xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမျိုးသား စစ်မှုထမ်း ဥပဒေနှင့် အတိတ်မေ့နေသူ ဦးတင်ဦး

Thursday, January 20, 2011

အမျိုးသား စစ်မှုထမ်း ဥပဒေနှင့် အတိတ်မေ့နေသူ ဦးတင်ဦး

 အမြင်တစ်ဘက်မကောင်းတော့သော ဦးတင်ဦး
ပြည်ပ အသံလွှင့် ဌာနများနှင့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များတွင် အမျိုးသား စစ်မှုထမ်း ဥပဒေ ဆိုတာနှင့် ပတ်သက်ပြီး အတော် ပြောတာကို ကြားရဖတ်ရသည်။ ဒါပေမယ့် ဥပဒေ သဘောက ဘယ်လို၊ နိုင်ငံတကာမှာ ဘယ်နည်း ဆိုတာမျိုး မဟုတ်ဘဲ တပ်မတော် အစိုးရ လုပ်တာဖြစ်လို့ ဆန့်ကျင်ရမည် ဆိုသည့် သဘောနှင့် ရေးကြ ပြောကြတာက များသည်။ ဗိုလ်ချုပ်တင်ဦးလို လူကပင် သမိုင်းကို ဖုံးကွယ်ပြီး ဒီဥပဒေ ထုတ်ပြန်ပြီးသည်နှင့် အစိုးရက ချွေးတပ်ဆွဲသလို လူလိုက်စုမည့် သဘောပြောတာ တွေ့ရသည်။ ထို့ကြောင့် မိမိကြုံခဲ့သမျှ လေ့လာမိသမျှ မျှဝေပေးလိုပါသည်
စစ်မှုထမ်းခြင်းနှင့် ပတ်သက်လျှင် ဆန္ဒအလျှောက် စစ်မှုထမ်းခြင်း၊ မ၀င်မနေရ စနစ်ဖြင့် စစ်မှုထမ်းခြင်း နှင့် စစ်စည်းရုံးမှု ပြုလုပ်ပြီး စစ်မှု ထမ်းဆောင်ခြင်းဟု စနစ်သုံးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာဖြင့် Voluntary Service, Conscript or Draft, Mobilization ဆိုပြီး သုံးမျိုးရှိသည်။
မ၀င်မနေရ စနစ်ဖြင့် စစ်မှုထမ်းခြင်းကို ဒီမိုကရေစီ နိုင်ငံများတွင်ရော၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံများတွင်ရော၊ အာဏာရှင် နိုင်ငံများ တွင်ရော ကျင့်သုံးသည်။ ထိုစနစ်အရ အသက်၁၈ နှစ်ကျော်သူတိုင်း သတ်မှတ်ထားသည့် ကာလ (တစ်နှစ် သို့ နှစ်နှစ်) စသည်ဖြင့် စစ်မှုထမ်းရသည်။ အချို့နိုင်ငံများတွင် သတ်မှတ်ကာလ ပြည့်လျှင် ပြီးပြီ၊ အချို့ နိုင်ငံများတွင်မူ နောက်ထပ် ဆယ်နှစ်၊ ဆယ်ငါးနှစ် အထိကို အရန်တပ်ဖွဲ့ဝင် အဖြစ် သတ်မှတ်ပြီး တစ်နှစ်လျှင် ရက်ပေါင်း မည်မျှ စစ်သင်တန်း တက်ရမည်ဟု သတ်မှတ် ထားသည်လည်း ရှိသည်။ အာရှတိုက်တွင် ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဥရောပတွင် ဆွစ်ဇာလန်၊ ဂျာမနီ၊ ရုရှားတို့မှာ ထိုစနစ် ကျင့်သုံးနေသော နိုင်ငံများ ဖြစ်သည်။ အမေရိကန်ကတော့ ဗီယက်နမ် စစ်ပွဲလွန် ၁၉၇၀ ပြည့်လွန် နှစ်များ နောက်ဆုံးပိုင်း အထိ မ၀င်မနေရ စစ်မှုထမ်း စနစ်ကို ကျင့်သုံးခဲ့ပြီး နောက်မှာ ဆန္ဒအလျှောက် စစ်မှုထမ်းသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ မ၀င်မနေရ စနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အခြေခံဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းလေ့ ရှိသကဲ့သို့ လွှတ်တော် ဥပဒေဖြင့် ပြဋ္ဌာန်း သည်လည်း ရှိသည်။
စစ်စည်းရုံးမှု ပြုလုပ်ခြင်း ဆိုသည်မှာ ပြည်ပ ကျူးကျော်မှုနှင့် ရင်ဆိုင်ရချိန်၊ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် အရွယ် ရောက်သူတိုင်း စစ်မှုထမ်းရန် အတွက် ဆင့်ခေါ်ခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်၊ ပထမကမ္ဘာစစ်များ အတွင်းက နှစ်ဘက်လုံးတွင် ထိုစနစ်ဖြင့် သန်းနှင့်ချီသော စစ်သားများကို စုဆောင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစနစ်အရ စစ်စည်းရုံးမှု ပြုလုပ်ရာတွင် ပါဝင်ရမည့် အသက်ကို ဥပဒေဖြင့် ကန့်သတ်ထားသည်။ ဥပမာ ၁၈ နှစ် မှ ၄၅ နှစ်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် စတင် ပေါက်ဖွားလာချိန်မှ စပြီး ဆန္ဒအလျှောက် စစ်မှုထမ်း သူများနှင့်သာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဥပဒေတွင် စစ်မှုထမ်းခြင်းနှင့် ပတ်သက်သော ပြဋ္ဌာန်းချက် မပါခဲ့ပါ။ ၁၉၇၄ ခုနှစ် ဥပဒေတွင်မူ နိုင်ငံသားများ၏ တာဝန်တွင် နိုင်ငံတော်ကို ကာကွယ်ရန် အတွက် ဥပဒေ နှင့်အညီ စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ဖော်ပြခဲ့ပြီး ၂၀၀၈ ခုနှစ် ဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ဖော်ပြထားပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်များသည် မ၀င်မနေရ စစ်မှုထမ်းစနစ် (Draft) ကို ပြောဆိုခြင်း မဟုတ်ဘဲ နိုင်ငံသားများ၏ တာဝန်ရှိမှုနှင့် လိုအပ်ပါက စစ်စည်းရုံးမှု Mobilization ပြုလုပ်ရန် လိုအပ်ချက် အတွက် ပြဋ္ဌာန်းခြင်းသာ ဖြစ်သည်။ တကယ်တော့ မြန်မာ နိုင်ငံ၏ အမျိုးသား စစ်မှုထမ်း ဥပဒေကို ၁၉၅၈ ခုနှစ် သို့ ၁၉၅၉ ခုနှစ်တွင် ပါလီမန် ဥပဒေဖြင့် လိုအပ်လာလျှင် စစ်စည်းရုံးမှု ပြုလုပ်နိုင်ခွင့် ပေးထားခဲ့သည်။ ထိုဥပဒေကို အမျိုးသား စစ်မှုထမ်း ဥပဒေ National Service Act ဟု ခေါ်ပါသည်။ ထိုဥပဒေကိုပင် ၁၉၇၄တွင် အနည်းငယ် ပြင်ဆင်ခဲ့သည်။ သို့သော် ထိုဥပဒေ ရှိသော်ငြားလည်း လူထု တစ်ရပ်လုံးကို စစ်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ။ တပ်မတော် လိုအပ်ချက် အရ ဆရာဝန်များ ကိုသာ နှစ် ကန့်သတ်ချက်ဖြင့် တပ်မတော် ဆရာဝန်အဖြစ် စစ်မှုထမ်းရန် ဆင့်ခေါ် တာဝန် ပေးခဲ့ခြင်းသာ ရှိပါသည်။ တပ်မတော် အစိုးရ လက်ထက်တွင်မူ တပ်မတော် ဆေးတက္ကသိုလ်ကို ထူထောင်ခဲ့ပြီး နောက် ဆန္ဒအလျောက် လျှောက်ထားသူ များကိုသာ ရွေးချယ် ခန့်အပ်ခဲ့သဖြင့် ဆရာဝန်များကိုပင် အမျိုးသား စစ်မှုထမ်း ဥပဒေ အရ အသုံးမပြု သည်မှာ ဆယ်ငါးနှစ်ခန့် ရှိမည် ထင်ပါသည်။
တော်လှန်ရေး ကောင်စီနှင့် လမ်းစဉ်ပါတီ လက်ထက်တွင် နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာသည် ပြည်သူ့ စစ်မဟာဗျူဟာ ဖြစ်သောကြောင့် ကျေးရွာများတွင် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းပေးပြီး ရပ်ရွာ ကာကွယ်ရေးကို တာဝန် ပေးခဲ့သည်။ ထိုပြည်သူ့စစ် အဖွဲ့များကို စစ်စည်းရုံးမှု ပြုလုပ်ပြီး မြစ်ဝကျွန်းပေါ် ဒေသမှ ဗကပများ၊ ကေအင်ယူများကို ၀ိုင်းဝန်းပိတ်ဆို့ ချေမှုန်းခဲ့ဖူးသည်။ ထိုစစ်ဆင်ရေးကို ရွှေလင်းယုန် စစ်ဆင်ရေးဟု အမည်ပေးပြီး ကျွန်တော်တို့ ရေတပ်နှင့် ပြည်သူ့စစ် များက ချောင်း၊ မြစ်များအတိုင်း ကြားကွက်လပ် မရှိအောင် ပိတ်ဆို့ထားပြီး ခြေလျင်တပ်များက ပိုက်စိတ်တိုက် ချေမှုန်းခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်က ဦးစီးချုပ် လုပ်သူများ ဦးတင်ဦးပင် ဖြစ်သည်။ သံလျင် ရေတပ်စခန်းမှာ ပြည်သူ့စစ် မဟာဗျူဟာနှင့် ပတ်သက်သည့် တပ်မှူးများ ညီလာခံ လုပ်တော့ ကျွန်တော်တို့က ဗိုလ်ပေါက်စနဲ့ ဧည့်ခံရေး တာဝန် ကျသည်။ ဦးတင်ဦးက တော်လှန်ရေး ကောင်စီဝင် တိုင်းမှူး၊ ငယ်ငယ် တက်တက်ကြွကြွနဲ့ ပြည်သူ့စစ် စည်းရုံးမှု မဟာဗျူဟာ အကြောင်းတွေ အားမန်အပြည့်နဲ့ ပြောခဲ့တာ မှတ်မိသေးသည်။ ထိုဖြစ်ရပ် နှစ်ခုမှအပ မြန်မာနိုင်ငံတွင် အမျိုးသား စစ်မှုထမ်း ဥပဒေကို လက်တွေ့ ကျင့်သုံးခဲ့ခြင်း လုံးဝ မရှိခဲ့ပါ။ နောင်လည်း ရှိမည် မဟုတ်သည်မှာ သေချာသည်။
သို့သော် ပြည်ပ ကျူးကျော်မှုများနှင့် ရင်ဆိုင်ရပြီ၊ စစ်ကြေငြာပြီး နှစ်နိုင်ငံ တိုက်ခိုက်ကြပြီ ဆိုလျှင်တော့ နိုင်ငံသား တိုင်းသည် မိမိ တိုင်းပြည်နှင့် လွတ်လပ်ရေးကို ကာကွယ်ရန် တာဝန်ရှိလာပြီ ဖြစ်သည်။ ထိုအချိန် ရောက်လျှင်တော့ အမျိုးသား စစ်မှုထမ်း ဥပဒေ သုံးသင့်လျှင် သုံးပါလိမ့်မည်။ ကျန်အချိန်မှာတော့ ဘယ်တော့မှ သုံးလိမ့်မည် မဟုတ်ပါ။
တပ်မတော်သည် ၁၉၄၈ ခုနှစ် ရန်ကုန် အစိုးရဘ၀ ရောက်နေချိန်တွင်၊ ၁၉၆၇ နှင့် ၁၉၈၈ ကြား ဗကပနဲ့ ကေအင်ယူတွေ အင်အားကောင်းပြီး နယ်စပ်ဒေသတွေမှာ မင်းမူနေချိန်၊ မြို့ရွာတွေကို တိုက်ခိုက် နေချိန်တွင်တောင် အမျိုးသား စစ်မှုထမ်း ဥပဒေကို သုံးခဲ့ခြင်း မရှိသည်မှာ အထင်အရှား ဖြစ်ပါသည်။ ယခုလို အချိန်မျိုးတွင် ပိုတောင် သုံးဖို့မလိုပါ။
ဒီလို အချိန်တွင် အမျိုးသား စစ်မှုထမ်း ဥပဒေ ဆိုသည့် အသံကြားသည်နှင့် သမိုင်းကို နားမလည်သော ကလေးများက လန့်ကြသည်။ သူတို့ကို အပြစ်မတင်ပါ။ သို့သော် မိမိနိုင်ငံ အတွေ့အကြုံ၊ နိုင်ငံတကာ အတွေ့အကြုံတွေရှိ၊ ကိုယ်တိုင်လည်း ဦးစီးချုပ် လုပ်ခဲ့သော ဦးတင်ဦးလို လူက ယုံထင်ကြောင်ထင် ဖြစ်အောင် ပြောတာကတော့ နိုင်ငံရေး ရည်ရွယ်ချက် သက်သက်နှင့် လုပ်တာပဲ ဖြစ်ပေမည်။ ဒါကလည်း သိပ်တော့ မဆန်းပါ။ သူပုန်ကုန်မှ မိန်းမယူမယ်ဟု ဥက္ကဋ္ဌကြီး ဦးနေ၀င်းကို ပြောခဲ့သဖြင့် အဖိုးကြီးက သနားပြီး အတင်း မိန်းမ ယူခိုင်းရတဲ့ ဘ၀ရောက်အောင် ပြောတတ်သူ၊ တော်လှန်ရေး ကောင်စီတက်တော့ အရင်းရှင်ကို အရင်ရှင်းရမယ် ဆိုပြီး ရဲရဲတောက် ပြောခဲ့သောကြောင့် အသက် အငယ်ဆုံး တော်လှန်ရေး ကောင်စီဝင် ဖြစ်လာခဲ့သူ၊ အုန်းကျော်မြင့်တို့ နိုင်ငံတော် လုပ်ကြံမှု ဖြစ်တော့ ဥက္ကဋ္ဌကြီးကို စိတ်နဲ့တောင် မပြစ်မှားပါဘူးဟု အသနားခံစာ ရေးသဖြင့် ငါးနှစ်ကျော်ပဲ ထောင်ကျခံပြီး လွတ်လာရသူ၊ ၈၈ ကျတော့ ရဲရဲတောက် ဒီမိုကရေစီသမား ဖြစ်လာသူ ဆိုတော့ သမိုင်း အလှည့်အပြောင်းမှာ လွယ်လွယ်နှင့် အတိတ်မေ့ပြီး ဒီကွေ့ရောက်လို့ ဒီတက်နှင့် လှော်တာလည်း ဖြစ်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အမျိုးသား စစ်မှုထမ်း ဥပဒေ ဆိုတာ မသိသေးသူများ ဂဃနဏ သိသွားလျှင်တော့ ဘယ်သူတွေက ဘာ့ကြောင့် တောချောက်နေသည် ဆိုတာကို နားလည်နိုင်ကြမည် ထင်ပါသည်။
                                                                                                             အဏ္ဏ၀ါစစ်သည်
Credit : ပိတောက်မြေ