားကောင်းသော နိုင်ငံများ ခရီးပေါက်သည် ကိုလည်း မြင်တွေ့ရသည်။
ပြင်ပမှ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ သတင်းနှင့် အချက်အလက်များ စီးဆင်း ၀င်ရောက်ခြင်းဖြင့် နိုင်ငံသားတို့၏ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများ တိုးတက် စွမ်းရည် မြင့်တက်ကာ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတွင်းသို့ သတင်း အချက်အလက်များ ပြင်ပမှ စီးဆင်း ၀င်ရောက်ခြင်း (Information Flow) သည်လည်း နိုင်ငံ ကြီးပွားရေးအတွက် အလွန် အရေးကြီးလှသည်။
နိုင်ငံ ကြီးပွားခြင်း၏ အစိတ်အပိုင်းကြီး သုံးခုဖြစ်သည့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု Political Development၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု Economic Development၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု Social Development ဟူသော အစိတ်အပိုင်းကြီး သုံးခုလုံး မြင့်မားရေးသည် သတင်း အချက်အလက် စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေရာ နိုင်ငံတွင်းရှိ သတင်းစာ၊ ရုပ်သံ Mass Media များ အားကောင်းခြင်း၊ တယ်လီဖုန်း၊ မိုဘိုင်းလ်ဖုန်းတို့ ဈေးသက်သာကာ လူအများ လက်တွင်း ရောက်ရှိခြင်း၊ အင်တာနက်နှုန်း မြန်ဆန်ခြင်းတို့ဖြင့် သတင်း အချက်အလက် အရှိန်အဟုန် ကောင်းစွာ စီးဆင်းစေကာ နိုင်ငံ ကြီးပွားရေးကို ထိရောက်စွာ ဖော်ဆောင်နိုင်မည် ဖြစ်သည်။