xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမျိုးသားညီညွတ်ရေး ဖြိုခွဲနေသူ

Monday, January 10, 2011

အမျိုးသားညီညွတ်ရေး ဖြိုခွဲနေသူ

ဒေါ်စုကြည်ကို နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား သင့်မြတ်ရေး အတွက်စွမ်း ဆောင်တဲ့ အနေနဲ့ ဂုဏ်ပြုဆု တစ်ဆုကို ဆွစ်ဇာလန်နိုင်ငံမှ ချီးမြှင့်ရန် စီစဉ်ထားတယ်လို့ ကြားရပါတယ်။ ဒေါ်စုကြည်နဲ့ အတူ အမေရိကန် နိုင်ငံမှ ဟီလာရီကလင်တန်၊ အစ္စရေး ဝန်ကြီးချုပ်ဟောင်း၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း အပါအဝင် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် (၅) ဦးအား ရွေးချယ်ဆုပေးရန် သတ်မှတ်ထားတယ် လို့လည်း ဆိုပါတယ်။ ဒီဆုကို ဒေါ်စုကြည် ပါဝင်ရရှိခဲ့ခြင်းဟာ ဒေါ်စုကြည် ထိန်းသိမ်းခံ ဘဝက ပြန်လွတ်လာတဲ့အခါ ပြည်တွင်းအမျိုးသား သင့်မြတ်ရေး အတွက် ဆောင်ရွက်ခဲ့မှု၊ ပြည်သူအတွက် အခွင့်အရေးတွေ ရရှိဖို့ ဆန္ဒပြု ကတိပေးခဲ့မှုနဲ့ ပြည်တွင်းအမျိုးသား ညီညွတ်ရေး ဦးတည် ဆောင်ရွက်ရေး အတွက် ရရှိခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ် ခင်ဗျာ။
ဒေါ်စုကြည် အနေနဲ့ နိုဘယ်လ်ဆု အပါအဝင် ဆုပေါင်း တစ်ရာကျော်လောက် ရှိသွားပြီလို့လည်း သိရပါတယ်။ အားလုံးနီး ပါးလောက် ဟာ အနောက်အုပ်စု နိုင်ငံတွေက ပေးတဲ့ဆုတွေပါဘဲ။ ပြီးခဲ့တဲ့ လတုန်းကလည်း အိုင်ယာလန် နိုင်ငံက ငြိမ်းချမ်းရေးဆု၊ အမေရိကန် နိုင်ငံကတော့ အမေရိကန် နိုင်ငံမှာ လူချစ်လူခင် အများဆုံး ပုဂ္ဂိုလ်စာရင်းမှာ ထည့်သွင်းပြီး မြှောက်စားချီးမြှင့် ဂုဏ်ပြုခဲ့ကြတယ်လေ။ ကနေဒါ နိုင်ငံကလည်း ဂုဏ်ထူးဆောင် နိုင်ငံသားဆု ဆိုလားပဲ ကိုယ်တိုင်လာ ယူဖို့ ဖိတ်တယ်။ နည်းမျိုးစုံနဲ့ မြှောက်စားချီးမြှင့် ဂုဏ်ပြုနေကြလေရဲ့။ ဘယ်လိုများ ချီးမြှင့်မြှောက်စား ရမလဲ ဆိုတာကိုပဲ အလုပ်မရှိ အလုပ်ရှာ စဉ်းစားနေကြဟန် တူပါရဲ့။ ပြည်သူ အများစုရဲ့ ဆန္ဒသဘောထားကိုတော့ အလေးမထား၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ်မှာသာ ဝိုင်းဝန်း မြှောက်စား နေကြတာ ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ မမှန် ကန်တဲ့ သဘောထားတွေ အထင်အရှား ပြနေတာပါဘဲဗျာ။
ဒေါ်စုကြည်ကို ဒီမိုကရေစီ ခေါင်းဆောင်ကြီး ငြိမ်းချမ်းရေး သမားကြီး ပြည်တွင်းအမျိုးသား ညီညွတ်ရေးကို ကြိုးပမ်းနေသူ လို့ ဆိုပြီး အကြောင်းပြ ချီးမြှင့်နေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောနဲ့တော့ ပြောင်းပြန်ပါဘဲ။
ဒေါ်စုကြည် အနေနဲ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒီမိုကရေစီ လိုလားသူလို့ အမွှမ်းတင် ဂုဏ်ပြုနေကြပေမယ့် တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဖျက်ဆီးနေသူလို့ ပြောရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲစဉ် အတည်ပြုစဉ်ကလည်း အနှောင့်အယှက် အဟန့်အတားတွေ ပြုခဲ့တယ်။ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို NLD ကဝင် အရွေးမခံဖို့၊ မှတ်ပုံမတင်ဖို့ တားဆီးခဲ့တဲ့ အပြင် ပြည်သူတစ်ရပ်လုံးကပါ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော် ပြောဆိုခဲ့တယ်။ အခုချိန်မှာလည်း ဥပဒေအရ တရားဝင် ရပ်တည်ခွင့် မရှိတော့ဘဲ NLD ကို တရားဝင် ပါတီနဲ့ လှုပ်ရှားဖို့ လုပ်နေတယ်။ အမျိုးသား ညီညွတ်ရေး အကြောင်းပြပြီး ဒုတိယ အကြိမ် ပင်လုံညီလာခံ ကျင်းပရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆို လှုပ်ရှားနေတယ်။ လူမှုရေးကို အကြောင်းပြပြီး အစိုးရအပေါ် ပြည်သူတွေ အမြင်မကြည် ဖြစ်စေနိုင်မယ့် လုပ်ရပ်တွေ လုပ်ဆောင်နေတယ်။ သူမရဲ့ လုပ်ဆောင်ချက်ဟာ အမျိုးသား ညီညွတ်ရေးကို ဦးတည်တာ မဟုတ်၊ အမျိုး သားညီညွတ်ရေး ပြိုကွဲအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်နေတယ်။ တည်ငြိမ်နေတဲ့ နိုင်ငံတော်ကို မတည်ငြိမ်မှု ဖြစ်အောင် လုပ်ဆောင်နေတယ်။ နောက်ဆုံးမှာ တစ်ဦးနဲ့တစ်ဦး အထင်အမြင် လွဲသွားပြီး အေးချမ်းနေတဲ့ ငြိမ်းချမ်းနေတဲ့ နိုင်ငံတော်ကို မအေးချမ်းအောင်၊ မငြိမ်းချမ်းအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံတွေကတော့ ငြိမ်းချမ်းရေး ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသား ညီညွတ်ရေး အတွက် ကြိုးပမ်းသူ အဖြစ် မြှောက်စားချီးမြှင့်ပြီး ဆုတွေ၊ တံဆိပ်တွေ အမျိုးမျိုး တီထွင် ပေးနေပေမယ့် မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီ လမ်းကြောင်းကို ဖျက်ဆီးနေသူ၊ နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသူ၊ အမျိုးသား ညီညွတ်ရေးကို ဖြိုခွဲ နေသူရယ်လို့ မြင်နေပါတယ်ဗျာ။
                                                                                                                  မျိုးချစ်မောင်