xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဖဆပလခေတ်က လွှတ်တော်နှင့် သတင်းစာ (၂)

Tuesday, April 12, 2011

ဖဆပလခေတ်က လွှတ်တော်နှင့် သတင်းစာ (၂)

(၂၀၁၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ထုတ်၊ Northern Star ဂျာနယ်မှာ ဖော်ပြထားတဲ့ ဖဆပလခေတ် သတင်းစာ များနဲ့ ပါလီမန် သတင်းရေးသားမှု အခြေအနေလေး ဖြစ်ပါတယ်။ အားလုံး လေ့လာနိုင်အောင် မျှဝေ ပေးလိုက်ပါတယ်။)
လွှတ်တော် လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လွှတ်တော် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဆုံးဖြတ်ချက်များနှင့် အညီ ပြည်သူတစ်ရပ်လုံး အကျိုးကို ရှေးရှုပြီး အောင်မြင်စွာ ဆောင်ရွက် နိုင်ခြင်းသည် ပြည်သူ လူထုထံမှ ဆင်းသက်သော အချုပ်အခြာ အာဏာ ကျင့်သုံး အကောင်အထည် ဖော်မှု အောင်မြင်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော် လွတ်လပ်ရေး ထာဝရ တည်တံ့ခိုင်မြဲ ရှင်သန်နေအောင် ဆောင်ရွက် နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် လွှတ်တော် လုပ်ငန်းများကို ထိပါး နှောင့်ယှက်ခြင်း မပြုနိုင်အောင် ဥပဒေများဖြင့် ကာကွယ်ပေး ထားရသည်။ ၁၉၄၇ ခုနှစ် တိုင်းပြည်ပြု လွှတ်တော်ခေတ်၊ ဖဆပလ အစိုးရ၏ ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ တပ်မတော် အစိုးရက နိုင်ငံတာဝန် ယူခဲ့ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ၂၂နှစ်တိုင် ကြိုးပမ်း အကောင်အထည် ဖော်ပေးသည့် တိုင်းကျိုး ပြည်ပြုခေတ် တို့တွင် အချုပ်အခြာ အာဏာ တည်းဟူသော လွတ်လပ်ရေးကို ကာကွယ်ခဲ့ကြသည်။

တပ်မတော် အစိုးရသည် မြန်မာနိုင်ငံတွင် ယခင် အစိုးရ အဆက်ဆက် မစွမ်းဆောင် နိုင်ခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေးကို ရအောင် ပြန်ယူပေးခဲ့သည်။ တောတွင်း လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့၊ အဖွဲ့ငယ်၊ အဖွဲ့ခွဲ၊ အဖွဲ့ကွဲ နှစ်ဆယ်ကျော် ဥပဒေဘောင် အတွင်း ဝင်ရောက်ကာ ငြိမ်းချမ်းရေး ရယူခဲ့ကြသည်။ ပြည်ပမှ ပိတ်ဆို့၊ ပြည်တွင်းမှ အဖျက်သမားတို့က ပြည်ပ ပိတ်ဆို့မှုကို လက်ရပ်ခေါ် နှောင့်ယှက်နေသည့် ကြားမှ ဒီမိုကရေစီ လမ်းပြ မြေပုံကို ယခု ဆဋ္ဌမအဆင့် ရောက်သည် အထိ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ပြည်ထောင်စု တစ်ခုလုံး အကြားအလပ်မရှိ ဖွံ့ဖြိုး တိုးတက် လာစေခဲ့သည်။ တပ်မတော် အစိုးရက မိမိတို့ မလွှဲမရှောင်သာ (ရှစ်လေးလုံး တိုင်းဆူပြည်ဖျက်၊ မင်းမဲ့ ဆန်ဆန် သောင်းကျန်း လာကြသဖြင့်) လွှဲယူခဲ့၍ ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် ခင်းကျင်း ဆောင်ရွက်ပေးပြီး နိုင်ငံတော် အာဏာကို ဒီမိုကရေစီနည်းကျ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ပြည်သူတို့ ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရသစ်ကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးရန် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။
ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပေါ်ပေါက်ခဲ့ပြီ။ ပြည်သူတို့ တစ်ခဲနက် အတည်ပြု ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာ ကျင်းပ ပေးခဲ့ပြီးပြီ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် (၇)ခု၊ တိုင်းဒေသကြီး လွှတ်တော် (၇) ခုတို့မှ ကိုယ်စားလှယ်များ စုံညီစွာဖြင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစ၍ သက်ဆိုင်ရာ လွှတ်တော်များ စတင် စည်းဝေး ကြပြီးနောက် အချုပ်အခြာ အာဏာ ကျင့်သုံးရေးနှင့် စပ်လျဉ်းသည့် လွှတ်တော် လုပ်ငန်းများကို ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ (ယင်းလွှတ်တော် နှစ်ရပ် ပူးတွဲ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ)၊ ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးများ ကိုင်စွဲလျက် ကိုယ်စားလှယ်များက တိကျစွာ ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ် များသည် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာကြရသည်။ ကျင့်ဝတ်နှင့် စည်းကမ်းများတွင် ဒို့တာဝန် အရေးသုံးပါးကို လိုက်နာ စောင့်ထိန်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဥပဒေနှင့် တည်ဆဲ ဥပဒေများ လိုက်နာခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆို ဆက်ဆံနေထိုင်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း တို့ကို လိုက်နာကြရမည်။ မေးခွန်းမေးရာ၊ အဆိုတင်ရာ၊ ဥပဒေကြမ်း တင်ရာ၊ ထောက်ခံ၊ ကန့်ကွက် ဆွေးနွေးရာ တို့တွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းများ အတိုင်း လိုက်နာကြရသည်။
တားမြစ်ချက်နှင့် ပြစ်ဒဏ်များကို ပြည်သူ့လွှတ်တော် အတွက် အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်း ထားသည် -
၅၂။
မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်-
(က)
လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသော လွှတ်တော် ကိုယ်စားလှယ်များ မှအပ အခြား မည်သူကိုမျှ ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရရှိဘဲ လွှတ်တော် အစည်းအဝေး ခန်းမအတွင်းသို့ မဝင်ရ။
(ခ)
လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် လွှတ်တော် အစည်းအဝေး ခန်းမ အတွင်းသို့ လိမ်ညာ ပြောဆို၍ သို့မဟုတ် သူတစ်ပါး အယောင်ဆောင်၍ ဝင်ရောက်ခြင်း မပြုရ။
(ဂ)
လွှတ်တော် အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန် အပ၌ ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက် မရှိဘဲ သတ်မှတ်ထားသော လွှတ်တော် ပရဝဏ်အတွင်း ညဥ့်အိပ် ညဥ့်နေ မပြုရ။
၅၃။
မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်-
(က)
သတ်မှတ်ထားသော လွှတ်တော် ပရဝဏ်အတွင်း ဆန္ဒပြခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆူပူ နှောင့်ယှက်ခြင်း မပြုရ။
(ခ)
လွှတ်တော် သို့မဟုတ် လွှတ်တော် အဖွဲ့အစည်း တစ်ရပ်မှ ဆွေးနွေးမေးမြန်းရန် ဖိတ်ခေါ်ခြင်း ခံရသူ တစ်ဦးအား မတရားသြဇာ လွှမ်းမိုးခြင်း၊ သွေးဆောင်ခြင်း သို့မဟုတ် ခြိမ်းခြောက်မပြုရ။
(ဂ)
လွှတ်တော် အစည်းအဝေး ခန်းမ၌ဖြစ်စေ၊ လွှတ်တော် ပရဝဏ် အတွင်း၌ ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ကိုယ်ထိလက်ရောက် ပြုခြင်း သို့မဟုတ် အနှောင့်အယှက် ပေးခြင်း မပြုရ။
(ဃ)
လွှတ်တော် ကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေး ထားသော ဝန်ထမ်းတစ်ဦး သို့မဟုတ် လွှတ်တော် လုံခြုံရေး တာဝန်ရှိသူ တစ်ဦးအား ယင်း၏ တာဝန် ဆောင်ရွက်ရာ၌ နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း မပြုရ။
(င)
လွှတ်တော် သို့မဟုတ် လွှတ်တော် အဖွဲ့အစည်း တစ်ရပ်ကို လိမ်လည်လှည့်ဖြားရန် အကြံဖြင့် အတု ပြုလုပ်ထားသော စာရွက်စာတမ်း၊ အထောက်အထားများကို တင်ပြခြင်း မပြုရ။
(စ)
လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် အခြား အထောက်အထား များကို ပြင်ပသို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုရ။
(ဆ)
လွှတ်တော် အစည်းအဝေး ခန်းမ၌ ဖြစ်စေ၊ လွှတ်တော် ပရဝဏ်၌ ဖြစ်စေ ခွင့်ပြုထားသူမှ အပ လက်နက် ယူဆောင်လာခြင်း မပြုရ။
၅၄။
(က)
လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ပုဒ်မ ၅၂ နှင့် ၅၃ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်လျှင် လွှတ်တော်ရုံးက ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ရယူပြီး သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်ရမည်။
(ခ)
လွှတ်တော် ကိုယ်စားလှယ် မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးသည် ပုဒ်မ ၅၂ နှင့် ၅၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်လျှင် လွှတ်တော်ရုံးက သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆို နိုင်ရန် ဆောင်ရွက်ရမည်။
၅၅။
ဤအခန်းပါ အပြစ်များကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။





အခြား လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များတွင်လည်း ထိုတားမြစ်ချက် များကို ဖော်ပြထားသည်။ ဖဆပလ ခေတ်က တရုတ်ဘာသာ၊ ကုလားဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာ ဘာသာထုတ် သတင်းစာ အစောင် သုံးလေးဆယ် ထုတ်ဝေ ကြပေသည်။ ယင်းသို့ ထုတ်ဝေသော သတင်းစာများသည် သူ့ခေတ် သူ့အခါ လွှတ်တော် သတင်းများ ဖော်ပြရာ၌ ယခင်အခေါ် လွှတ်တော်ကို မထီမဲ့မြင်ပြုမှု၊ ယနေ့ခေတ် အသုံးအနှုန်း အားဖြင့် တားမြစ်ချက်များ ဖောက်ဖျက် ကျူးလွန်မိ၍ လွှတ်တော်တွင် တင်ပြ၊ တိုင်တန်း၊ အရေးယူ ခံရမှုများ ရှိခဲ့သည်။ သတင်းစာ သုံးစောင်ကို သာဓက ဆောင်ပြပါမည်။
၁၉၄၇ ခုနှစ် သြဂုတ်လ ၁ ရက် သောကြာနေ့က ကျင်းပသော မြန်မာနိုင်ငံတော် တိုင်းပြည်ပြုလွှတ်တော် ဒုတိယ ညီလာခံ၊ အစည်းအဝေး အမှတ်(၄)တွင် မြောင်းမြကျေးလက် အရှေ့ပိုင်း အမတ် သခင်တင်က “ဥက္ကဋ္ဌကြီး ခွင့်ပြု ထားတဲ့ မြန်မာနိုင်ငံတော်အလံ၊ သီချင်းနဲ့ တံဆိပ် ကော်မတီရဲ့ အစီရင်ခံစာကို အမတ်မင်းများကို ဝေငှ ထားပါတယ်။ ‘လျှို့ဝှက်စာ၊ အမတ်များအတွက်သာ’ ဆိုပြီး အဲဒီ အစီရင်ခံစာမှာပါတဲ့ စကားလုံး အတိုင်း ဒီနေ့ထုတ် ‘သမာဓိ’ သတင်းစာ စာမျက်နှာ ၆ မှာ ဖော်ပြထားပါတယ်။ လွှတ်တော် ထုံးစံအရ လွှတ်တော်မှာ မဆွေးနွေးရသေးမီ လျှို့ဝှက်တဲ့ စာချုပ်စာတမ်း တစ်ခုကို သတင်းစာမှာ ရိုက်နှိပ် ထုတ်ဝေတာဟာ လွှတ်တော်ထုံးတမ်းနဲ့ ဆန့်ကျင် နေပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဥက္ကဋ္ဌကြီးက အရေးယူရန် တိုင်ကြားပါတယ်” ဟု တင်ပြသည်။
ဦးဘသီ (မန္တလေး ကျေးလက်တောင်ပိုင်း) အမတ်က “ဥက္ကဋ္ဌကြီး ခင်ဗျား၊ ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော် နည်းဥပဒေ ၃၈၊ စာမျက်နှာ ၇၊ အပိုဒ်ငယ် ၃ မှာ-
(၃)
ကော်မတီနှင့် ဆပ်ကော်မတီ အစည်းအဝေးများကို လျှို့ဝှက်စွာ ကျင်းပရမည်။ ထိုသို့ ကျင်းပရာတွင် ဆွေးနွေးသော ကိစ္စ မပေါက်ကြားရ။
(၄)
အတွင်းဝန်သည် လွှတ်တော် အစည်းအဝေးများ၏ မှတ်တမ်း အပြည့်အစုံကို ပုံနှိပ်စေ၍ အမတ် အသီးသီးသို့ ဝေငှရမည်။ သို့သော်လည်း လျှို့ဝှက်စွာ စည်းဝေးသော အစည်းအဝေးများ၏ မှတ်တမ်းမူကား ‘လျှို့ဝှက်စာ၊ အမတ်များ အတွက်သာ’ ဆိုသော တံဆိပ်တုံး ခပ်နှိပ်ပေးရမည်။
(၅)
လွှတ်တော် အစည်းအဝေး လျှို့ဝှက်စွာ ကျင်းပသောအခါ ဥက္ကဋ္ဌသည် ထို စည်းဝေး ဆုံးဖြတ်ချက် အတိုချုပ်ကို သတင်းစာများသို့ ထုတ်ပြန်ရန် ခွင့်ပြုနိုင်သည်-
လို့ ဆိုထားပါတယ်။

သတင်းထောက်သက်ရှည်
Credit : ပိတောက်မြေ