xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတ ကိုယ်တိုင်တက်ရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ

Saturday, May 21, 2011

သမ္မတ ကိုယ်တိုင်တက်ရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ

ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆိုင်တဲ့ ပြုပြင် ပြောင်းလဲမှုများ လုပ်ဖို့ ပထမခြေလှမ်း အဖြစ် နေပြည်တော်မှာ ကျင်းပတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ထူးခြားချက် ကတော့ သမ္မတ ဦးသိန်းစိန်ဟာ အလုပ်ရုံ ဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်း ( Key Note Speech ) ပေးရုံတင် မဟုတ်ဘဲ ပညာရှင်များရဲ့ ဆွေးနွေးမှုများကိုပါ အစအဆုံး တက်ရောက် နားထောင် သွားတာပါဘဲ။ ဆွေးနွေးပွဲဟာ နေ့လည် တစ်နာရီကနေ ညနေ ခုနှစ်နာရီကျော် အထိ ကြာတဲ့ မာရသွန် ဆွေးနွေးပွဲ ဖြစ်ပြီး ပါဝင်တဲ့သူတွေရဲ့ အပြောကတော့ အတော် ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆွေးနွေးပွဲမျိုးကို သမ္မတတစ်ဦးက တက်ရောက် နားထောင်ခဲ့တယ် ဆိုတာဟာ အင်မတန်မှ သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
အစိုးရသတင်းစာမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတက စီးပွားရေး အဆောက် အအုံကြီး တစ်ခုလုံး ပြောင်းလဲ တိုးတက်ဖို့ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒ၊ ရင်းနှီးမြှပ်နှံမှု မူဝါဒတွေကို အခြေခံကျကျ လေ့လာ သုံးသပ်ပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ အတွက် ပြုပြင်သင့်တဲ့ ဥပဒေ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းတွေကို ပြုပြင်သွားမှာ ဖြစ်ကြောင်း၊ အဲဒီလို ပြုပြင်နိုင်ဖို့ အတွက် မကြာမီကာလမှာ စီးပွားရေး ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနဲ့ ဆွေးနွေး အကြံဉာဏ် ရယူဖို့ ရှိကြောင်း၊ အခု ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာလည်း အရေးကြီးကြောင်း ပြောသွားပါတယ်။

နောက်ပြီး အရင်အစိုးရ လက်ထက်မှာ ဆည်မြောင်း၊ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနိုင်ခဲ့ တဲ့အတွက် အခြေခံကောင်း ရထားကြောင်း၊ ဒါပေမယ့် တောင်သူ လယ်သမားများရဲ့ လူမှုစီးပွားဘ၀မှာ ကုန်ထုပ်လုပ်မှု စရိတ် မြင့်မားခြင်း၊ အရည်အသွေး ကျဆင်းမှုကြောင့် ထုတ်ကုန်များ ဈေးကောင်း မရတဲ့အတွက် အကျိုးအမြတ် လျော့နည်း လာခြင်း၊ လူဦးရေ တိုးတက်နှုန်းနဲ့ အတူ စားဝတ် နေရေးစရိတ် မြင့်မားလာခြင်း တို့ကြောင့် ကျေးလက် ပြည်သူများ အတွက် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လုပ်ငန်းစဉ်များမှာ အဟန့်အတား ဖြစ်နေသေးကြောင်း ထောက်ပြ သွားခဲ့ပြီး ရှေ့ဆက် လုပ်သင့်တဲ့ လုပ်ငန်းစဉ် ဆယ်ချက်ကို တင်ပြသွားခဲ့ပါတယ်။
ဆွေးနွေးပွဲ ပထမနေ့မှာ အကြံပေး အဖွဲ့ဝင်များ ဖြစ်တဲ့ ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်တို့ နှစ်ဦးအပြင် သံအမတ်ကြီး (ငြိမ်း) ဦးလှမောင်၊ ဒေါက်တာ စိန်လှဗိုလ်၊ ဦးဝင်းအောင်၊ ဦးခင်မောင်အေး တို့က စာတမ်းများ တင်သွင်း ခဲ့ကြပါတယ်။ အဲဒီထဲက ဒေါက်တာ ဦးမြင့်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လမ်းပြစာတမ်း၊ ဦးဆက်အောင်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတို့တွင် တွေ့ရှိရသော သဘောထား အမြင် ကွာဟမှုများ စာတမ်းနဲ့ ဦးဝင်းအောင်ရဲ့ လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ် ဖြန့်ဖြူးရေး ထိရောက် အကျိုးရှိစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဘ၀မြှင့်တင်ရေး စာတမ်းများ အပေါ် စိတ်ဝင်စားမှု ပိုများခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲမှာ ပညာရှင်များ၊ အစိုးရ အရာရှိများ အပြင် လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ခဲ့ပြီး ခန်းမအတွင်း ရပ်နားထောင်ရတဲ့ အထိ လူပြည့်ခဲ့တယ်လို့ သိရပါတယ်။
ဘီဘီစီကတော့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို သတင်းထောက်တွေ သတင်းယူခွင့် ပိတ်ပင် ထားတယ်လို့ သတင်း ထုတ်လွှင့်ခဲ့ ပေမယ့် ပြည်တွင်း ဂျာနယ်များက သတင်းထောက်တွေ လွတ်လွတ် လပ်လပ် သတင်းယူနေတဲ့ အပြင် ဆွေးနွေးပွဲ အခန်းထဲမှာလည်း ၀င်ရောက် နားထောင်ခွင့် ရခဲ့ပါတယ်။
Credit : ပိတောက်မြေ