(၂၀၁၁
ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ထုတ်၊ Northern Star ဂျာနယ်မှာ ဖော်ပြထားတဲ့
ဖဆပလခေတ် သတင်းစာများနဲ့ ပါလီမန် သတင်းရေးသားမှု အခြေအနေလေး ဖြစ်ပါတယ်။
အားလုံး လေ့လာနိုင်အောင် မျှဝေ ပေးလိုက်ပါတယ်။)
ဥပဒေ
အမြင်၌ လူတိုင်းတွင် မိမိ၏ ဂုဏ်သရေကို ပိုင်ဆိုင်ခွင့် ရှိသည်။
လူတစ်ယောက်၏ ဂုဏ်သရေကို အကြောင်းမဲ့ ညှိုးနွမ်းအောင် ထိပါးရေးသား၊ ပြောဆို၊
ပြုမူခြင်း မပြုရပေ။ ပြစ်မှု ဥပဒေပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ တို့သည် အသရေ
ဖျက်မှုဆိုင်ရာ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များ ဖြစ်သည်။ အသရေ ဖျက်မှုအတွက်
ပြစ်မှုကြောင်း၊ တရားမကြောင်း (တရားမ နစ်နာမှု) တို့ဖြင့် စွဲနိုင်သည်။
လျော်ကြေး တောင်းနိုင်သည်။ ဖဆပလ ခေတ်က သတင်းစာကြီးများ၊ သတင်းစာ ဆရာ
ပဂေးကြီးများ သူတစ်ပါး အသရေဖျက်သော ရေးသား ဖော်ပြမှုကြောင့် တရားခွင်တက်
ထုချေ ခဲ့ကြရသည်။ ၀န်ချ တောင်းပန် ခဲ့ကြရသည်။ “ငါ့သတင်းစာမှာ ငါရေးချင်သလို
ရေးနိုင်တယ်။ ဘယ်သူ့ကိုတော့ ကျောကော့ သွားအောင် ချလိုက်ဦးမယ်” စသည့်
လွဲမှားသော မာန်တက်ခွင့် မရှိပေ။ မည်သူမျှ ဥပဒေ အထက်တွင် မရှိပေ။
“မည်သူမျှ” ဆိုသည့် အထဲတွင် သတင်းစာဆရာ၊ မီဒီယာသမား အားလုံး ပါဝင်ပေသည်။
ဖဆပလ
ခေတ်က သတင်းစာ ဆရာများ တရားရုံးသို့ တရားခံအဖြစ် ရောက်ရသော အမှုများတွင်
တရားရုံးကို မထီမဲ့မြင် ပြုမှု ဥပဒေကို ချိုးဖောက်မိ၍ ရောက်ရသော အမှုများလည်း
ပါသည်။ တရားရုံး ဟူသည် နိုင်ငံတော် လွတ်လပ်ရေး၏ အနှစ်သာရ ဖြစ်သည့်
အချုပ်အခြာ အာဏာရပ်ကြီးမှ ခက်မ တစ်ဖြာဖြစ်သော တရားစီရင်ရေး အာဏာ
ကျင့်သုံးရသည့် နိုင်ငံတော် မဏ္ဍိုင်ကြီး သုံးရပ်အနက် တစ်ရပ်ဖြစ်သည်။
တရားရုံး၏ ဂုဏ်သရေကို ထိပါးခွင့် မရှိချေ။ တရားရုံးကို မထီမဲ့မြင် ပြုခြင်းတွင် အင်္ဂါရပ် သုံးမျိုး ရှိလေသည်။
ယင်းတို့မှာ-
(က) ရုံးတော်ကို
အသရေ ဖျက်ခြင်း၊ ရုံးတော်၏ အသရေကို ထိပါးအောင် ဝေဖန်ခြင်း၊ ရုံးမင်း
(တရားသူကြီး) ရှေ့တွင် ဆောင်ရွက်ဆဲ မှုခင်း အသွားအလာကို မမှန်မကန်
ဖော်ပြခြင်း၊ ရုံးမင်းကို ပြောင်လှောင် ရေးသားခြင်း၊ ရုံးသည် တရား စီရင်ရာ၌
မှန်မှန်ကန်ကန် စီရင်နိုင်လိမ့်မည် မဟုတ်ဟု စွပ်စွဲခြင်းတို့
အကျုံးဝင်သည်။
(ခ) ရုံးတော်၏
ဆောင်ရွက်ချက်ကို နှောင့်ယှက်ခြင်း၊ ရုံးတော်၏ ခွင့်ပြုချက် တစ်စုံတစ်ရာ
မရှိဘဲ မှုခင်း စစ်ဆေးသည် တို့ကို ဓာတ်ပုံရိုက်ခြင်း၊ တရားခံ၏ ရုပ်ရည်ကို
မှတ်မိသည်၊ မမှတ်မိသည် ဟူသော ပြဿနာ ပေါ်သည့် အမှုတွင် ရုံးရှေ့ ရောက်နေသော
တရားခံ၏ ဓာတ်ပုံကို ထည့်သွင်းခြင်း စသည်တို့ အကျုံးဝင်သည်။
(ဂ) စစ်ဆေးဆဲ
အမှုတွင် တစ်ဖက်ကို စွဲလမ်းချက် ရှိအောင် ရေးသားခြင်း၊ ထိုအမှုစစ်ဆဲ ကာလတွင်
မည်သည့် ဘက်က နိုင်မည်၊ ရှုံးမည်ဟု ရေးခြင်း၊ တရားခံ လွတ်စရာ မည်သို့သော
အကြောင်းရှိသည်၊ တရားခံ ထောင်ကျရန် မည်သို့သော အခြေအနေ ရှိသည် စသည်ဖြင့်
ရေလာမြောင်းပေး ရေးသားခြင်း၊ တရားသူကြီး၏ တရား စီရင်မှုကို လမ်းကြောင်းပေးရာ
(တရားစီရင်မှု လွဲမှား တိမ်းပါးစေရန် မမှန်မကန်၊ ဆန္ဒစွဲဖြင့် စကားဦး
သန်းရာ) ရောက်သည့် အရေးအသားမျိုး ရေးခြင်းတို့ အကျုံးဝင်သည်။
သတင်းစာများက
သတင်းစာ မာန်တက်ပြီး မိမိ နိုင်စေလိုသည့် ဘက်ကို အလေးပေး၊ မဲတင်း ရေးသား
ပေးတတ်သည်။ တရားသူကြီးအား မိမိ ချမှတ်စေလိုသည့် စီရင်ချက် ချအောင်
စကားဦးသန်း (ဆရာလုပ်)ခြင်း ဖြစ်သဖြင့် တရားရုံးကို မထီမဲ့မြင် ပြုရာ၊
စော်ကားရာ ရောက်သည်။
တပ်မတော် အတွက် စစ်ခုံရုံး ရှိသည်။ ရွေးကောက်ပွဲ ကန့်ကွက်မှုများ အတွက်
ရွေးကောက်ပွဲ ခုံရုံးရှိသည်။ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှု၊ စကားလုံး
အနက် အဓိပ္ပာယ် ဝိဝါဒ ကွဲမှု၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ချိုးဖောက်မှု၊ မလိုက်နာမှုတို့ အတွက် အခြေခံ ဥပဒေ ခုံရုံး စသည်တို့သည် တရား
စီရင်ရေး အာဏာ ကျင့်သုံးကြသော အဖွဲ့အစည်း ဖြစ်ရာ ယင်းခုံရုံးများကို
မထီမဲ့မြင်ပြုမှု များသည်လည်း တရားရုံး မထင်မဲ့မြင်
ပြုမှု ကျူးလွန်ခြင်းပင် ဖြစ်သည်။ ရှေးက ဝါရင့်၊ သမ္ဘာရင့်၊ အရည်အချင်း
ပြည့်ဝသော သတင်းစာ ဆရာ ပဂေးကြီးများပင် ပမာဒ လေခ၍ လည်းကောင်း၊ သတိလစ်ဟင်း၍
လည်းကောင်း၊ မာန်မာန တက်လွန်း၍ လည်းကောင်း တရားရုံး မထီမဲ့မြင် ပြုမှု
တရားခံများ ဖြစ်ခဲ့ရဖူး ပေသည်။
ရွေးကောက်ပွဲ
ကျင်းပပြီးတိုင်း မကျေနပ်သည့် ဘက်မှ၊ တစ်ဖက် အရွေးခံသူ၏ သူ၏ ဥပဒေ မညီသော
တရားမဲ့ ပြုကျင့်မှုများ Corrupted Acts များကြောင့် ယှဉ်ပြိုင် အရွေးခံ
(ရှုံးနိမ့်)သည့် ဘက်က ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသည်။
ထိုအခါ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ကော်မရှင်က ကန့်ကွက်လွှာ
များကို စစ်ဆေးရန် ရွေးကောက်ပွဲ ခုံရုံးများ ဖွဲ့စည်းစစ်ဆေး
ဆုံးဖြတ်စေခဲ့သည်။ ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲ၊ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲ၊
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများ အပြီး ကန့်ကွက်လွှာပေါင်း ဒါဇင်နှင့် ချီပြီး တက်လာသဖြင့် ခုံရုံးပေါင်း များစွာ ဖွဲ့စည်း စစ်ဆေး ခဲ့ရသည်။
၂၀၁၀
ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကြီးကို နိုင်ငံတော်နှင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတ၍ လွတ်လပ်သော၊ ထင်သာမြင်သာရှိ
ပွင့်လင်းသော ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့သည်။ ဝင်ရောက် အရွေးခံသူ အချို့
(ရာခိုင်နှုန်း အနည်းငယ်) က တရားမဲ့ ပြုကျင့်မှုများ ပြုလုပ်ခဲ့သဖြင့်
ရွေးကောက်ပွဲ အပြီး ကန့်ကွက်လွှာများ တက်လာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ရွေးကောက်ပွဲ ခုံရုံတော်များ ဖွဲ့စည်း စစ်ဆေးလျက် ရှိနေ ပေသည်။
ခုံရုံးတွင် ကန့်ကွက်လွှာ စတင် မစစ်ဆေးမီ မှာပင် ပုဂ္ဂလိက ပြင်ပ
ဂျာနယ်အချို့နှင့် ပြည်ပမှ အသံလွှင့်၊ ရုပ်သံ မီဒီယာများတွင် ကန့်ကွက်ခံရသူ
အချို့နှင့် တွေ့ဆုံ မေးမြန်းကာ မိမိတို့ အပြစ်မရှိကြောင်း ကြိုတင်
စကားဦးသန်းပြီး ပြောသူကပြော၊ ဥပဒေကို နားမလည်စွာနှင့် ရေးသော ဂျာနယ်က
ရေးသည်ကို တွေ့ရပေသည်။ ရွေးကောက်ပွဲ ခုံရုံးတော်က ကန့်ကွက်လွှာ တစ်ခုချင်း၊
တစ်မှုချင်းကို စစ်ဆေးပြီး ကန့်ကွက်သည့် ဘက်မှ သက်သေထင်ရှား မပြနိုင်သော
စွပ်စွဲ ကန့်ကွက်ချက် များကို ပယ်ချ ပေလိမ့်မည်။ သက်သေ ခိုင်လုံစွာ
တင်ပြနိုင်၍ ကန့်ကွက် ခံရသူသည် တရားမဲ့ ပြုကျင့် မှုများ ကျူးလွန်ကြောင်း
ထင်ရှားလျှင် ဥပဒေနှင့်အညီ ဆုံးဖြတ်စီရင် ပေလိမ့်မည်။ စာနယ်ဇင်း
မီဒီယာများက ကြိုတင်၍ မည်သူ့တွင် အပြစ်မရှိဘဲ ကန့်ကွက် ခံရသည်ဟု
လည်းကောင်း၊ မည်သူ့သည် အပြစ် ကျူးလွန်၍ အပြစ်ပေး ခံရမည်ဟု လည်းကောင်း၊
ဆုံးဖြတ်ခွင့် မရှိပေ။ No man is above the law မည်သူမျှ ဥပဒေ အထက်တွင်
မရှိဟူသော တရားရေး ဆောင်ပုဒ်မှ "မည်သူမျှ" တွင် စာနယ်ဇင်း မီဒီယာသမား
တို့လည်း သေချာပေါက် ပါဝင်လေသည်။
နိုင်ငံတော်၏
အချုပ်အခြာ အာဏာရပ် (ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး
အာဏာသုံးရပ်) ကို ပြည်သူ့ကိုယ်စား ကျင့်သုံး ဆောင်ရွက်ရသည့် အဖွဲ့အစည်း
များ၏ ဂုဏ်ဒြပ် ဂုဏ်သရေသည် ပို၍ မြင့်မားပေသည်။ ထိုအချုပ်အခြာ အာဏာ
သုံးရပ်ကို ပြည်သူတို့အား တာဝန်ခံ၍ ကျင့်သုံးသည့် မဏ္ဍိုင်သုံးရပ်သည် အကယ်၍
မတည့်မတ်ဘဲ ယိုင်ခဲ့၊ အက်ခဲ့၊ ခြစားခဲ့သော် အရည်အချင်း ပြည့်ဝ၍ စာနယ်ဇင်း
သီလသမာဓိနှင့် ပြည့်စုံ ရင့်ကျက်သော စာနယ်ဇင်းများက ဝေဖန် ထောက်ပြ တည့်မတ်
ပေးရသည်။ ထို့ကြောင့် စာနယ်ဇင်း များကို စတုတ္ထ မဏ္ဍိုင်ဟု ခေါ်ကြသည်။ စာနယ်ဇင်းက လူလည် လူတတ်လုပ်ပြီး လွှတ်တော်၊ အစိုးရ၊ တရားလွှတ် တော်တို့၏ ရှေ့က ကြိုပြီး ဆရာလုပ်ရန် မဟုတ်ပေ။
လွှတ်တော်တွင်း၌
လျှို့ဝှက်အပ်သော အကြောင်းအရာများ ရှိလျှင် ပြင်ပသို့ မပေါက်ကြား စေရပေ။
ဗိုလ်ချုပ်အောင်ဆန်း တို့ ၁၉၄၇ ခုနှစ် ပါလီမန် (တိုင်းပြည်ပြု လွှတ်တော်)
မှာပင် ပါလီမန်တွင် လျှို့ဝှက်ချက် ရှိသည်။ နိုင်ငံတိုင်းတွင် အစိုးရ
လျှို့ဝှက်ချက် အက်ဥပဒေ Official Secret Act ရှိသည်။ လွှတ်တော် ဥပဒေ၊
နည်းဥပဒေ များ၌လည်း လျှို့ဝှက်ချက် မပေါက်ကြားစေရန် ပညတ် ထားခဲ့သည်။ ၁၉၄၇
ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်၌ လျှို့ဝှက်ကိစ္စ အစည်းအဝေး (တံခါးပိတ်
အစည်းအဝေး) လုပ်တိုင်း လွှတ်တော် ဝန်ထမ်းများ၊ စာနယ်ဇင်းသမား အားလုံး
အပြင်ထွက် ပေးကြရသည်။
၁၉၅၉
ခုနှစ် လွှတ်တော် အမတ်များ၏ အာဏာနှင့် အခွင့်အရေးများ အက်ဥပဒေ ခေါ် ၁၉၅၉
ခုနှစ် အက်ဥပဒေ အမှတ် ၅၊ အပိုင်းလေး၊ လွှတ်တော်ကို မထင်မဲ့မြင်ပြုခြင်း
ခေါင်းစဉ်အောက်မှ ပုဒ်မ ၁၈ တွင် ဤသို့ ဖော်ပြထားသည်-
၁၈။ ။ မည်သူမဆို-
| |
(က)
|
လွှတ်တော်၊
သို့တည်းမဟုတ် ကော်မတီ၏ ဆွေးနွေးချက်ကို ဖြစ်စေ၊ သို့တည်းမဟုတ်
လုပ်ငန်းကို ဖြစ်စေ အထင်အမြင် ပွားစေရန် တမင်သက်သက် လုပ်ကြံပြောဆိုလျှင်၊
|
| |
(ခ)
|
လွှတ်တော်၊
သို့တည်းမဟုတ် ကော်မတီ၊ သို့တည်းမဟုတ် ဥက္ကဋ္ဌ တို့၏ လုပ်ငန်းနှင့်
စပ်လျဉ်း၍ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိပါး၍ ပြောဆိုလျှင်၊ သို့တည်းမဟုတ်
ရေးသားလျှင်၊ သို့တည်းမဟုတ် ထိုရေးသားချက်ကို ဖြန့်ချိထုတ်ဝေလျှင်၊
|
| |
(ဂ)
|
လွှတ်တော်၊ သို့တည်းမဟုတ် ကော်မတီရှေ့တွင် သက်သေခံမည့်သူ တစ်ဦးဦးအား မလျော်သော ဩဇာ လွှမ်းမိုးခြင်းဖြင့် သွေးဆောင်လျှင်၊
|
| |
(ဃ)
|
လွှတ်တော်
ခန်းမတွင် ဖြစ်စေ၊ လွှတ်တော် ဥပစာတွင် ဖြစ်စေ၊ လွှတ်တော် ဥပစာ၏ နယ်နိမိတ်
ပြင်ပ ပေ ၄၀၀ အတွင်း လွှတ်တော်၊ သို့တည်းမဟုတ် ကော်မတီ အစည်းအဝေးသို့
အသွားတွင် ဖြစ်စေ၊ လွှတ်တော် သို့တည်းမဟုတ် ကော်မတီ အစည်းအဝေးမှ အပြန်တွင်
ဖြစ်စေ၊ အမတ်တစ်ဦး အပေါ် ရာဇဝတ် ပြစ်ဒဏ် ထိုက်သင့်သည့်
ပြစ်မှုကျူးလွန်လျှင်၊
|
| |
(င)
|
ပုဒ်မ
၂၂ အရ ကင်းလွတ်ခွင့် မရှိဘဲ လွှတ်တော်ရှေ့တွင် ဖြစ်စေ၊ ကော်မတီ ရှေ့တွင်
အစစ်ဆေး ခံရန် သော်လည်းကောင်း၊ စာတမ်း အမှတ်အသား တင်ပြရန် သော်လည်းကောင်း
ငြင်းဆိုလျှင်၊ သို့တည်းမဟုတ် တင်ပြရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်
တရား ဥပဒေနှင့် ညီညွတ်၍ မေးမြန်းလိုသည့် ကိစ္စနှင့် သက်ဆိုင်သော
မေးခွန်းကို ဖြေဆိုရန် ငြင်းဆိုလျှင်၊
|
| |
(စ)
|
လွှတ်တော်
နည်းဥပဒေ၊ သို့တည်းမဟုတ် လွှတ်တော် တည်ဆဲအမိန့်၊ သို့တည်းမဟုတ် ဥက္ကဋ္ဌ၏
အမိန့်ကို လိုက်နာရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်၊ လွှတ်တော် အရာရှိ တစ်ဦးအား ၎င်းတို့ တာဝန် ဝတ္တရား ဆောင်ရွက်ရာတွင် စော်ကားလျှင်၊ သို့တည်းမဟုတ် ခုခံလျှင်၊ သို့တည်းမဟုတ် ဟန့်တားလျှင်၊
|
| |
(ဆ)
|
လွှတ်တော်၊
သို့တည်းမဟုတ် ကော်မတီ ကို လိမ်လည်လှည့်ဖျားရန် အကြံဖြင့် လိမ်လည်
အတုပြုလုပ် ထားသည့် မမှန်သော စာတမ်း အမှတ်အသား တင်ပြလျှင်၊
|
| |
(ဇ)
|
လွှတ်တော်
ညီလာခံ၊ သို့တည်းမဟုတ် ကော်မတီ အစည်းအဝေး ကျင်းပမည့် နေရာတွင်
လည်းကောင်း၊ အဆိုပါ ညီလာခံ သို့တည်းမဟုတ် အစည်းအဝေး ကျင်းပမည့်
အဆောက်အဦး စသည့် အနီးအနား တစ်ဝိုက်တွင် သော်လည်းကောင်း ဆူပူ
နှောင့်ယှက်မှု ပြုလုပ်လျှင်၊ သို့တည်းမဟုတ် ထိုကဲ့သို့ ဆူပူ နှောင့်ယှက်မှု
ပြုလုပ်ခြင်းကို အားပေးခြင်းဖြင့် လွှတ်တော် ညီလာခံ၊ သို့တည်းမဟုတ်
ကော်မတီ အစည်းအဝေးကို အနှောင့်အယှက် ဖြစ်စေလျှင်၊
|
| |
(စ်)
|
လွှတ်တော်
သို့တည်းမဟုတ် ကော်မတီသို့ တင်သွင်းရန် ရည်ရွယ်သည့်၊ သို့တည်းမဟုတ်
အခြား လွှတ်တော် လုပ်ငန်း တစ်ခုခုကို ဖြစ်မြောက်အောင် အားပေးကူညီ
ထောက်ခံရန်၊ သို့တည်းမဟုတ် ကန့်ကွက်ရန် အတွက် အမတ် သို့တည်းမဟုတ်
လွှတ်တော်အရာရှိ တစ်ဦးအား ၎င်း၏ တာဝန် ဝတ္တရားများ ဆောင်ရွက်ရာတွင်
လာဘ်ပေးခြင်း၊ အခကြေးငွေ ပေးခြင်း၊ သို့တည်းမဟုတ် ထို အမတ် သို့တည်းမဟုတ်
ထိုအရာရှိက လာဘ်ယူခြင်း၊ အခကြေးငွေ ယူခြင်း ပြုလျှင်၊
|
| |
(ည)
|
မေးခွန်းကို
ဖြစ်စေ၊ တင်သွင်းလိုသည်ဟု အကြောင်းကြားသည့် အဆို သို့တည်းမဟုတ် အကြောင်း
ကြားသည့် အဆို သို့တည်းမဟုတ် ဥပဒေကြမ်းကို ဖြစ်စေ၊ ဥက္ကဋ္ဌက ခွင့်မပြုသေးမီ
သတင်းစာတွင် ဖြန့်ချိ ထုတ်ဝေလျှင်၊ သို့တည်းမဟုတ် ပြင်ပ ပေါက်ကြားအောင်
ပြုလျှင်၊
|
| |
(ဋ)
|
လွှတ်တော် နည်းဥပဒေများ အရ သော်လည်းကောင်း၊ လွှတ်တော် သို့တည်းမဟုတ် ကော်မတီ သို့တည်းမဟုတ်
ကော်မတီ သို့တည်းမဟုတ် ဥက္ကဋ္ဌ၏ အမိန့်အရ သော် လည်းကောင်း၊ လျှို့ဝှက်စွာ
ထိန်းသိမ်း ထားရှိရမည့် စာတမ်း အမှတ်အသားများ ကို ပြင်ပသို့
ပေါက်ကြားအောင် ပြုလျှင်၊
|
| |
(ဌ)
|
လွှတ်တော်
နည်းဥပဒေများ အရ သော်လည်းကောင်း၊ လွှတ်တော် သို့တည်းမဟုတ် ကော်မတီ၊
သို့တည်းမဟုတ် ဥက္ကဋ္ဌ၏ အမိန့်အရ သော်လည်းကောင်း ပြင်ပတွင် ပြောဆိုခြင်း၊
ရေးသားခြင်း၊ ဖြန့်ချိ ထုတ်ဝေခြင်း မပြုရန် ပိတ်ပင် ရေးသားသည့်
ကိစ္စများတွင် မလိုက်နာ၊ မဆောင်ရွက်ဘဲ ထိုကဲ့သို့ ပြောဆိုလျှင်၊
သို့တည်းမဟုတ် ရေးသားလျှင်၊ သို့တည်းမဟုတ် ဖြန့်ချိ ထုတ်ဝေလျှင်၊
|
| |
(ဍ)
|
လွှတ်တော်
သို့တည်းမဟုတ် ကော်မတီ၏ အမိန့်အရ သော်လည်းကောင်း၊ လွှတ်တော်၏ နည်းဥပဒေအရ
သော်လည်းကောင်း၊ ကော်မတီတွင် ဝင်ရောက် ဆောင်ရွက်ရမည် ဖြစ်သော် လည်း
အကြောင်း မပြဘဲ ထိုကဲ့သို့ ဆောင်ရွက်ရန် ပျက်ကွက်လျှင်၊
|
| |
(ဎ)
|
လွှတ်တော်
သို့တည်းမဟုတ် ကော်မတီက စဉ်းစား ဆုံးဖြတ်ရမည့် ကိစ္စတစ်ခုခုနှင့်
စပ်လျဉ်း၍ အမတ် တစ်ဦးသည် ရှေ့နေ အဖြစ်သော် လည်းကောင်း၊ အခြား ပညာရှင်
အဖြစ်သော် လည်းကောင်း အခကြေးငွေကို ယူ၍ လွှတ်တော်တွင် သော်လည်းကောင်း၊
ကော်မတီတွင် သော်လည်းကောင်း၊ ဆောင်ရွက်လျှင် ထိုသူသည် လွှတ်တော်က
မထီမဲ့မြင် ပြုသည့် ပြစ်မှု ကျူးလွန်သည် မည်၏။
|
ထိုဥပဒေ
အပိုင် ၆၊ ပြစ်ဒဏ်များနှင့် တရား စွဲဆိုရန် ကျင့်ထုံး ခေါင်းစဉ် အောက်မှ
ပုဒ်မ ၂၇ ၌ အက်ဥပဒေတွင် ဖော်ပြသည့် လွှတ်တော်ကို မထီမဲ့မြင် ပြုသည့် ပြစ်မှု
တစ်ခုခုကို ကျူးလွန်သူအား အလုပ်မဲ့ ထောင်ဒဏ် ၆ လ အထိ ဖြစ်စေ၊ ကျပ်တစ်ထောင်
အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ စီရင်ရမည်ဟု ဖော်ပြထားသည်။
ဖဆပလခေတ်က လွှတ်တော်နှင့် ပတ်သက်၍ မထီမဲ့မြင် ပြုမှု ကျူးလွန်သော သတင်းစာများ ရှိခဲ့သည်ကို ဆက်လက် တင်ပြပါဦးမည်။
သတင်းထောက်သက်ရှည်