xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စာရေးဆရာကြီး ပါရဂူ ကွယ်လွန် ရှာပြီ

Saturday, April 9, 2011

စာရေးဆရာကြီး ပါရဂူ ကွယ်လွန် ရှာပြီ


 
အိန္ဒိယနိုင်ငံက ဟိန္ဒီ၊ သက္ကတဘာသာနဲ့ ပြုစုရေးသားခဲ့တဲ့ စာပေတွေကို အစဉ်တစိုက် ဘာသာပြန်ပြီး မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးစေခဲ့တဲ့ စာရေးဆရာကြီး ပါရဂူဟာ ဒီကနေ့ ကွယ်လွန်သွားပါတယ်။အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဆရာပါရဂူဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးခန်းမှာ ဒီကနေ့ မနက် ၉နာရီခွဲခန့် က ကွယ်လွန်သွားတာဖြစ်ပါတယ်။ 

ဆရာပါရဂူဟာ ဟင်္သာတခရိုင် သနွံသနော့ ကျေးရွာမှာ ၁၉၂၁ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပြီး အမည်ရင်းက ဦးလှကြိုင် ဖြစ်ပါတယ်။ ၁၅ နှစ်သားအရွယ် ကိုယ်ရင်ဘ၀ကတည်းက စာပေဆောင်းပါးတွေကို စတင်ရေးသားခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ရဟန်းဘ၀မှာ ပါရဂူအမည်နဲ့ ဗုဒ္ဓစကား ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပြီးနောက် ၂ နှစ်အကြာမှာ လူထွက်ခဲ့ပါတယ်။

ဆရာပါရဂူဟာ မြန်မာပြည်မှာ ဟီန္ဒိဘာသာ စာပေကို လေ့လာသင်ယူခဲ့သလို ၁၉၄၇ ခုနှစ်မှာ အိနိယနိုင်ငံ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ်ကို သွားရောက်ပြီး ဟိန္ဒီနဲ့ သက္ကတ စာပေတွေကို လေ့လာသင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟိန္ဒီနဲ့ သက္ကတ ကျန်းဂန်နဲ့ ၀တ္ထုတွေကို မြန်မာဘာသာ ပြန်ဆို ထုတ်ဝေခဲ့ပါတယ်။ ဆရာပါရဂူဟာ ဘာသာပြန်ကျမ်း၊ ဘာသာပြန်ဝတ္ထု၊ ပင်ကိုယ်ရေးကျမ်း၊ ပင်ကိုယ်ရေးဝတ္ထု စုစုပေါင်း စာအုပ် ၁၀၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီး သုန္ဒရာနန္ဒ ခေါ် ညီတော်မင်းနန် စာအုပ်နဲ့ ၁၉၆၃ ခုနှစ်မှာ အနုပညာဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခံရသလို ၁၉၈၆ ခုနှစ်မှာတော့ ဂေါရီ ဆိုတဲ့ ဟန္ဒီဘာသာပြန် စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့ပါတယ်။


ဆရာပါရဂူ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ဂေါရီ၊ စိတ္တရလေခါ၊ ဒီဗျာ၊ ညီတော်မင်းနန်၊ နေရူးရဲ့သမီးထံ ပေးစာ၊ ဗော်လဂါမှ ဂင်္ဂါသို့ ၊ သီဟသေနာပတိ စတဲ့ စာအုပ်တွေဟာ ထင်ရှားပြီး ဗုဒ္ဓစကားနဲ့ ဗုဒ္ဓဒိုင်ယာရီစာအုပ်တွေဟာ ၉ ကြိမ်လောက်အထိ ထပ်မံ ထုတ်ဝေခဲ့ရတဲ့စာအုပ်တွေ ဖြစ်ပါတယ်။

ဒီနေ့ခင်းအထိမှာတော့ဆရာပါရဂူရဲ့ရုပ်ကလာပ်ကိုအာရှတော်ဝင်ဆေးခန်း ရေခဲတိုက်မှာထားရှိပြီး နောက်ပိုင်းမှာ သူတည်ထောင်ထားတဲ့ ရှန်တိနိကေတန် စာကြည့်တိုက်တည်ရှိရာ ရွှေပေါကံကို သယ်ယူမှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။