xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အသွင်ကူးပြောင်းရေးကာလ အခက်အခဲများ

Wednesday, April 27, 2011

အသွင်ကူးပြောင်းရေးကာလ အခက်အခဲများ

(ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ တစ်ခုဖြစ်တဲ့ restoring confidence and transforming institutions ထဲက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများကို ပြုပြင် ပြောင်းလဲတဲ့အခါ တွေ့ရနိုင်တဲ့ အခက်အခဲများနဲ့ ပတ်သက်ပြီး ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန် ဖော်ပြပေး လိုက်ပါတယ်။ မိမိနိုင်ငံအခြေ အနေနဲ့ ထင်ဟပ် လေ့လာနိုင်အောင် ဖြစ်ပါတယ်။)
လူ့အဖွဲ့အစည်းတွေမှာ အာဏာရယ်၊ ကြွယ်ဝ ချမ်းသာမှုရယ်ကို ဖြစ်စေတဲ့ ဒါမှမဟုတ် ကိုင်တွယ်ထားတဲ့ အင်စတီ ကျူးရှင်းတွေကို ပြုပြင် ပြောင်းလဲဖို့ လုပ်တဲ့အခါတိုင်း ပြင်းထန်တဲ့ ဆွေးနွေး ငြင်းခုန်မှုတွေ၊ ခုခံ ကာကွယ်မှုတွေနဲ့ ကြုံရလေ့ ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်မှာ အခုကြိုးစားနေတဲ့ လူမှုဖူလုံရေးစနစ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ပြောင်းလဲဖို့ ကြိုးစားမှု၊ အနောက် ဥရောပမှာ စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှု ကဏ္ဍတွေကို ပြောင်းလဲဖို့ ကြိုးစားမှုတွေကို ကြည့်ရင်လည်း ဒီလို အပြင်းအထန် ဆန့်ကျင်မှုတွေ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပြောရရင် အပြောင်းအလဲ လုပ်တိုင်း အငြင်းပွားမယ်၊ ပေးဆပ်ရမှုတွေ ရှိမယ် ဆိုတာ သေချာတယ်။ တစ်ချို့ လူ့အဖွဲ့အစည်းတွေ ကြတော့ တစ်ချို့အုပ်စုတွေ အနေနဲ့ ယာယီ နစ်နာ ဆုံးရှုံးမှုတွေ ရှိရင်တောင် အားလုံး အကျိုးစီးပွားကို ရှေ့ရှုပြီး အပြောင်းအလဲကို အောင်မြင်အောင် လုပ်နိုင်ကြတယ်။ တစ်ချို့ကျတော့လည်း ပြောင်းလဲဖို့ အတော် ခက်ခဲတာကို တွေ့ရတယ်။ အထူးသဖြင့် ပဋိပက္ခ တစ်ခုက ကျော်လွန် လာတဲ့ နိုင်ငံတစ်ချို့မှာ ပိုခက်ခဲလေ့ ရှိတယ်။ ဒါဟာ ဘာ့ကြောင့်လဲ။
ဒုတိယ ကမ္ဘာစစ်ပြီးတော့ ဂျပန်နဲ့ ဥရောပနိုင်ငံ တစ်ချို့ဟာ သူတို့ရဲ့ အင်စတီ ကျူးရှင်းတွေကို အချိန်တိုအတွင်း လွယ်လွယ် ကူကူ၊ ချောချောမွေ့မွေ့ အသွင်ကူးပြောင်း နိုင်ခဲ့တာပဲ။ ဒါပေမယ့် ဒီနိုင်ငံတွေက အင်စတီ ကျူးရှင်းတွေ တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံက ဟိုတုံးထဲက ရှိခဲ့ပြီး ဖြစ်သလို လူမျိုးရေး အရလည်း အဓိကလူမျိုးစု တစ်ခုတည်း နီးပါးလာက်ရှိတယ်။ လူသား အရင်းအမြစ်ဖြစ်တဲ့ စာတတ်မြောက်မှု၊ အစဉ်အလာ ကောင်းတဲ့ ပညာရေးစနစ် (အထူးသဖြင့် အဆင့်မြင့်ပညာ) တွေရှိပြီး ဖြစ်တယ်။ နိုင်ငံရေးအရလည်း ပါတီတွေ၊ ရွေးကောက်ပွဲတွေ ရှိခဲ့၊ လုပ်ခဲ့ဖူးတဲ့ နိုင်ငံတွေ ဖြစ်တယ်။ နောက်ပြီး သူတို့ကြုံခဲ့ ရတာက ပြည်ပနိုင်ငံနဲ့ ဖြစ်ပွားတဲ့စစ် ဖြစ်တယ်။ ပြည်တွင်းစစ် မဟုတ်ဘူး။

အခု အလယ်အလတ်နဲ့ ဆင်းရဲတဲ့နိုင်ငံတွေ အသွင်ကူးပြောင်းရေး လုပ်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ပိုများတယ်။ ပထမအချက်က အဲဒီနိုင်ငံတွေမှာ အပြောင်းအလဲ ဖြစ်ဖို့ အဓိကကျတဲ့ လူတွေ၊ အီလစ်တွေက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိဘူး။ နောက်ပြီး ပြည်သူတွေကလည်း အစိုးရကို မယုံဘူး။ ဒုတိယ အချက်က သဘော တူညီချက်ရခဲ့ ရင်တောင် အာဏာ သို့မဟုတ် စီးပွားရေး အခွင့်အရေး ဆုံးရှုံးသွားတဲ့ အုပ်စုတွေဆီက အကြမ်းဖက်မှုတွေ ပေါ်လာနိုင်တဲ့ အတွက် အဲဒီ သဘော တူညီချက်ကို ရေရှည်ခံအောင် ထိန်းဖို့မလွယ်ဘူး။ တတိယ တစ်ချက်ကတော့ အခုခေတ်မှာ နိုင်ငံတွေဟာ သီးခြား ရပ်တည်လို့ မရတဲ့အတွက် အပြောင်းအလဲ အခြေမခိုင်ခင်မှာ တစ်ခြား နိုင်ငံတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခတို့၊ ကမ္ဘာ့စီးပွားရေး ပျက်ကပ်တို့ကြောင့် အပြောင်းအလဲတွေ ရပ်တန့် သွားနိုင်တယ်။
အသွင်ကူးပြောင်းရေး လုပ်တဲ့နေရာမှာ အကောင်အထည် ဖော်မယ့်လူကို မယုံကြည်မှုကြောင့် အခက်အခဲ တွေ့ရသလို မျှော်လင့်ချက်တွေ များလွန်းတာကြောင့်လည်း အခက်အခဲ တွေ့ရနိုင်တယ်။ တစ်ခါတစ်လေမှာ ထိပ်ဆုံးက အပြောင်းအလဲ လုပ်ချင်ရင်တောင် အောက်ခြေ အဆင့်ဆင့်မှာ ရှိတဲ့ အင်စတီ ကျူးရှင်းတွေက မလုပ်တတ်တာ၊ လုပ်နိုင်စွမ်းမရှိတဲ့ အခက်အခဲမျိုးလည်း ရှိတယ်။ ဒါကလည်း စနစ်ဟောင်းထဲမှာ အကြာကြီး နေခဲ့တော့ လုပ်နေကြ၊ တွေးနေကြ ပုံစံဟောင်း Mind Set ကို မစွန့်လွှတ် နိုင်တာကြောင့် ဖြစ်ပြီး မျှော်လင့်ချက် သိပ်များနေတဲ့ ပြည်သူတွေ အနေနဲ့ ဒီကြန့်ကြာမှုကနေ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် အပေါ် အယုံအကြည်မဲ့ပြီး အကြမ်းဖက်နည်းလို အခြား နည်းတွေဘက် လှည့်သွား တတ်ပြန်တယ်။ ဒါကို “premature load-bearing” of institutions လို့ ဆိုနိုင်တယ်။
တစ်ခါတစ်လေမှာ အသွင် ကူးပြောင်းရေး ဖြစ်စဉ်ကပဲ ယာယီ လုံခြုံရေး ပျက်ပြားတဲ့ အခြေအနေကို ဖြစ်စေပြန်တယ်။ Collier, Hoeffler, and Söderbom 2008 လေ့လာချက်အရ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတဲ့ အခါ ပြည်တွင်းစစ်နဲ့ ရာဇ၀တ်မှုတွေ ပိုများလာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့ အကြိမ် များတယ်လို့ တွေ့ရတယ်။ ဒီလို ဖြစ်ရ တာကလည်း အစိုးရ ၀န်ဆောင်မှု လုပ်ငန်းနဲ့ ဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို လျှော့ချတာ၊ ဒါတွေနဲ့ ပတ်သက်ပြီး ဗဟိုအစား ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့် ပိုပေးတာကြောင့်လို့ ဆိုတယ်။ နောက်ပြီး ပဋိပက္ခလွန် ကာလမှာ အာဏာ ချိန်ခွင်လျှာ ဘယ်လို ဖြစ်မယ် ဆိုတာ ပီပီ ပြင်ပြင် မပေါ်လွင်ဘူး ဆိုရင် သက်ဆိုင်ရာ အုပ်စုတွေက အပေးအယူ လုပ်ဖို့ ပိုပြီး လက်တွန့်တယ်၊ သဘော တူညီချက်တွေကို ဖျက်ဖို့ ပိုပြီး အလေးသာတယ် ဆိုတာကိုလည်း တွေ့ရတယ်။ နောက်တစ်ခါ မဲဆန္ဒနယ် တစ်ခုမှာ နိုင်သူအကုန်ယူ winner takes all ဆိုတဲ့ ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးတဲ့ အခါ ရှုံးတဲ့ အုပ်စုတွေ အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်မရတဲ့အခါ အကြမ်းဖက်မှုနည်းလမ်းကို ပြန်ရွေးသွား ကြတယ်လို့လည်း ဆိုတယ်။ ဒါတွေပြောနေ တာဟာ ပြုပြင် ပြောင်းလဲရေး မလုပ်ဖို့ ဆိုလိုတာ မဟုတ်ဘူး။ ပြုပြင် ပြောင်းလဲရေးတွေ လုပ်တဲ့အခါ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို သိဖို့နဲ့ ကတိက၀တ်တွေကို မှန်မှန်နဲ့ အခြေခိုင်ခိုင် အကောင်အထည် ဖော်သွားဖို့ လိုကြောင်း ထောက်ပြတာသာ ဖြစ်တယ်။
အသွင် ကူးပြောင်းရေး အဆင့်မှာ အဓိက ပါဝင်သူတွေ (key stakeholders ) အားလုံး ယုံယုံ ကြည်ကြည် ပါလာဖို့ ဆိုရင် အောက်ပါ အခြေအနေ သုံးခုကို ဖော်ဆောင်ဖို့ လိုတယ်-
၁။ ဒီဖြစ်စဉ်မှာ ပတ်သက်သူ အားလုံး မဟုတ်ရင်တောင် လုံလောက်တဲ့ အရေအတွက် ပါဝင်ရမယ်။
၂။ အတိတ်က အခြေအနေတွေနဲ့ လမ်းခွဲခဲ့ပြီ ဆိုတဲ့ လုံလောက်တဲ့ အချက်ပြမှု ရှိရမယ်။
၃။ ရလဒ်ကောင်းတွေကို တတ်နိုင်သမျှ စောစော ထုတ်ပြနိုင်ရမယ်။
နောက်တစ်ခါ အင်တစီ ကျူးရှင်းတွေကို အပြောင်းအလဲ လုပ်တဲ့အခါမှာ အားလုံးကို တစ်ပြိုင်တည်း ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်အကိုင်၊ လုံခြုံရေး၊ တရား စီရင်ရေးတို့နဲ့ ပတ်သက်တဲ့ အင်စတီ ကျူးရှင်းတွေကို စပြီး ပြုပြင် ပြောင်းလဲမှု လုပ်ရမယ်။ နောက်ပြီး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ မိမိနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့လည်း ကိုက်ညီဖို့ လိုတယ်။ နည်းပညာအရ မှန်ပေမယ့် နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတဲ့ အတွက် ပျက်စီး သွားရတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပြီ ဖြစ်တယ်။ အဓိက ကတော့ ပြောင်းလွယ် ပြင်လွယ်ရှိဖို့နဲ့ တီထွင် ကြံဆနိုင် စွမ်းကောင်းဖို့ပဲ ဖြစ်တယ်။
အသွင် ကူးပြောင်းရေး လုပ်တာနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး အချက်ကတော့ အချိန်တိုတို အတွင်းမှာ အကုန်လုံးပြီး သွားလိမ့်မယ်လို့ မျှော်လင့် မထားဖို့ပဲ (Do not expect too much, too soon)။ ဖရိုဖရဲ ဖြစ်နေတဲ့ နိုင်ငံအဆင့်( fragile state) ကနေ လုံလောက်တဲ့ အုပ်ချုပ်မှု ကောင်းမွန်တဲ့ အဆင့် (good enough governance) ကို အမြန်ဆုံး ရောက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ နိုင်ငံနှစ်ဆယ်ကို လေ့လာတဲ့အခါ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ အတွက် အချိန်ယူရပုံကို အခုလို အံ့အား သင့်စရာ တွေ့ရတယ်။
၁။ အစိုးရယန္တရား စွမ်းဆောင်ရည် ကောင်းမွန်လာဖို့ ပျမ်းမျှ ၂၀ နှစ်၊ အမြန်ဆုံး နိုင်ငံက ၁၂ နှစ်။
၂။ အကျင့်ပျက် ခြစားမှုကို လက်ခံနိုင်တဲ့ အခြေအနေ တစ်ရပ်အထိ ထိန်းချုပ်နိုင်ဖို့ (reasonable control) ၂၇ နှစ်။ အမြန်ဆုံး နိုင်ငံက ၁၄နှစ်။
၃။ စစ်တပ်ကို နိုင်ငံရေးထဲကနေ လုံးဝ ဖယ်ရှားနိုင်ဖို့ ၁၇ နှစ်၊ အမြန်ဆုံး နိုင်ငံက ၁၀ နှစ်။
ဒါပေမယ့် စိတ်ပျက်စရာ မဟုတ်ပါဘူး။ ၂၁ ရာစုထဲမှာ အပြောင်းအလဲတွေ လျင်လျင် မြန်မြန် ဖြစ်ဖို့ ပိုပြီး အခြေ အနေကောင်း လာပါပြီ။ ဒီလို ဖြစ်အောင် တွန်းပို့နေတဲ့ အကြောင်း အရာတွေကတော့
၁။ နိုင်ငံ တစ်နိုင်ငံဟာ ကိုယ့်ပြည်တွင်းရေးကို နိုင်ငံတကာ ရေးရာတွေကနေ သီးခြား ခွဲခြားထားလို့ မရတော့ဘူး။ နိုင်ငံတကာစံတွေ၊ နိုင်ငံတကာ ဥပဒေတွေကို ပိုပြီး အလေးထား လာရပြီ။
၂။ အိုင်တီ နည်းပညာတွေ တိုးတက် လာတာကြောင့် ပြည်သူတွေက အစိုးရကို ပိုပြီး စောင့်ကြည့် လာနိုင်တယ်။ သတင်းတွေ ပိုပြီး ဖြန့်ဝေနိုင်တယ်။
၃။ နည်းပညာ တိုးတက်မှုကြောင့် ၀န်ဆောင်မှု လုပ်ငန်းတွေ ပိုပြီး ကောင်းလာတယ်။
ဘာပဲဖြစ်ဖြစ် အသွင် ကူးပြောင်းရေး လုပ်ငန်းတွေ လုပ်ရတာ အချိန်ယူရမယ်၊ အရာရာကို ထည့်သွင်းတွက်ချက်ပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် လုပ်ဖို့ လိုတယ် ဆိုတာတော့ အမှန်တရားပဲ။ တစ်ခါတစ်လေ ကျတော့ နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်ထားမှု (Political Will)၊ လုပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိတယ် ဆိုတာနဲ့ မြန်မြန်ကြီး လုပ်နိုင်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါဟာ မှားပါတယ်။ တောင်ကိုရီးယားလို အရင်းအမြစ် ပြည့်စုံပြီး စိတ်ပိုင်းဖြတ်မှု ခိုင်မာတဲ့ နိုင်ငံမှာတော့ ချန်ဒူးဝမ် ခေတ်လွန်ကာလမှာ အဆင့်ဆင့် ပြောင်းလဲနိုင်ဖို့ မျိုးဆက် တစ်ဆက် နီးပါး အချိန်ယူ ခဲ့ရတယ်။ ဒီကနေ့ ပဋိပက္ခလွန် ကာလ အသွင်ကူးပြောင်းရေး လုပ်နေတဲ့၊ လုပ်ဖို့ ပြင်နေတဲ့ ဘယ်နိုင်ငံမှာမှ တောင်ကိုရီးယားလောက် အခြေအနေ မပေးပါဘူး။
ပိတောက်မြေ