xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကဒါဖီ၏ကွပ်ကဲမှုတပ်မကို နေတိုးလေယာဉ်များဗုံးကြဲ၊ သူပုန်များထံ စစ်ဆင်ရေးအကြံပေးများ နေတိုးစေလွှတ်

Wednesday, April 20, 2011

ကဒါဖီ၏ကွပ်ကဲမှုတပ်မကို နေတိုးလေယာဉ်များဗုံးကြဲ၊ သူပုန်များထံ စစ်ဆင်ရေးအကြံပေးများ နေတိုးစေလွှတ်

အနောက်အုပ်စု၏အထောက်ပံ့ဖြင့် အင်အားကြီးထွားလာနေသော လစ်ဗျားသူပုန်များ
 
 လစ်ဗျားသူပုန်တွေ စနစ်တကျဖြစ်ဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ၊ ဆက်သွယ်မှုတွေ တိုးတက်စေဖို့ ဆောင်ရွက်ရာမှာ အကူအညီပေးသွားဖို့ ဗြိတိသျှစစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၁ ဒါဇင်လောက်ကို လစ်ဗျားနိုင်ငံ စေလွှတ်မယ့်အကြောင်း ယမန်နေ့က ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟေ့ဂ် (William Hague) က ပြောဆိုခဲ့ပါတယ်။ အကြံပေးပုဂ္ဂိုလ်တွေ အနေနဲ့ တိုက်ခိုက်မှုတွေမှာ တော့ပါဝင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ် ။ 
 
လစ်ဗျားအစိုးရကို ပုန်ကန် တိုက်ခိုက်နေသူတွေကို စစ်ဘက်ဆိုင်ရာ အကြံပေးကူညီသွားဖို့ ဗြိတိန်နိုင်ငံရဲ့ အစီအစဉ်မှာ နောက်ထပ် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နှစ်နိုင်ငံလည်း ပူးပေါင်း ပါဝင်လာပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ သူပုန်တွေကို လေ့ကျင့်မှုတွေမှာ ကူညီဖို့ သင်တန်းဆရာ ၁၀ ယောက် စေလွှတ်မယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီး Ignazio La Russa က ပြောဆိုလိုက် ပါတယ်။
 
ဒီကနေ့ အစောပိုင်းမှာလည်း လစ်ဗျားသူပုန်တွေအတွက် စစ်ဘက်ဆိုင်ရာ အကြံပေးတွေ စေလွှတ်မယ့် အကြောင်း ပြင်သစ်နိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ် သမ္မတ နစ်ကိုလတ် ဆာကိုဇီ ဟာ လစ်ဗျားသူပုန်တွေရဲ့ ခေါင်းဆောင် Mustafa Abdel Jalil နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။အစိုးရဆန့်ကျင်သူတွေ ထိန်းချုပ်ထားရာ အမာခံမြို့ဖြစ်တဲ့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီ (Benghazi) မြို့ကို သမ္မတ ဆာကိုဇီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်းလည်း တွေ့ဆုံမှုအပြီးမှာ လစ်ဗျား သူပုန် ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ဘက် အကြံပေးတွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဘရပ်ဆေးကလာတဲ့ ဆင်ဟွာသတင်းတစ်ပုဒ်မှာတော့ နေတိုး တိုက်လေယာဉ်တွေဟာ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီရဲ့ စစ်ဆင်ရေးကွပ်ကဲရာ နေရာလို့ယူဆရတဲ့နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ခုလို တိုက်ခိုက်မှုအတွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ အဆောက်ဦးတွေကိုပါ တိုက်ခိုက်ခဲ့တဲ့ အပြင် ဗိုလ်မှူးကြီးကဒါဖီရဲ့ အဓိကကွပ်ကဲရေးစခန်းလို့ ယူဆထားတဲ့ အမှတ် ၃၂ တပ်မရဲ့ဌာနချုပ်ကိုပါ ဖျက်ဆီးခဲ့တယ်လို့ နေတိုးတာဝန်ရှိသူရဲ့ ပြောစကားကို ကိုးကား၍ ဆင်ဟွာသတင်းက ဖေါ်ပြထားပါတယ် ။
 
ဒါပေမယ့် ခုလိုတိုက်ခိုက်မှုတွေကြောင့် ကဒါဖီရဲ့ သြဇာကျဆုံးပြီး စစ်ရေးအရ တိုက်ခိုက်မှုတွေအဆုံးသတ်သွားမယ့် အရိပ်အယောင် တော့မတွေ့ရသေးဘူးလို့  အဲဒီ ဆင်ဟွာသတင်း မှာပဲဆက်လက်ဖေါ်ပြထားပါတယ် ။

Voice Of Myanmar