xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သူတို့ပြောတဲ့ဦးတေဇ အကြောင်း

Tuesday, May 17, 2011

သူတို့ပြောတဲ့ဦးတေဇ အကြောင်း

 
(Stanley A. Weiss (Founding Chairman of Business Executives for National Security) က အင်တာနက် သတင်းစာဖြစ်တဲ့ The Huffington Post မှာ ရေးသားထားတဲ့ Meet Burma’s First Billionaire ဆောင်းပါး ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဖြစ်တော့ ဦးတေဇကို အကောင်းမြင်တဲ့ဘက် ကဲပြီး ရေးထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
Forbes မဂ္ဂဇင်းက နှစ်စဉ်ကမ္ဘာ့ အချမ်းသာဆုံးလူတွေ စာရင်းကို ထုတ်ပြန်လေ့ ရှိတယ်။ ဒါပေမယ့် အဲဒီ စာရင်းထဲမှာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် တေဇ နံမည်ကိုတော့ တွေ့ရမှာ မဟုတ်ဘူး။ တေဇဟာ မြန်မာနိုင်ငံက ထူးစီးပွားရေး လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်ပါတယ်။ ထူးစီးပွားရေး လုပ်ငန်းစုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှ ပေါ်ပေါက် လာခဲ့တာ ဖြစ်ပြီး သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စားအုန်းဆီ လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်း လုပ်ငန်းနဲ့ လေကြောင်းလိုင်းနဲ့ တစ်ခြား လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ သူ့ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘီလီယံနာ ဖြစ်တယ်လို့ လူတွေက အသိအမှတ် ပြုထားကြ ပါတယ်။
တေဇဟာ အာရှမှာတော့ နံမည်ကြီးသူ ဖြစ်ပါတယ်။ စင်္ကာပူ၊ ထိုင်းနဲ့ တစ်ခြား နေရာတွေမှာ စီးပွားရေး အဆက်အသွယ် အများကြီး ရှိတယ်။ အထူးသဖြင့် အမေရိကန်နဲ့ အီးယူက သူ့ကို ဗိုလ်ချုပ်တွေနဲ့အတူ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ပြီး နောက်ပိုင်းမှာ အာရှမှာ ပိုပြီး အဆက်အသွယ် များလာတယ်။ ဒါပေမယ့် အနောက်နိုင်ငံ မီဒီယာတွေမှာတော့ သူ့အကြောင်း သိပ်မတွေ့ရဘူး။
ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ကျွန်တော်ဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်း များစွာ သွားခဲ့တယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကတော့ တေဇကို ရန်ကုန်မြို့က သူ့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ အိမ်မှာ တွေ့ဆုံခွင့် ရခဲ့တယ်။ တေဇဟာ လူရှေ့ သိပ်မထွက်သလို တွေ့ဆုံ မေးမြန်းခန်းတွေလည်း သိပ်ပြီး လုပ်လေ့မရှိဘူး။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကြားမှာ စီးပွားရေး စင်္ကြန် ဖြစ်လာတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံမှာ ပိုပြီး အရေးပါလာချိန်မှာတော့ မြန်မာနိုင်ငံက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ဟာ သူ့အမြင်တွေကို ထုတ်ပြော လာပါပြီ။ ဒါဟာ အမေရိကန်တွေက ဂရုစိုက် လာစေချင်လို့လည်း ဖြစ်နိုင်ပါတယ်။
တေဇက အနောက် နိုင်ငံတွေနဲ့ ပိုပြီး ဆက်ဆံဖို့ စိတ်အား ထက်သန် နေသလို အဲဒီလို ဆက်ဆံနိုင်ဖို့ အတွက် ဝေဖန် ဆန်းစစ် ခံရမယ့် အခြေအနေကိုလည်း ရင်ဆိုင်ဖို့ အသင့်ရှိပုံပါပဲ။ သူ့ကို ဝေဖန်တဲ့ သူတွေက တေဇဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရနဲ့ ပေါင်းပြီး ချမ်းသာ လာတာ၊ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရုံးလို့ စွပ်စွဲကြတယ်။ အမေရိကန်ကတော့ တေဇဟာ လက်နက် အရောင်းအ၀ယ် ကိစ္စတွေကို အစိုးရအတွက် လုပ်ပေးနေတယ်၊ ရုရှားနဲ့ ဆက်ဆံရေး မှန်သမျှကို တေဇက ချုပ်ကိုင် ထားတယ်လို့ စွပ်စွဲပြီး သူ့နဲ့ သူမိသားစုကို ဗီဇာ ပိတ်ပင် ထားတယ်။ အီးယူ၊ ကနေဒါ၊ သြစတေးလျ၊ ကနေဒါ တို့ကလည်း အဲဒီအတိုင်း ပိတ်ပင် ထားကြတယ်။

တေဇက စုံစမ်း ကြစမ်းပါ။ ကြိုဆိုပါတယ်။ အဲဒါဆိုရင် ကျွန်တော်ဟာ ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံ မဟုတ်ဘူး ဆိုတာ သိသွား လိမ့်မယ်လို့ ပြောပါတယ်။ သူက ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတာကို ၀န်ခံပေမယ့် တစ်ခြားလူတွေလိုပဲ အခွန် ဆောင်တာက လွဲရင် ဗိုလ်ချုပ်တွေကို ဘာမှ မပေးပါဘူးလို့ ဆိုတယ်။ ပြီးတော့ ကမ္ဘာပေါ်က တစ်ခြား နိုင်ငံတွေလိုပဲ ဘယ်စနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး အစိုးရနဲ့ စီးပွားရေး သမားတွေ နိုင်ငံ တိုးတက်ဖို့ ပေါင်းလုပ် ရတာပဲလို့ ထောက်ပြပါတယ်။
တေဇက အနောက် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ပြင်းပြင်း ထန်ထန် ဆန့်ကျင်ပါတယ်။ သူက မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တွေကိုတော့ ပိတ်ဆို့ အရေးယူပြီး စွမ်းအင် လုပ်ငန်းက ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ၀င်ငွေရနေတဲ့ Chevron နဲ့ Total လို ကုမ္ပဏီတွေကိုတော့ ဘာမှ အရေးမယူတဲ့ ကိစ္စကို ထောက်ပြတယ်။ ပြီးတော့ သူက စီးပွားရေး ပိတ်ဆို့မှုဟာ လူသုံးယောက်မှာ တစ်ယောက်က ဆင်းရဲ နွမ်းပါးနေတဲ့ နိုင်ငံမှာ ပြည်သူတွေကိုပဲ ထိခိုက်တယ်။ ချမ်းသာတဲ့ လူတွေကို မထိခိုက်ပါဘူးလို့ ပြောတယ်။ ဒါကတော့ သူ့ကိုယ်တွေ့ ဖြစ်ပုံရပါတယ်။
တေဇက အထီးကျန် ဖြစ်အောင် လုပ်ထားလို့တော့ နှစ်နိုင်ငံ ဆက်ဆံရေးကိ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ဘူးလို့ ပြောတယ်။ အီးယူကတော့ အခုတစ်လော သူတွေးသလို တွေးလာပုံရတယ်။ ဒီလ အစောပိုင်းမှာ အီးယူက မြန်မာနိုင်ငံ အပေါ် ပိုပြီး ပျော့ပြောင်းတဲ့ ရပ်တည်ချက်ကို ပြသခဲ့ပြီး အစိုးရ ခေါင်းဆောင် တစ်ချို့အပေါ် အရေးယူ ထားမှုတွေကို လျှော့ပေါ့ ပေးခဲ့တယ်။ အိုဘားမား အစိုးရကလည်း အာရှရေးရာ ကျွမ်းကျင်သူ ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းသူ အဖြစ် ခန့်အပ်ခဲ့တယ်။
အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒကို ပြန်လည် သုံးသပ် ပြင်ဆင်မယ် ဆိုရင် မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်မှာ ကျင်လည်နေတဲ့ တေဇလို လူတွေကို ဘေးဖယ် မထားဘဲ ထိတွေ့ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် များစွာမှာ အမေရိကန်ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အောင်ဆန်းစုကြည်ရဲ့ အမြင် သဘောထားပေါ်မှာပဲ အခြေခံပြီး ချမှတ်ခဲ့တာ ဖြစ်တယ်။ တကယ်တော့ အဲဒီလို အဖြူ မဟုတ်ရင် အမည်းဆိုတဲ့ ချဉ်းကပ်မှုမျိုးဟာ ရှုပ်ထွေး နက်နဲတဲ့ မြန်မာ့ အခြေအနေနဲ့ မကိုက်ပါဘူး။
နောက်ပြီး အမေရိကန် အနေနဲ့ သူတို့ အရေးယူ ထားတဲ့သူတွေရဲ့ သားသမီးတွေကိုပါ အရေးယူတဲ့ မူဝါဒကိုလည်း ပြန်သုံးသပ် သင့်နေပါပြီ။ ဒီလို ကလေးတွေကို ဒဏ်ခတ် ထားခြင်းဟာ နောက်မျိုးဆက် သစ်တွေကို အနောက် နိုင်ငံတွေနဲ့ ပိုဝေးပြီး တရုတ်နဲ့ ပိုနီးစပ် သွားအောင် လုပ်ပေးသလို ဖြစ်မှာပါပဲ။
နောက်ဆုံးမှာ တေဇက စစ်အစိုးရပဲ ဖြစ်ဖြစ်၊ ဘယ်အစိုးရပဲ တက်တက် ထူးအုပ်စုကတော့ စီးပွားရေး ဆက်လုပ် မှာပါပဲလို့ ပြောပြီး သူအသက် ကြီးလာရင် အလှူအတန်းတွေပဲ များများ လုပ်တော့မယ်လို့ ဆိုသွားပါတယ်။

Credit : ပိတောက်မြေ