xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရန်ကုန်မြို့လယ်တွင်လက်လုပ် ချိန်ကိုက်ဗုံးတစ်လုံး အချိန်မီ ဖယ်ရှားနိုင်ခဲ့

Wednesday, April 6, 2011

ရန်ကုန်မြို့လယ်တွင်လက်လုပ် ချိန်ကိုက်ဗုံးတစ်လုံး အချိန်မီ ဖယ်ရှားနိုင်ခဲ့

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဆူးလေ ဘုရားလမ်း ကားမှတ်တိုင် တစ်ခု အနီးရှိ ရေတမာပင် အုတ်ခုံပေါ်မှ လက်လုပ်ဗုံး တစ်လုံးကို ဧပြီ ၃ ရက် နံနက်ပိုင်းတွင် တာဝန် ရှိသူများက အချိန်မီ ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်းနှင့် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။
ထိုနေ့နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် ဆူးလေ ဘုရားလမ်း ဇင်ယော် ကားမှတ်တိုင် အနီးရှိ ရေတမာပင် အုတ်ခုံပေါ်၌ နှင်းဆီပန်း အပွင့် ၂ဝ ခန့်ကိုတင်လျက် အောက်တွင် ဇစ်ပိုမီးခြစ် ဓာတ်ငွေ့ရည် ပြည့်ဘူး နှစ်ဘူး၊ သုတ်ဆေး အနီရောင် ဆေးဘူး နှစ်ဘူးတို့အား စုပုံထားသည့် နေရာမှ ဂက်စ်မီးခြစ် ပေါက်သံကဲ့သို့ အသံ နှင့်အတူ မီးလောင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ အဆင့်ဆင့် သတင်း ပို့ချက်အရ တာဝန်ရှိသူများ ရောက်ရှိပြီး ထပ်ဆင့် ဖောက်ခွဲရန် တပ်ဆင်ထားသည့် လက်လုပ် ချိန်ကိုက်ဗုံး တစ်လုံးအား ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

သတိထားရှောင်ရှား
ပေါက်ကွဲသည့် နေရာအား တာဝန်ရှိသူများ စစ်ဆေးရာ အဆိုပါ ချိန်ကိုက်ဗုံးကို ပထမ အဆင့်အနေဖြင့် ချိန်ကိုက် အသံမိုင်း အဖြစ် ဖောက်ခွဲခဲ့ပြီး ဒုတိယ အဆင့် အနေဖြင့် အဝေးမှ တယ်လီဖုန်း ခေါ်ဆိုမှုကြောင့် Vibration ဖြစ်ကာ ထပ်ဆင့် ဖောက်ခွဲရန် ပြုလုပ် ထားခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် ဖောက်ခွဲရေး သမားများသည် ဖောက်ခွဲ ဖျက်ဆီးရေး ပစ္စည်းများကို လူအများ နေ့စဉ်သုံး ပစ္စည်း များနှင့် ရော၍ အသုံးပြု ထားခြင်း၊ အသံဗုံးကြောင့် ရောက်ရှိလာသည့် တာဝန် ရှိသူများ၊ ပြည်သူများ ဝိုင်းအုံ ကြည့်ရှုစဉ် ထပ်မံ ဖောက်ခွဲရန် ကြံစည်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် ချိန်ကိုက်ဗုံးနှင့် ပတ်သက်၍ ဗဟုသုတ အဖြစ် သိရှိပြီး သတိထား ရှောင်ရှားကြရန် လိုကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြားခဲ့သည်။
တာဝန်ရှိသူများက အချိန်မီ ဖယ်ရှား ရှင်းလင်းခဲ့သည့် ချိန်ကိုက်ဗုံး ဆက်စပ် ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ထိုင်း SIM Card နှင့် နိုကီရာဖုန်း အဟောင်းတစ်လုံး၊
(ခ) UPG တံဆိပ်ပါ ဒသမ ၂၅ ဂါလန်ဝင် သုတ်ဆေး အနီရောင် ဆေးဘူး နှစ်ဘူး၊
(ဂ) အဖြူရောင် C 4 ယမ်းပြင်း ဒသမ ၂၅ ပေါင်၊
(ဃ) အဖုံးမပါ အပြာနုရောင် ပလတ်စတစ် ကွန်ပါဘူးတစ်ဘူး၊
(င) ဝိုင်ယာကြိုး တပ်လျက် လစ်သီယမ် ဘက်ထရီ တစ်လုံး၊
(စ) ဝိုင်ယာကြိုး နှစ်ချောင်းပါ လျှပ်စစ် ဒီတိုနေတာ တစ်ခု၊
(ဆ) ၁ဝ ဗာစရှိ ဖြူ့စ်တစ်ခု၊
ပူးပေါင်းဆောင်ရွက်
ပြည်တွင်းပြည်ပ အဖျက် သမားများနှင့် အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ရပ်ရွာအေးချမ်း တည်ငြိမ်မှုကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု တုန်လှုပ် ချောက်ချားစေရန် ရည်ရွယ်၍ ဖောက်ခွဲမှုများ ပြုလုပ်ရေး အမြဲမပြတ် ကြံစည် ကြိုးပမ်းလျက် ရှိရာ အများ ပြည်သူတို့ အနေဖြင့် အသွင် အမျိုးမျိုးဖြင့် ထိုးဖောက် ဝင်ရောက်လာမည့် ဖောက်ခွဲ ဖျက်ဆီးရေး သမားများ၊ အကြမ်းဖက် သမား များအား အထူး သတိပြု စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်ပြီး မသင်္ကာဖွယ်ရာ တွေ့ရှိပါက တာဝန် ရှိသူများထံ အချိန်မီ သတင်း ပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။
မြန်မာ့အလင်း