xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒါဘဲပြောတတ်တော့လား

Tuesday, April 5, 2011

ဒါဘဲပြောတတ်တော့လား

ကဲ လမ်းပြမြေပုံ ခုနှစ်ရပ်ရဲ့ နောက်ဆုံးအဆင့် ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ အရ ပေါ်ပေါက်လာတဲ့ အစိုးရ ပေါ်လာပြီ။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ အချိုးအကွေ့ တစ်ခု ရောက်လာပြီ။ ဒီအခြေအနေကို ၂၀၀၈ အခြေခံ ဥပဒေကို အစဉ်တစ်စိုက် ဆန့်ကျင်လာတဲ့ အုပ်စုတွေနဲ့ သူတို့ကို ၀ိုင်းဝန်းပံ့ပိုး ပေးနေတဲ့ မီဒီယာ အုပ်စုတွေက ဘယ်လို တုန့်ပြန် ကိုင်တွယ် ကြမှလဲ။
အဲဒီအုပ်စုတွေက လွှတ်တော် မခေါ်ခင်မှာ ဒီလို ပြောခဲ့ကြတာကို မှတ်မိ ပါလိမ့်မယ်။
- ဦးသန်းရွှေဘဲ သမ္မတလုပ်မှာဖြစ်တယ်။
- ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က သမ္မတအိမ်တော် အသစ်ကို နေ့တိုင်း သွားစစ်နေပြီ။
- ဗိုလ်ချုပ် မောင်အေးကို အနားပေးမယ်၊ ဦးသန်းရွှေက ဦးစီးချုပ်လည်း ဆက်လုပ်မယ်။ ဒါ့ကြောင့် တပ်ထဲမှာ ဦးသန်းရွှေ အုပ်စုနဲ့ ဗိုလ်ချုပ်မောင်အေး အုပ်စု ကွဲနေပြီ။ တိုင်းမှူးတွေက မကျေနပ်တော့ဘူး။
- ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော်ထဲ ရောက်တဲ့ ပါတီတွေ ကလည်း ဘာမှ ပြောလို့မရ၊ လုပ်လို့မရ၊ လူရာဝင်မှာ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်က အများစုဖြစ်လို့ သူတို့ဘဲ လုပ်ချင်တာ လုပ်သွားမှာပဲ။
- အစိုးရအဖွဲ့ ဆိုတာလည်း ဘောင်းဘီချွတ်တွေပဲ ဖြစ်လို့ ဘာမူဝါဒမှ ပြောင်းမှာ မဟုတ်ဘူး။
- ဗိုလ်ချုပ်သူရမြင့်အောင် အနားယူလိုက်တာဟာ အကွဲအပြဲရဲ့ အစပဲ။ ဗိုလ်ချုပ်မောင်အေးလည်း အကျယ်ချုပ်နဲ့ နေနေရပြီ။
ဒါက လွှတ်တော် မစခင်က တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ လေလုံးမိုးလုံး ရိုက်ခဲ့တာတွေပေါ့။
ဒီလိုနဲ့ လွှတ်တော်စ သမ္မတရွေးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မဖြစ်ဘဲ ၀န်ကြီးချုပ် ဦးသိန်းစိန်က သမ္မတ ဖြစ်လာတော့ ဒီအဖွဲ့တွေ အရှက် ကွဲတော့တာပဲ။ ဒါတောင် လွှတ်တော် ကာလထဲမှာ ဗိုလ်ချုပ်တင်အေးက ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ယူဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ် အဖြစ်က အနားယူလိုက်တော့ ထောက်လှမ်းရေးပြုတ် အောင်လင်းထွဋ်လို ကိုယ်တော်ကြီးများက မီဒီယာပေါ် တက်ပြီး ဒါဟာ တပ်တွင်း အကွဲအပြဲပဲ ဆိုပြီး ရှေ့ဖြစ် ဟောကြပြန်ရော။
နောက်ဆုံးတော့ ဘယ်လိုပဲ ပြောပြော လက်တွေ့ အဖြစ်တွေကို ပြန်ချုပ်လိုက်တော့ အခုလို တွေ့ရမှာ ဖြစ်တယ်။

- ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နိုင်ငံရေးကရော၊ စစ်ရေး အခန်းကဏ္ဍကပါ အနားယူ သွားခဲ့တယ်။ ဗိုလ်ချုပ်ကြီး မောင်အေးလည်း အလားတူ အနားယူ သွားခဲ့တယ်။
- နိုင်ငံရေးဘက်မှာ နအဖ တတိယမျိုးဆက် (ပထမမျိုးဆက်က န၀တ အာဏာသိမ်းတုန်းက ပါခဲ့တဲ့ ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်ချုပ်ခင်ညွန့်တို့၊ ဒုတိယ မျိုးဆက်က ၁၉၉၃ မှာ န၀တက ပြင်ဖွဲ့တော့ တိုင်းမှူး၊ နောင်ဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ် အေးကျော်၊ ဗိုလ်ချုပ်စောထွန်းတို့၊ တတိယမျိုးဆက်က ၁၉၉၇ မှာ န၀တကနေ နအဖ ပြင်ဖွဲ့တော့ တိုင်းမှူးတွေ၊ နအဖ အဖွဲ့ဝင်တွေ ဖြစ်လာတဲ့ ဗိုလ်ချုပ် သူရရွှေမန်း၊ ဗိုလ်ချုပ် သိန်းစိန်တို့) တွေက ခေါင်းဆောင် ဖြစ်လာပြီး စစ်ရေးဘက်မှာ စတုတ္ထ မျိုးဆက်တွေက ခေါင်းဆောင် ဖြစ်လာခဲ့တယ်။
- ပြည်နယ်အဆင့်မှာ ကျန်တဲ့ ပါတီကလူတွေ ၀န်ကြီးအဖြစ် ပါလာသလို ဗဟိုအဆင့်မှာ ကျန်တဲ့ ပါတီတွေက လူတွေက လွှတ်တော်ရေးရာ ကော်မတီတွေမှာ ပါလာတယ်။ ရခိုင် တိုင်းရင်းသား ပါတီက အရေးကြီးတဲ့ အစိုးရ ကတိခံဝန်ချက် များကို စိစစ်ရတဲ့ ကော်မတီမှာ ဥက္ကဌ ဖြစ်လာတယ်။ ပြည်ခိုင်ဖြိုး ပါတီက ရှမ်းတိုင်းရင်းသား တစ်ဦးဟာ ဒုသမ္မတ ဖြစ်လာတယ်။
- လွှတ်တော်ထဲမှာ ပါတီအားလုံးက လွှတ်တော် ကိုယ်စားလှယ်တွေဟာ အနှစ်နှစ်ဆယ် လုံးလုံး အစိုးရကို မေးလို့ မရခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး မေးခွင့်ရခဲ့တယ်။ ဒီမေးခွန်းတွေကို အစိုးရ ၀န်ကြီးတွေက ပြန်ဖြေခဲ့ရတယ်။ ကိုယ်လိုရာ ဆွဲပြီး ဖြေတယ် ဆိုဦးတော့ အချက်အလက်တွေ၊ အကိုးအကားတွေနဲ့ အလေးထား ဖြေခဲ့ရ၊ ခုခံကာကွယ် ခဲ့ရတယ်။ တစ်ချို့ အချက်များ ဥပမာ၊ ရယက ခန့်ထားရေး၊ မှတ်ပုံတင်ကိစ္စ၊ မြန်မာနိုင်ငံရဲ့ ရေနံထုတ်လုပ်မှု၊ အငြိမ်းစား လစာ ကိစ္စတွေဟာ ဘယ်တုန်းကမှ ပြောခွင့်မရတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီချုပ်က နှစ်နှစ်ဆယ်ကျော် ကြေငြာချက်တွေ ထုတ်ပြီး အစိုးရကို တောင်းဆို ခဲ့သမျှ၊ ပြောခဲ့သမျှကို တစ်ဖက်က ဖုတ်လေသည့်ငပိ ရှိတယ်လို့တောင် မအောင့်မေ့ခဲ့တဲ့ အခြေအနေနဲ့ ယှဉ်လိုက်ရင် လွှတ်တော်ထဲ ရောက်သွားတဲ့ ပါတီတွေရဲ့ လုပ်ဆောင်နိုင်မှု အတိုင်းအတာကို ပိုပြီး သဘောပေါက်နိုင်မှာ ဖြစ်တယ်။
- လွှတ်တော်ထဲမှာ ပါတီငယ်တွေက တင်သွင်းခဲ့တဲ့ အဆိုတွေဟာ မအောင်မြင် ခဲ့သည့်တိုင်၊ အဲဒီ မေးခွန်းတွေ၊ အဆိုတွေဟာ ပြည်သူများရဲ့ ခံစားချက်များကို ထင်ဟပ်နေတယ် ဆိုတာ ပြည်ခိုင်ဖြိုး ပါတီက အသိအမှတ် ပြုလိုက်ရတဲ့ သဘောရှိတယ်။ သမ္မတသစ် ကတိသစ္စာ ပြုပြီးနောက် ပြည်ထောင်စု လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်း၊ အစိုးရ အဖွဲ့သစ်ကို ပြောတဲ့ မိန့်ခွန်းတွေဟာ နအဖ လက်ထက် အစိုးရ ခေါင်းဆောင်တွေ ပြောလေ့ရှိတဲ့ မိန့်ခွန်းများနဲ့ လုံးဝ ကွဲပြားခြားနား နေတယ် ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။
- သမ္မတသစ်ရဲ့ မိန့်ခွန်းနှစ်ခုဟာ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ထင်ဟပ်ထားတယ်။ တိုက်ရိုက် မဟုတ်ပေမယ့် နအဖ လက်ထက်က ပြဿနာတွေကို အသိအမှတ် ပြုထားပြီး အဂတိ လိုက်စားမှု၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံ ဥပဒေပါ နိုင်ငံသားများရဲ့ အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့ ဥပဒေများကို ပြန်လည် ပြင်ဆင်ပေးရေးတို့ ပြောလာတယ်။ သမ္မတက ဒီအခြေခံ ဥပဒေကို လက်မခံ နိုင်သေးတဲ့ လူတွေရှိနေတယ် ဆိုတာကို အသိအမှတ် ပြုခဲ့ပြီး ဒီလူတွေ လက်ခံလာအောင် ကြိုးစားရမယ်လို့ ပြောသွား ခဲ့တယ်။ မတူညီတဲ့ သဘောထားတွေ ရှိတယ် ဆိုတာကို အသိအမှတ် ပြုခဲ့ပြီး ရွေးကောက်ပွဲကနေ တဆင့် လုပ်ပိုင်ခွင့် အာဏာကို ရနိုင်အောင် ကြိုးစားကြဖို့ ဖိတ်ခေါ်ခဲ့တယ်။ သမ္မတ ပြောသွားခဲ့တဲ့ ဥပဒေပြုရေး အစီအစဉ် ဆယ်ချက်ကို ကြည့်ရင်၊ အစိုးရ အဖွဲ့ကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ဥပဒေစိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ထားရှိအပ်တဲ့ သဘောထား မီဒီယာ ကဏ္ဍအပေါ် ထားရမယ့် သဘောထားတွေကို ကြည့်ရင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ လိုက်နာသင့်တဲ့ အချက်များကို ထင်ဟပ်နေတာ တွေ့ရမှာ ဖြစ်တယ်။
အဲဒီလို လွှတ်တော်ထဲမှာ ပါတီငယ်တွေ ပြောရေးဆိုခွင့် အတိုင်းအတာ တစ်ခုထိ ရလာတဲ့ အခြေအနေ၊ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်အဆင့် ရေးရာ ကော်မတီတွေမှာ ပါဝင်နိုင်တဲ့ အခြေအနေတွေဟာ ဒီချုပ် ဦးစီးတဲ့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေကို အကျပ်အတည်း ဖြစ်စေခဲ့တယ်။
၁၉၉၀ ရွေးကောက်ပွဲ ပြီးထဲက ပြည်ပနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဂရုဏာသက်မှု၊ စာနာမှုကို အဓိကအား အဖြစ် သုံးနေခဲ့ရတဲ့ ဒီချုပ်ဟာ ၂၀၁၀ နိုဝင်ဘာမှာ ဒေါ်စု ပြန်လွတ်လာပြီးထဲက အကျပ် တွေ့လာတယ် ဆိုရင် မမှားဘူး။ ဒီလို ပြောရတာက အောက်ပါ အကြောင်းတွေကြောင့် ဖြစ်တယ် -
- ဒေါ်စု လွတ်လာပြီးတော့ အရင်တုန်းက လွှတ်ပေးခဲ့တုန်း ကနဲ့ မတူပဲ အစိုးရက ဒေါ်စုကို ဘာကန့်သတ်ချက်၊ ဘယ်လို စောင့်ကြည့်တာ မျိုးမှ မလုပ်ဘဲ ပစ်ထားခဲ့တယ်။ ဇာတ်ထဲက မင်းသမီးလိုပဲ နှိပ်စက်မယ့် ပုဏ္ဏားရှိမှာ ဇာတ်နာပြီး ပရိသတ် သနားတာ ခံရမယ့် ဒေါ်စု တစ်ယောက် ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ မရှိတဲ့ အခြေအနေမှာ ဘာလုပ်ရမှန်း မသိ ဖြစ်လာခဲ့ရတယ်။ အကျယ်ချုပ်က လွတ်ပြီး သုံးလ အကြာမှာ ဒေါ်စု ရုံးလာတက်တဲ့ အချိန်၊ အပြင်ထွက်တဲ့ အချိန်မှာ ကြက်ပွဲလောက်တောင် လူမစည်တော့တာကို ကြည့်ရင် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက ဘယ်မှာ ရောက်သွားပြီလဲ ဆိုတာ သိနိုင်တယ်။
- လွှတ်တော်တွင်း နိုင်ငံရေး အခြေအနေဟာ ထင်သလောက် လမ်းပိတ်နေတာမျိုး မဟုတ်တာကို တွေ့လာရတဲ့ အချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ မှန်ကန်မှု အပေါ် မိတ်ဆွေတွေ ဆီက ဆန်းစစ်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်လာရတယ်။
- အရင်က အနောက်အုပ်စုနဲ့ ဆက်ဆံရေးကို ဒီချုပ်တစ်ခုပဲ လက်ဝါးကြီး အုပ်ထားရာကနေ လွှတ်တော်တွင်းရောက် နေတဲ့ ဒီမိုကရေစီ မိတ်ဆွေများ ဆိုတဲ့ ဆယ်ပါတီ အုပ်စုနဲ့ မျှဝေ ယူလာရတယ်။ အီးယူ သံအမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်စုဟာ ကျန်တဲ့ ဆယ်ပါတီက ခေါင်းဆောင်တွေနဲ့ တန်းတူ တက်ရောက်ခဲ့ရတယ်။ (၈၈ ထဲက ဒါဟာ ပထမဆုံးပဲ၊ ၈၉ တုန်းက ၀ိဓူရ သခင်ချစ်မောင် ဦးဆောင်တဲ့ ပါတီ တစ်ရာကျော်က န၀တနဲ့ ဆွေးနွေးဖို့ အတွက် အားလုံး စုစည်းဖို့ တင်ပြတော့ ဒေါ်စုက တစ်ကျပ်နဲ့တစ်မတ် တန်းတူ မထားနိုင်ဘူး၊ ဒေါ်စုကိုပဲ ပါတီအားလုံးရဲ့ ကိုယ်စားလှယ် အဖြစ် တာဝန်ပေးဖို့၊ ပါတီအားလုံးကို ကိုယ်စားပြုတဲ့ ကော်မတီထဲမှာ ဒေါ်စုကို အဖွဲ့ဝင်တစ်ဦး အဖြစ်နဲ့ ထည့်သွင်းတာကို သဘော မတူနိုင်ဘူးလို့ ဆိုခဲ့ဘူးတယ်။ )
- အစဉ်အလာအရ နအဖ ခေါင်းဆောင်များ ပြောကြားလေ့ ရှိတဲ့ ပုံစံထဲက ခွဲထွက်လာတဲ့ သမ္မတရဲ့ မိန့်ခွန်းနှစ်ခုဟာ ပြည်တွင်း၊ ပြည်ပက စိတ်ဝင်တစား တုန့်ပြန်မှုတွေ ဖြစ်စေတယ်။ Hard Line စကားတွေ ကြားရမယ်လို့ မျှော်လင့်နေတဲ့ အစိုးရ ဆန့်ကျင်ရေး အုပ်စုများ အတွက်လည်း မိန့်ခွန်းထဲက မူဝါဒတစ်ချို့ကို လုံးလုံးလျားလျား ပယ်ချပစ်ဖို့ အခက်တွေ့ စေတယ်။
ဒါ့ကြောင့်လည်း ဦးဝင်တင်က ခေါင်းဆောင်ပြီး အပြောင်းအလဲ ဖြစ်မှာ မယုံဘူးလို့ ဆိုတယ်။ မိန့်ခွန်းပါ အချက်တွေက ကောင်းပေမယ့် လုပ်မှာလား၊ လုပ်တတ်ရဲ့လားလို့ မေးခွန်း ထုတ်ထားတယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီး အာဏာ စွန့်လိုက်ပြီ ဆိုတာ သူမယုံဘူးလို့ ဆိုတယ်။ ဒီလေသံကိုပဲ ဦးဥာဏ်ဝင်းတို့၊ ဦးအေးသာအောင် တို့က နင်းလာသလို ဧရာဝတီက ကိုအောင်ဇော်တို့ ကလည်း သံယောင် လိုက်လာတယ်။ အဲပြီးတဲ့ အခါ ဗိုလ်ချုပ်မှူးကြီး ခေါင်းဆောင်တဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ဖွဲ့ လိုက်ပြီ။ ဒီအဖွဲ့နဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြဿနာ တက်တော့မယ်၊ ဗိုလ်ချုပ်မှူးကြီးက အာဏာ မစွန့်သေးဘူး ဆိုတဲ့ သတင်းတွေ ဖြန့်လာတယ်။
တကယ်တော့ ဒီသတင်းတွေ ဟာလည်း လွှတ်တော် မစခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ ဆက်လုပ်မယ် ဆိုတဲ့ သတင်းတွေလိုပဲ နောက်ဆုံးတော့ ဖွတ်ရှုး ဖြစ်ဦးမှာပဲ။ ဦးဝင်းတင်တို့ အနေနဲ့ သမ္မတသစ်ရဲ့ မိန့်ခွန်းကို အသေအချာ ဖတ်ပြီး ဘယ်အချက်က ကောင်းတယ်၊ ဘယ်အချက်က မကောင်းဘူး၊ ဘယ်အချက် ကဖြင့် အားလုံးရဲ့ အကျိုးစီးပွား ဖြစ်လို့ ဘယ်လို ပေါင်းလုပ်သင့်တယ် စသည်ဖြင့် Critical Thinking နဲ့ ပြောမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။
ဒါပေမယ့် အဲဒီလို ပြောရမယ့် အစား မိန့်ခွန်းကတော့ ကောင်းပါရဲ့ တကယ် လုပ်နိုင်ပါ့မလား လို့ ပြောလိုက်တဲ့ အခါမှာ ဒီချုပ် အနေနဲ့ ကိုယ့်အထုပ် ကိုယ် ဖြေပြသလို ဖြစ်သွားရှာတာပါပဲ။ ဘာလို့လည်း ဆိုတော့ နှစ်နှစ်ဆယ်ကျော် ဒီမိုကရေစီ ပြောင်းရမယ်၊ စစ်အာဏာရှင် စနစ် ဖယ်ရှားရမယ်လို့ ရဲရဲတောက် မိန့်ခွန်းတွေ၊ ကြေညာချက်တွေ၊ နိုင်ငံတကာကို တောင်းဆိုချက်တွေ ရာချီထုတ်ပြီး ဘာမှ ဖြစ်မလာခဲ့ တာက ဒီချုပ် ဖြစ်နေတာကိုး။
ဒီတော့ နှစ်နှစ်ဆယ်ကျော် အတင်းထုလိုက်၊ ကြေညာချက်တွေ၊ ကောလဟာလတွေနဲ့ပဲ ပြီးနေခဲ့ပြီး အခုအထိ ဒီစကားမျိုးပဲ ဆက်ပြောနေမယ်၊ ဒါမျိုးပဲ ပြောတတ်တော့တယ် ဆိုရင်တော့ ဒီချုပ်ဟာ ဘယ်သူမှ ဖျက်သိမ်းစရာ မလိုဘဲ ရေတိမ်နစ်မှာ သေချာ နေပါပြီ။ အခု တပ်မတော်နေ့ အခမ်းအနားမှာ တက်တဲ့လူ အရေအတွက်နဲ့ မနှစ်က တက်တဲ့လူ အရေအတွက် ယှဉ်ကြည့် လိုက်ရင်တောင် အတင်းတုတ်၊ ကောလဟာလထုတ်ပဲ လုပ်တဲ့ နိုင်ငံရေးဟာ ဘယ်ကို ဦးတည်နေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ 
အောင်ထက် 
Credit : ပိတောက်မြေ