တရားစီရင်ရေး အခြေခံမူများ
အနာဂတ် တရားစီရင်ရေးဟာ အောက်ပါ အခြေခံမူများ နဲ့အညီ တရားစီရင်ရမှာ ဖြစ်ပါတယ်။
၁။ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး။
၂။ ဥပဒေအရ ကန့်သတ်ချက်များ မှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး။
၃။ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး။
၎။ ဥပဒေကို ပြည်သူများ နားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး။
၅။ ပြည်သူ အချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေ ဘောင်အတွင်း၌ ကျေအေး ပြီးပြတ်စေရေး။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
အနာဂတ်မှာ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဖြစ်ပြီး
စစ်ဘက်ဆိုင်ရာ တရားရုံးများနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ
တရားရုံးများရဲ့ စီရင်ပိုင်ခွင့် အာဏာကို မထိခိုက် စေရဘူးလို့ ပုဒ်မ ၈ မှာ
ဖော်ပြထားပါတယ်။ စစ်ဘက်ဆိုင်ရာ တရားရုံး ဆိုတာက ၁၉၅၉ ခုနှစ် တပ်မတော်
အက်ဥပဒေ အရ စစ်ဘက်ဆိုင်ရာ စည်းကမ်း ဖောက်ဖျက်မှုများ အတွက် တရားစီရင်တဲ့
တရားရုံးများ ဖြစ်ပြီး တပ်မတော် ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အတည်
ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး ကတော့ အခု အခြေခံ ဥပဒေကျမှ
ပါဝင်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အရင်တုံးက ကျင့်သုံးတာ မရှိပါဘူး။
သူ့ရဲ့ အဓိက တာဝန်ကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်/ တိုင်းဒေသကြီးများ အကြား
အခြေခံဥပဒေ ဆိုင်ရာ အငြင်းပွားမှုများ၊ ပြည်သူများရဲ့ အခြေခံဥပဒေ ဆိုင်ရာ
ရပိုင်ခွင့်များနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စု
တရား လွှတ်တော်ချုပ်ဟာ ရှေ့တော်သွင်း စာချွန်တော် အမိန့်၊ အာဏာပေး
စာချွန်တော် အမိန့်၊ တားမြစ်စေ စာချွန်တော် အမိန့်၊ အာဏာပိုင်မေး
စာချွန်တော် အမိန့်၊ အမှုခေါ် စာချွန်တော် အမိန့်များကို ထုတ်ပြန်
နိုင်ပါတယ်။ ဒီအထဲက ရှေ့တော်သွင်း စာချွန်တော် အမိန့်နဲ့ ပတ်သက်ပြီး
သီးခြား ဆောင်းပါး ရေးခဲ့ဖူးပါတယ်။ ဒီစာချွန်တော်
အမိန့်များရဲ့ လိုရင်းကတော့ တရားရုံး တစ်ခုခုရဲ့ စီရင်ချက်ကြောင့် မဟုတ်ဘဲ
အာဏာပိုင်များရဲ့ အုပ်ချုပ်မှု အာဏာအရ စီရင်ထားတဲ့ အမှုများကို
တရားရုံးချုပ်ရဲ့ အာဏာနဲ့ ခေါ်ယူ စိစစ်မေးမြန်းခွင့်၊ တရားရုံးက စိစစ်နေတဲ့
အချိန်မှာ ဆိုင်းငံ့ ထားခွင့်များ ဖြစ်ပါတယ်။ ၁၉၄၈ - ၆၂ ကာလမှာ
တုန်းက တရားရုံးချုပ်ကို အဲဒီ အာဏာတွေ ပေးထားခဲ့ပြီး ၁၉၆၂ ခုနှစ် ကစပြီး
ရပ်ဆိုင်း ထားခဲ့ပါတယ်။ ဦးနု အစိုးရ လက်ထက်မှာ ပုဒ်မ ၅ အကျဉ်းသား
တစ်ချို့ဟာ အဲဒီအမိန့် စာချွန်ရဖို့ တရားရုံးချုပ်ကို ဦးတိုက်
လျှောက်ခဲ့ပြီး တရားရုံးချုပ်က စစ်ဆေးကာ လွှတ်ပေးခဲ့တဲ့ သာဓကများ ရှိပါတယ်။
ဒါ့ကြောင့် အခု ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဒီ အာဏာများ ပြန်ပေး
လိုက်တာကတော့ ကြိုဆိုရမယ့် အချက်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်
အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ နေရာများ မှာတော့ ဒီစာချွန်တော်
ထုတ်ပေးလို့ မရပါဘူး။ တစ်ဖက် ကလည်း အခြေခံ ဥပဒေပုဒ်မ ၃၇၇ အရ
နိုင်ငံသားများရဲ့ အခွင့်အရေးကို တရားရုံးချုပ်က တစ်ဆင့် တောင်းခံရာမှာ
စစ်မက် ဖြစ်ပွားချိန်၊ တိုင်းတပါးမှ ကျူးကျော် ၀င်ရောက် တိုက်ခိုက်ချိန်နဲ့
ဆူပူ သောင်းကျန်းမှု ဖြစ်ပေါ် နေချိန်များက လွဲပြီး တောင်းခံမှုကို
ရပ်ဆိုင်းထားခြင်း မပြုရဘူးလို့ ဖော်ပြထားပါတယ်။ ဒါကို အင်္ဂလိပ်လိုတော့ in
time of war; in time of foreign invasion; in time of insurrection လို့
ဆိုပါတယ်။ ဒါ့ကြောင့် ကျန်တဲ့ အချိန်များမှာတော့ အခြေခံ ဥပဒေဆိုင်ရာ
တရားရုံး အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဟာလည်း နိုင်ငံသားများရဲ့
အခွင့်အရေး အတွက် လျှောက်ထားနိုင်တဲ့ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ လုပ်ပိုင်ခွင့်
ပုဒ်မ
၂၃ အရ တရား လွှတ်တော်ချုပ်ဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ တရားရုံး အားလုံးကို
ကြီးကြပ်ကွပ်ကဲ ရမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်အောက် တရားရုံးတွေကို
အရေးကြီးတဲ့ အမှုတွေမှာ တရားသူကြီး တစ်ဦးထက် ပိုတဲ့ခုံရုံးနဲ့ စစ်ဆေးဖို့
ညွှန်ကြားနိုင်တဲ့ အခွင့် အာဏာ ပေးထားပါတယ်။ ထူးခြားတာ
ကတော့ ပုဒ်မ ၂၄ မှာ တရား စီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း များကို တရား
လွှတ်တော်ချုပ်က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခွင့် ပေးထားတာပဲ
ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ မှာတော့ ဒီအလုပ်ကို ပါလီမန်နဲ့
တရားရေး ၀န်ကြီးက လုပ်ပါတယ်။ အမေရိကန် စနစ်မှာတော့ ကွန်ဂရက် အမတ်များကပဲ
တင်သွင်းပါတယ်။ ဗြိတိသျှ ပါလီမန်စနစ် မှာတော့ ပါလီမန်ကပဲ လုပ်ပါတယ်။
တရားသူကြီးနဲ့နိုင်ငံရေး
ဒီဥပဒေအရ
တရား လွှတ်တော်ချုပ် တရားသူကြီး များဟာ ပါတီ နိုင်ငံရေးနဲ့ ကင်းရှင်းရမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် ပုဒ်မ ၂၉ မှာတော့ နောင်လာမယ့် ရွေးကောက်ပွဲမှာ
ဝင်ပြိုင်မယ် ဆိုရင်တော့ ရွေးကောက် ခံပိုင်ခွင့်ရှိတဲ့ နိုင်ငံသား
အခွင့်အရေး မဆုံးရှုံးစေဖို့ အတွက် ရွေးကောက်ပွဲ နေ့ရက်ကို ကော်မရှင်က
ကြေညာတဲ့ အချိန်ကစပြီး ရွေးကောက် ခံပိုင်ခွင့် အရည်အချင်းနဲ့
ကိုက်ညီလို့ရှိရင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် ရှိတယ်လို့
ဖော်ပြထားပါတယ်။ ဒါကတော့ တရားသူကြီး များကို နိုင်ငံ့ဝန်ထမ်း အဖြစ်
မသတ်မှတ်ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့်
ဒီမိုကရေစီ စနစ်မှာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေဟာ ၀န်ကြီးတာဝန်
ထမ်းဆောင်ရင်းနဲ့ ရွေးကောက်ပွဲ ၀င်တာ ထုံးစံအဖြစ် တွေ့ဖူးပေမယ့် တရားသူကြီး
တွေက ရာထူးက မထွက်ပဲနဲ့ ရွေးကောက်ပွဲ ၀င်တာ လေ့လာမိသလောက် မတွေ့ဘူးပါဘူး။
ဒါ့ကြောင့် ဒီပြဋ္ဌာန်းချက် ကတော့ တရားရေး မဏ္ဍိုင်ရဲ့ လွတ်လပ်မှုကို
ရွေးကောက်ပွဲ အတွက် မဲဆွယ်စဉ် ကာလမှ ထိပါး စေမလားလို့ စိုးရိမ်မိပါတယ်။
ဥပဒေရဲ့
ကျန်တဲ့ အပိုင်းများ ကတော့ တိုင်းဒေသကြီး၊ ပြည်နယ် တရား လွှတ်တော်များနဲ့
ပတ်သက်တာ ဖြစ်ပြီး အခြေခံအချက် များက ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့
ကွဲလွဲမှု မရှိတာကြောင့် သီးခြား မဖော်ပြတော့ပါဘူး။