xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သတင်းဖန်တီးမှု ပညာနှင့် ဂျပန်ဆူနာမီ မှ ခွေးတစ်ကောင် ကယ်ဆယ်ရေးသတင်း

Wednesday, April 6, 2011

သတင်းဖန်တီးမှု ပညာနှင့် ဂျပန်ဆူနာမီ မှ ခွေးတစ်ကောင် ကယ်ဆယ်ရေးသတင်း

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ ကဖြစ်ပါသည် ။ ဂျပန်နိုင်ငံတွင် ငလျင်နှင့်နောက်ဆက်တွဲ ဆူနာမီကြောင့် သေကြေ ပျောက်ဆုံးသူများအား နောက်ဆုံးရှာဖွေကယ်ဆယ်ရေးနေ့အဖြစ်သတ်မှတ်ကာ ကယ်ဆယ်ရေးအင်အားစုများက အင်အားသုံး ကာ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ကြပါသည် ။ထိုသို့ ရှာဖွေရာတွင် အသက်ရှင်လျက်ရှိသူတစ်ဦးတစ်ယောက်မှ မတွေ့ရတော့ပါ ၊ထို့အပြင် ရုပ်အလောင်းများလည်းရှာဖွေ မတွေ့ရတော့ပါ ။သို့သော် ခွေးတစ်ကောင်ကို ကယ်ဆယ်ရရှိသည့် သတင်းသည် ကမ္ဘာ့ မီဒီယာများတွင် ထိပ်တန်း သတင်းတစ်ပုဒ်ဖြစ်လာပါသည် ထိုသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

ဂျပန်နိုင်ငံတွင် ငလျင်နှင့် ဆူနာမီ ရေလှိုင်းဒဏ်သင့်ပြီး သုံးပတ်အကြာ တွင် ခွေးအား ကယ်တင်နိုင်ခဲ့သည်။
ငလျင်နှင့်ဆူနာမီရေလှိုင်းဒဏ်ခံရသော ဂျပန်၏ မြောက်ပိုင်းဒေသမှ သတင်းကောင်း လေးတစ်ပုဒ်မှာ ကမ်းစောင့်တပ် (Coast Guard) မှ အပျက်အစီးများကြားတွင် မျောနေသော ခွေးတစ်ကောင်အား ကယ်တင်နိုင်ခဲ့သည်။

၎င်းခွေးအားတွေ့ရှိခဲ့ကြသော ရုပ်သံအဖွဲ့မှ မျောနေသော အိမ်ခေါင်မိုးပေါ်တွင် သွားနေ ပုံအား ရုပ်ရှင်မှတ်တမ်းတင်နိုင်ခဲ့သည်။ ခွေးမှာ ဧပြီလဆန်း ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီ ရေလှိုင်းဖြစ်ပေါ်ချိန်မှစ၍ အိမ်ခေါင်မိုးပျက်ထဲတွင် မျောပါနေသည်ဟု ယူဆရသည်။
ခွေးမှာ ပင်လယ်ထဲတွင် သုံးပတ်ကြာ မျောနေသည်ဟု ယုံကြည်ရသည်။
ခွေးအား ခက်ခက်ခဲခဲ ကယ်တင်ယူရသည်။ ကမ်းစောင့်တပ် (Coast Guard) ၏ ရဟတ် ယာဉ်မှ ဆင်းလာသော ကယ်ဆယ်ရေး သမားများသည် ခွေးအား အိမ်ခေါင်မိုး အပျက်ထဲမှ ထွက်လာရန် ခေါ်၍ မရဘဲရှိရာ ရဟတ်ယာဉ်၏ လောင်စာနည်းလာသဖြင့် ပြန်လာခဲ့ရသည်။
ရေကြောင်းမှ ရောက်လာသော ကမ်းစောင့် တပ် (Coast Guard) မှ ခေါ်ထုတ်နိုင်ခဲ့သည်။ ခွေးသည် ခွေးလည်ပတ် ဝတ်ဆင်လျက် ရှိနေသော်လည်း ၎င်းလည်ပတ်ပေါ်တွင် မည်သည့်လိပ်စာမှ မပါပါ။
ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု စစ်ဘက်မှ လေယာဉ် အစင်း ၁၀၀ နှင့် သင်္ဘော ၆၅ စင်းပါဝင်သော ငလျင်နှင့် ဆူနာမီရေလှိုင်းဒဏ်ခံရပြီး ပျောက်ဆုံးနေသူများနှင့် အလောင်း များရှာဖွေရေး ကြိုးစားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခွေးအား ကယ်တင်နိုင်ခြင်း ဖြစ်သည်။ အတည်ပြုပြီးသေဆုံးသူ ၁၁,၅၀၀ နှင့် ပျောက်ဆုံးသူ ၁၆,၅၀၀ ရှိသည်။

 ဤသတင်းအား သေချာစွာကြည့်ပါက သတင်း၏ နောက်ကွယ်တွင် ပြည်သူလူထုနှင့် သတင်းဖတ်ပရိတ်သတ်အား ပေးချင်သော မက်ဆေ့ခ်ျ တစ်ခု ပါနေသည်ကိုတွေ့ရလေသည် ။ ထို မက်ဆေ့ခ်ျ အားမတင်ပြမီ သတင်းတည်ဆောက်ထားပုံကို ဦးစွာတင်ပြလိုပါသည် ။သတင်း၏ အစတွင် ခွေးကို ကမ်းခြေစောင့်တပ်မှ စတင်တွေ့ရှိပုံ ၊ ၄င်းကို ရုပ်သံမှတ်တမ်းတင် လိုက်နိုင် ပုံဖြင့် စထားပါသည် ။ 
ဒီခွေးက ၃ပတ်လောက်ဘယ်လိုအသက်ရှင်နေတာလဲ ဟုတ်မှ ဟုတ်ပါ့မလားဆိုသောသံသ အတွက် ၊ အိမ်ခေါင်မိုးပျက် တစ်ခုနှင့်မျောပါနေသည်ဟု ယူဆရ သည်ဟုဖေါ်ပြကာ ခွေး၏ အသက်ရှင်နေနိုင်ပုံကို ခိုင်မာလာစေရန် ဖေါ်ပြထားပြန်လေသည် ။
နောက်..ကယ်ဆယ်ရေးအဖွဲ့က အဆိုပါခွေးကို ခေါင်မိုးထဲမှ ထွက်လာစေရန် ခက်ခက်ခဲခဲ ကြိုးစားရပုံ ထိုသို့ ကြိုးစားနေရင် ဖြင့်ပင် ရဟတ်ယာဉ် ဆီကုန်သွားသဖြင့် ပထမအကြိမ်လက်လွှတ်လိုက်ရပုံ ၊ နောက်မှ ကယ်တင်၍ ရသွားပုံ ဖမ်း၍ ရလျင်ရခြင်းစောင်ခြုံပေးကာ အစာကျွေးနေပုံ တို့ကို ဖေါ်ပြကာ ကယ်ဆယ်ရေးတို့၏ သက်ရှိသတ္တ၀ါတို့ အပေါ် ကရုဏာ ထားပုံများ ပေါ်လွင်လာစေရန် တည်ဆောက်ထားသည်ကို တွေ့ရပါသည် ။
ပြီးမှ ခွေးမှာလည်ပတ်ပါသော်လည်း မည်သူမည်ဝါ၏ ခွေးဖြစ်သည်ကို အတည်ပြု၍ မရနိုင်ပုံကို ဖေါ်ပြကာ ငါ့ ခွေးလေးများဖြစ်နေမလား ဆိုသူတို့၏ မျှော်လင့်ချက် ကို အဆုံးသတ် ပေးလိုက်ပြန်ပါသည်။ 
ပြီးမှ သတင်း၏ နောက်ဆုံးအပိုဒ်တွင် ဤ ငလျင်နှင့် ဆူနာမီအတွင်း လေယာဉ်၊ သင်္ဘော မည်မျှနှင့် ကယ်ဆယ်ဆောင်ရွက်ခဲ့ပုံ  သေဆုံးပျောက်ဆုံးသူ အရေအတွက်များကိုဖေါ်ပြကာ သတင်းကို အဆုံးသတ်ထားလေသည် ။( ပို၍ လေးနက်စေလိုလျင် နောက်ပိုင်းတွင် မိမိခွေးဟု ယူဆသူများက ကမ်းစောင့်တပ်ကို စုဝေးရောက်လာပုံ သခင် မဟုတ်သူများအား ခွေးက မည်သို့ မျှ မတုန့်ပြန်ပဲ သခင်လာနိုးမျှော်နေပုံ သခင်အစစ်ပေါ်လာသော အခါ ခွေးနှင့်သခင်တို့ကြား ဖြစ်ပေါ်လာသော ပီတိများကိုဖေါ်ပြကာ ဇာတ်နာ လိုလျင် နာ၍ ရသေးသည်)
ဤသတင်းကိုဖတ်ပြီးသည်နှင့် သတင်းဖတ်ရသူ၊ ကြားရသူ ၊ရုပ်သံတွင်ကြည့်ရသူ အပေါင်းတို့က ဟာ..ဂျပန် ကယ်ဆယ်ရေးတွေကတော့ဟေ့ ..လူမပြောနဲ့ ခွေးတောင်ဂရုတစ်စိုက်ကယ်တယ် ၊ ဒီလောက်ဂရုတစိုက် လုပ်တာတောင်ဒီလောက်သေတယ်နော်..မဟုတ်ရင်တော့ပိုဆိုးမှာ..အင်းလေသူတို့က ဂျပန်တွေကိုး...ဒါကြောင့်လဲသူတို့တိုးတက်တာပေါ့..အစရှိသည်ဖြင့် မှတ်ချက်များရရှိကာ အစိုးရအပေါ်တွင် ၄င်း ကယ်ဆယ်သူများအပေါ်တွင် ၄င်း ပြည်သူ၏ ဂရုဏာ မှတ်ရရှိသွားစေလေသည် ။ဤသည်ပင်လျင်အထက်ပါ သတင်းကပေးလိုသော မက်ဆေ့ခ်ျ ဖြစ်လေတော့ သည် ။

ဤသို့ရေးသားဖေါ်ပြနေသဖြင့် စာရေးသူက အထက်ပါသတင်းအား သတင်းတု ၊ ဖန်တီးထားသော သတင်းဖြစ်သည်ဟု မဆိုလိုပါ လတ်တလောဖြစ်ပေါ်လာသော အခြေအနေတစ်ခု ကို အမိအရအသုံးချကာ ဖန်တီးတင်ဆက်သွားနိုင်သော သတင်းဖန်တီးသူတို့ကိုသာ ချီးကျူးလိုရင်းဖြစ်ပါသည် ။

ဝရဇိန်