လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို
နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ
ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊
အပြည်ပြည်ဆိုင်ရာတရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေမှာလဲ
အားနည်းချက်တွေကတော့ ရှိနေဆဲပါပဲ။
ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကလဲ
အမျိုးမျိုးရှိပါတယ်။ ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ
ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှု စတာတွေအထိ
ရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားပါတယ်။ နိုင်ငံရေးပညာရှင် Barbour
ကတော့ primary objective, secondary objective နဲ့ tertiary objective
ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။
primary objective
ကတော့ ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ
ပြောင်းလဲမှုတွေဖြစ်လာအောင်လုပ်ဆောင်တာပါတဲ့..။ ဥပမာဆိုရရင် အီရန်နိုင်ငံမှာ
နယူးကလီးယား လက်နက်တွေထုတ်လုပ်နေတာကို တားဆီးဖို့အတွက်ဆိုပြီး အကြောင်းပြကာ အမေရိကန်ပြည်ထောင်စုရဲ့
စီးပွားရေးပိတ်ဆို့အရေးယူမှု မျိုးဖြစ်ပါတယ်။ဒီပိတ်ဆို့မှုရဲ့ နောက်ကွယ်က အဓိက အကြောင်းကတော့ လက်ရှိအစိုးရကို ဖြုတ်ချဖို့ပဲဖြစ်ပါတယ် ။
Secondary objective ကတော့ economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့
သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility
ရဖို့ ဖြစ်ပါတယ်တဲ့။ဆိုလိုတာကတော့ သူတို့ အစိုးရဟာ ကမ္ဘာမှာ သြဇာလွှမ်းမိုးမှုရှိတယ်ကွ ဆိုပြီး သူ့ပြည်သူတွေရှေ့မှာ ဟီးရိုးလုပ်ပြီး အမှတ်ယူဘို့ ဖြစ်ပါတယ် ။
Tertiary objective ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊
နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့
အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု စတာတွေအတွက်လဲ စီးပွားရေးအရ
ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတာမျိုးဖြစ်ပါတယ်တဲ့။
ဒီအချက်တွေကိုလေ့လာကြည့်လိုက်ရင် sanction ပြုလုပ်တဲ့ နိုင်ငံကြီးတွေဟာ ပစ်မှတ်နိုင်ငံ တွေမှာ နေထိုင်တဲ့ ပြည်သူလူထုအရေး ဒီမိုကရေစီဖေါ်ဆောင်ရေး ဆိုတာတွေဟာ လေသံကောင်း ဟစ်နေတာသာ ဖြစ်ပြီး သူတို့အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ် ။ ဒီလိုပိတ်ဆို့မှုတွေ လုပ်နေတော့ရော အောင်မြင်သလားဆိုတော့ သက်ဆိုင်ရာအပိတ်ဆို့ခံရတဲ့ နိုင်ငံတွေမှာရှိတဲ့ ပြည်သူ လူထုတွေ အထွေထွေနိမ့်ကျမှုတွေ ဖြစ်သွားတာကလွဲရင် အောင်မြင်မှုမရှိပါဘူး လို့ သုတေသန စစ်တမ်း များအရသိရပါတယ်။
စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ
အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှုအချို့ ရှိခဲ့သလို၊
ရည်မှန်းချက်ပန်းတိုင် မပြည့်မှီပဲ ရုတ်သိမ်းလိုက်ရတာတွေလဲ ရှိပါတယ်။ Robert Pape ဆိုတဲ့ ပညာရှင်တယောက်က ကမ္ဘာတ၀ှမ်းက စီးပွားရေး
ပိတ်ဆို့မှု ဖြစ်ရပ် (၁၁၅) ခုကို လေ့လာပြီး၊ စီးပွားရေး ပိတ်ဆို့
အရေးယူမှုဟာ ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာကို လေ့လာခဲ့ဖူးပါတယ်။
ထိရောက်မှု ဆိုတဲ့ အပိုင်းကို သူက criteria သုံးခု ချမှတ်ပြီး
တိုင်းတာပါတယ်။ ပထမတချက်က ပိတ်ဆို့အရေးယူမှုရဲ့ တောင်းဆိုချက်၊
ရည်မှန်းချက်တွေ ပြည့်မှီတာဖြစ်ပြီး၊ ဒုတိယတချက်က ပစ်မှတ်ရဲ့
ပြုမှုဆောင်ရွက်မှု ပြောင်းလဲခြင်း မရှိသေးခင်မှာ အရေးယူမှု
စတင်ပြုလုပ်ခဲ့သလား ဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ ပစ်မှတ်က သူ့ဘာသာသူ
ပြောင်းလဲမှုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုရဲ့ အရေးယူမှုကြောင့်လို့
ရောထွေးပြောတတ်ကြလို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့
ပစ်မှတ်ရဲ့ ပြောင်းလဲလာမှုတွေဟာ တခြားအကြောင်းအရာတွေကြောင့် မဟုတ်ပဲ၊
ပိတ်ဆို့အရေးယူမှုတခုတည်းကြောင့် ဟုတ်သလား ဆိုတဲ့ အချက်ပါ။ ဒီအချက်
သုံးချက်နဲ့ ဖြစ်ရပ် (၁၁၅) ခုကို လေ့လာခဲ့ရာမှာ (၅) ခုပဲ ထိရောက်ခဲ့တာကို
တွေ့ရှိရပါတယ်။
နိဂုံးအနေနဲ့ တင်ပြလိုတာကတော့ စီးပွားရေးပိတ်ဆို့တာဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံအဖို့ ဘယ်လိုမှကောင်း ကွက်မရှိဘူး ဆိုတာပါပဲ ဒီအတွက် ဘာမှစစ်တမ်းကောက်နေစရာမလိုသလို စဉ်းစားနေဘို့လည်း မလိုတဲ့ အရာမျိုး ဖြစ်တယ် လို့ပဲ ပြောချင်ပါတယ် ။