မောင်ဝံသ
(၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )
'အစိုးရ
အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး တာဝန်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်
(Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government)
ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်' လို့
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရာထူး လက်ခံပြီး ဒုတိယနေ့ (မတ် ၃၁)
မှာ ထပ်မံ ပြောကြား လိုက်တယ်ဗျ။
ပထမ
အရေးကြီးဆုံးကို ပြောပြီး ဒုတိယ လုပ်ငန်းစဉ်ကို ပြောရာမှာ 'အစိုးရ
အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic
Practices) များ ထွန်းကားလာရေးပဲ ဖြစ်ပါတယ်' ပြောကြား သွားတယ်ဗျာ။
ဆက်လက်ပြီးတော့ 'နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရား ဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်' လို့ ပြောသွားတယ်ဗျ။
အဓိက အရေးကြီး အချက် သုံးချက် အဖြစ် -
၁။ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာဖို့၊
၂။ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာဖို့၊
၃။ တရားဥပဒေ စိုးမိုးရေးကို အလေးထား လုပ်ဆောင်ဖို့ အစိုးရ အဖွဲ့သစ်က ဦးစားပေး ဆောင်ရွက်မယ်လို့ နားလည် ရတယ်ဗျာ။
သည်အချက်တွေဟာ
မဖြစ်မနေ အကောင်အထည်ဖော် သွားရမယ့် တိုင်းပြည် ကောင်းရာ ကောင်းကြောင်း
ဦးတည်ချက်များ ဖြစ်လို့ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။
ဘယ်လိုတွေ လုပ်မလဲ ဘယ်လောက် ခက်ခဲမလဲ
နိုင်ငံရေး
သမားများနဲ့ ကျွန်တော်တို့လို သတင်း မီဒီယာသမား များကလည်း သည်အချက်တွေနဲ့
ပတ်သက်လို့ ထင်မြင်ချက် မေးလာ မြန်းလာကြရင် 'ခုလို ပြောသွား ဆိုသွားတာတွေ
ကတော့ ကြိုဆိုရမှာတွေ ချည်းပါပဲ။ လက်တွေ့ ဘယ်လို အကောင်အထည် ဖော်မလဲ
ဆိုတာကို စောင့်ကြည့်ကြရ ပါဦးမယ်' လို့ပဲ မယုတ်မလွန် ဖြေလေ့ရှိပါတယ်။
မှန်ပါတယ်။ ဘာတွေ လုပ်မလဲ ဆိုတာကိုတော့ ကြားရပြီ။ ဘယ်လိုတွေ လုပ်မလဲ ဆိုတာက ပို စိတ်ဝင်စားစရာ ကောင်းနေတယ် မဟုတ်လားဗျာ။