xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးခဲ့သော ၂၀၁၀

Wednesday, January 5, 2011

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးခဲ့သော ၂၀၁၀

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၌ ကုန်ပစ္စည်းတင် ကားများကို ရပ်နားထားစဉ်။



မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု မှာ ယခင်နှစ်ကထက် သိသာစွာ တိုးတက်လာနိုင်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် နယ်စပ်ကုန် သွယ်ရေးဦးစီးဌာနမှ ပြုလုပ်သော ဆွေးနွေးပွဲများအရ သိရသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အထိ ပုံမှန်ကုန်သွယ်ရေးမှ ရရှိသော ပို့ကုန်တန်ဖိုးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ခန့်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ သန်း ၆၀၀ ခန့်ရှိရာ စုစုပေါင်းဒေါ်လာ သန်း ၅ ဒသမ ၅ ဘီလျံခန့် ဖြစ်သည်။
သွင်းကုန်ပမာဏမှာ ပုံမှန်ကုန်သွယ် မှုအတွက် 'ကန်'ဒေါ်လာ သန်း ၂ ဒသမ ၈ ဘီလျံခန့်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှ သန်း ၅၈၀ ကျော် ရရှိထားရာ စုစုပေါင်း 'ကန်'ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ ခန့် ဖြစ်သည်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ်၏ ဒီဇင် ဘာလဆန်းပိုင်းအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ 'ကန်'ဒေါ်လာ ကိုး ဘီလျံနီးပါးရှိနေပြီး ယမန်နှစ်က ဒေါ်လာ ၁၁ ဒသမ ၇ ဘီလျံ ခန့် ရှိ သောကြောင့် ယခုဘဏ္ဍာနှစ်ကုန်တွင် ယခင်နှစ်ထက် ပိုလာနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ခန့်မှန်းသည်။
"ယခုနှစ်ထဲမှာ ဆန်နဲ့ တခြားစက်မှု ကုန်ချောပစ္စည်းတွေကို လျှော့ပို့နိုင်ခဲ့ပေမယ့်လည်း ကျောက်စိမ်း၊ ကျွန်းသစ် နဲ့ တခြား လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်တွေကို ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှု သိသိသာတိုးတက်လာမယ်လို့ ခန့်မှန်းရတယ်"ဟု ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ကုန် ညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။
ယခုနှစ် တင်ပို့သော ကုန်အမည် (အမယ်)များတွင် ကျောက်စိမ်း အများ ဆုံးဖြစ်ကာ ကျွန်းသစ်၊ ချုပ်ပြီးအထည်၊ ရော်ဘာစိမ်း၊ ငါး၊ သတ္တုရိုင်းများ၊ မတ်ပဲ၊ နှမ်း စသည်တို့လည်း ပါဝင်သည်။
ဆန်၊ အခြားစက်မှုကုန်ချောပစ္စည်း များနှင့် သစ်မာ၊ ပဲမျိုးစုံနှင့် ရေထွက် ပစ္စည်းအချို့ကိုမူ လျှော့၍ တင်ပို့ခဲ့ရသည်။ သွင်းကုန်များမှာ ရေနံထွက်ပစ္စည်းများ၊ စက်ယန္တရားများ၊ သံနှင့် သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ စား အုန်းဆီ၊ ဆေးဝါးပစ္စည်းများ၊ ဓာတ်မြေ ဩဇာများ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများနှင့် ဓာတုဗေဒကုန်ကြမ်းများ ပါဝင်ပြီး ယခုနှစ်တွင် နိုင်ငံတကာ နှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အတွက် စက်ယန္တရားကြီးများကိုမူ ပိုမို တင်သွင်းနိုင်ခဲ့သည်။
ယခုနှစ် အိမ်နီးချင်းနိုင်ငံနှင့် ပုံမှန် ကုန်သွယ်မှုတွင် တရုတ်နှင့် ထိုင်းမှာ ကုန်သွယ်မှုအများဆုံးဖြစ်ပြီး တရုတ်နှင့် ကုန်သွယ်မှုမှာ သိသာစွာ တိုးတက်လာ ခဲ့သည်။
အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ဆော်ဒီအာရေဗျနှင့် အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုအတွက် ဂျာမနီနှင့် ကုန်သွယ်မှုပမာဏမှာ အခြားနိုင်ငံများ ထက် သိသာစွာ တိုးတက်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုများတွင်လည်း ယခု နှစ်အတွင်း ဗီယက်နမ်၊ တရုတ်နှင့် ကိုရီးယားတို့၏ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခဲ့ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြထားသည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံပေါင်း ၃၀ ကျော်မှ ရင်းနှီးမြှုပ်နှံမှုပေါင်း ၄၀၀ ကျော်ရှိကာ ပမာဏအားဖြင့် ၁၆ ဘီလျံ ကျော် ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်တွင်ပြုလုပ်သော နိုင်ငံတကာ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ များမှ သိရသည်။
ယင်းတို့အနက် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ပစ္စည်း ထုတ်လုပ်မှု၊ သတ္တုတွင်း၊ မွေးမြူရေး၊ အိမ်ခြံမြေနှင့် ခရီးသွား လာမှုတို့တွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။
နိုင်ငံတကာမှ ပြည်တွင်း၌ လာ ရောက် ကုန်သွယ်လိုသူများ၊ ရင်းနှီးမြှုပ် နှံလိုသူများကလည်း ပေါ်ပေါက်လာမည့် အစိုးရသစ်၏ သွင်းကုန်၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု စသည်တို့နှင့်ဆိုင်သော မူဝါဒသစ်အတွက် စိတ်ဝင်စား စောင့် ကြည့်လျက်ရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် အသက်ဝင်လာမည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA)အတွက် ပြည်တွင်း စက်မှုလုပ်ငန်းများကို ကွင်းဆင်း လေ့လာပြီး ပညာပေးလုပ်ငန်းများ၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ၊ သတင်းအချက်အလက် ဖြန့်ဝေမှုလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့် ကုန်သည်အသင်းများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။ 
                                                                                                              အေးသီတာကျော်
                                                                        မြန်မာတိုင်း(မ်) အတွဲအမှတ် (၂၅ ၊ အမှတ်၄၉၉)