xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကြံကြံဖန်ဖန်အပြစ်ရှာသူများ

Thursday, January 13, 2011

ကြံကြံဖန်ဖန်အပြစ်ရှာသူများ

သူများမကောင်း ကိုယ်အကောင်း ပြောမည့်သူများ
ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၊ ပထမ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးနဲ့ ပထမ အကြိမ် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပသွားဖို့ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး လွှတ်တော် ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ (၁၇) မျိုးကိုလည်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။
ထုံးစံအတိုင်း ပါပဲဗျာ။ ပြည်ပ အသံလွှင့် ဌာနတွေနဲ့ ပုဂ္ဂိုလ် တစ်ချို့က ဝေဖန်သံတွေ ကြားနေရတယ် ခင်ဗျာ့။ အပြစ်ရှာ နေတဲ့ နေရာမှာ ကြံကြံဖန်ဖန် ရှာတတ်တဲ့ သူတို့ရဲ့ အကျင့်အတိုင်း ချစ်တီးခေါင်း သန်းရှာ သလိုပါပဲ။ အခုလို လွှတ်တော်ကို ချက်ချင်း ခေါ်လိုက်တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုကြပြန်တယ် ခင်ဗျာ့။ တကယ်တော့ လွှတ်တော် ဥပဒေထဲမှာ အတိအလင်း ပါပြီးသားပါ။ အားလုံးလည်း သိပြီးသားပါ။ ရွေးကောက်ပွဲ ပြီးတဲ့နောက် ရက်ပေါင်း (၉၀) အတွင်း လွှတ်တော် ခေါ်ယူမယ် ဆိုတာပါပဲ။ ဒါကိုကြည့်ရင် တမင်သက်သက် အပြစ်ရှာ ပြောတယ် ဆိုတာ အလွန်ထင်ရှားလှ ပါတယ်ဗျာ။
နောက်ပြီး လွှတ်တော် ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် (၁၇) မျိုး ထုတ်ဝေမှု၊ ဖြန့်ချိမှု ကိုလည်း ကြံကြံဖန်ဖန် အပြစ်တင် သွားတယ်လေ။ ဥပဒေ၊ နည်းဥပဒေ စာအုပ်တွေ ထုတ်ဝေတာ နောက်ကျတဲ့ အကြောင်း လုံလုံလောက်လောက် မဖြန့်ချိတဲ့ အတွက် ဝယ်မရကြောင်းနဲ့ အပြင်မှာ မူရင်းဈေးထက် (၃)ဆ (၄)ဆ ပေးဝယ်ရတဲ့ အကြောင်းတွေ ပေါ့ဗျာ။
လွှတ်တော် ခေါ်မဲ့ရက် ထုတ်ပြန်တဲ့နောက် ဥပဒေ၊ နည်းဥပဒေ တွေလည်း တစ်ပါတည်း ရောင်းချတာ ပဲလေ။ နောက်ကျတယ် လို့ ပြောလို့ မရပါဘူး။ လူအများ စိတ်ဝင်စားတဲ့ စာအုပ်မျိုး ဆိုတော့ စီးပွားရေးသမား အချို့က ရသလောက် ဝယ်ပြီး အမြတ် တင်ရောင်းတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါတော့ ဘယ်တတ်နိုင်မလဲဗျာ။
နောက်ပြီး သံသယ စိတ်တွေနဲ့ ပြောလိုက်သေးတယ်။ လွှတ်တော် ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေမှာ ပါတဲ့ ပြဋ္ဌာန်းချက် အတိုင်း လွှတ်တော် ကိုယ်စားလှယ်တွေ အကောင်အထည် ဖော်နိုင်ရေး အလားအလာ ရှိမှ ရှိနိုင်မလား ဆိုတဲ့ အပြောမျိုးတွေ၊ လွှတ်တော် တွင်းမှာ ကော်မတီတွေကို ဖွဲ့စည်းပေးလိုက် ပေမယ့်လည်း လွှတ်တော် အတွင်း တကယ် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု ရှိမရှိ ဆိုတာ ကတော့ မသေချာသေး ဆိုတဲ့ အပြောမျိုးတွေ ပြောသွားကြတယ် ခင်ဗျာ့။ ထေ့လုံး၊ ရွဲ့လုံးတွေနဲ့ ပေါ့ဗျာ။
ဒါတွေက မဆန်းတော့ ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ မထုတ်ပြန်ခင် ကလည်း အခုချိန်ထိ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ မထုတ်ပြန် သေးဘူးဆိုပြီး အပြစ်ပြောတယ်။ ထုတ်ပြန်တော့လည်း အပြစ်တွေ အမျိုးမျိုး ရှာပြီးပြောတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲ ရက်ကို မကြောညာခင်မှာ ရွေးကောက်ပွဲရက်ကို အခုချိန်ထိ မကြေညာ သေးဘူး၊ အချိန်တွေ ဆွဲနေတယ်လို့ အပြစ် တင်တယ်။ ရွေးကောက်ပွဲ ရက်ကို ကြေညာလိုက် ပြန်တော့ ရွေးကောက်ပွဲ ရက်က ကပ်လွန်းတယ်၊ နိုင်ငံရေး ပါတီတွေ အတွက် အချိန် မရဘူး ဆိုပြီး အပြစ်တင် ပြန်တယ်လေ။
အခုလည်း ရွေးကောက်ပွဲတော့ ပြီးသွားပြီ။ ဒါပေမယ့်လည်း လွှတ်တော်ခေါ်မဲ့ ရက်က မကြေညာသေးဘူးလို့ အပြစ်တင်သံ လိုလို၊ ဘာလိုလို ပြောနေကြတယ်။ ရက်အတိအကျ ကြေညာလိုက် ပြန်တော့ လွှတ်တော် ကိုယ်စားလှယ်တွေမှာ ပြင်ဆင်ချိန် မရ ဆိုသလိုမျိုး အပြစ်တင် ပြန်တယ်လေ။ နောက်ပြီး လွှတ်တော် ခေါ်ယူရေး ဥပဒေ၊ နည်းဥပဒေ (၁၇) မျိုး ထုတ်ဝေ ဖြန့်ချိမှုနဲ့ ပတ်သက်ပြီး ဝေဖန် ပြန်တယ်။ မကြာမီ ကျင်းပတော့မယ့် လွှတ်တော် အတွင်းမှာ ပြဋ္ဌာန်းချက် အတိုင်း အကောင်အထည် ဖော်နိုင်မှု ရှိမရှိဆိုတာ မသေချာ သေးဘူး ဆိုတဲ့ သံသယတွေနဲ့ အပြစ်ရှာ နေပြန်တယ်လေ။ အော်….. ကြံကြံဖန်ဖန် အပြစ်ရှာ တတ်တဲ့ လူတွေပါလားဗျာ။
                                                                                                 ကိုပြည်ချစ်