xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော် သမ္မတကြီး၏ ကတိကဝတ်များနှင့် Realpolitik

Friday, May 6, 2011

နိုင်ငံတော် သမ္မတကြီး၏ ကတိကဝတ်များနှင့် Realpolitik

(၂၀၁၁ ခုနှစ်၊ မေလ (၅) ရက်နေ့ထုတ်၊ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ အဲဒီ မေ ၅ ထုတ် ဂျာနယ်မှာပဲ ရန်ကုန်တိုင်းမ်ရဲ့ ပင်တိုင် ဆောင်းပါးရှင် သုံးဦးဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဦးရဲတင့်နဲ့ ဦးနေဇင်လတ်တို့ သုံးယောက်လုံး နိုင်ငံတော် အကြံပေး အဖွဲ့ဝင်များ ဖြစ်သွားတဲ့ အတွက် ၀မ်းမြောက်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလို ပေါက်ရောက်တဲ့ ဂျာနယ်မှာ ထူးထူးခြားခြား ရေးထားတဲ့ ဆောင်းပါးဖြစ်လို့ ဘယ်သူက ဘယ်အတွက် ရည်ရွယ်ရေးတာလဲ၊ မှူးဇော်ဆိုတာ ဘယ်သူလဲ စသည်ဖြင့် မှန်းဆနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။ )
စတင်ခြင်းအသစ်
၂၀၁၁ ခုနှစ် မတ် ၃၀ ရက်နေ့သည် မိမိတို့ နိုင်ငံအတွက် သမိုင်းတွင်မည့် နေ့ရက်တစ်ရက် အဖြစ်သို့ ရောက်ရှိခဲ့လေပြီ။ ဤသည်ပင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ စတင်ခြင်း အသစ် New Beginning ပင် ဖြစ်သည်။ ကြီးကျယ် ခမ်းနားလှသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမကြီးတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု ဝန်ကြီးများသည် ကတိသစ္စာ ပြုခဲ့ကြပြီးနောက် နိုင်ငံတော် အကြီးအကဲ၏ ပင်ကို အသံဖြင့် ရာထူးလက်ခံပွဲ မိန့်ခွန်းကို ပြောကြား သွားခဲ့သည်။
ဝေဖန်ချက်နှင့် သဘောထားကွဲလွဲမှု အမျိုးမျိုး
ဒီနောက်တော့ နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းနှစ်ရပ် ဆက်တိုက် ပေါ်ထွက်လာသည်။ သဘောထား အမြင် အမျိုးမျိုး၊ ဝေဖန်ချက် အမျိုးမျိုးလည်း ကြားသိခဲ့ရသည်။ ဤတွင် အဓိက အားဖြင့် အုပ်စုကြီး သုံးစု ပေါ်ထွက်လာသည်။ ပထမ အုပ်စုမှာ မျှော်လင့်ချက်များ မြင့်မား နေကြသောအဖွဲ့ ဖြစ်သည်။ ယင်းတို့မှာ သမ္မတကြီး၏ ကတိကဝတ်များ အပေါ် နှစ်ထောင်း အားရစွာဖြင့် ထောက်ခံမှုနှင့် မျှော်လင့်ချက် တစ်လှေကြီး ပုံအပ် လာကြသည်။ ဒုတိယ အုပ်စုမှာ သံသယ ကြီးမားလှသူများ ဖြစ်သည်။ ယင်းတို့၏ ရှုထောင့်မှာ Zero Sum Game ဖြစ်သည်။ ဘာမျှ ထူးလာမည် မဟုတ်ဟူသော သဘောထား ရှိနေကြသည်။ တတိယအုပ်စုမှာ မျှော်လင့်ချက်လည်း မြင့်မြင့်မားမား ထားရှိခြင်း မရှိ၊ သံသယလည်း ကြီးကြီးမားမား ထားရှိခြင်း မရှိ ဟူသည့် အဖွဲ့ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ကြားနေရေး သမားများ၏ အလွှာ တစ်ရပ် ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်း တွင်လည်း ဆန်ရှင် ဖယ်ရှားရေး အုပ်စုနှင့် ဆန်ရှင် ထားရှိရေး (ပစ်မှတ် တိတိကျကျ ချိန်ရွယ် ဆောင်ရွက်ရေး) အုပ်စုဟူ၍ Debate အကြီးအကျယ် ဖြစ်ပေါ် နေကြသည်ကို တွေ့မြင်ရသည်။ အချို့ကလည်း Result Based Theory ကို လက်ကိုင် ထားလိုကြသည်။ အချို့ကလည်း Result Oriented Aid ကို ထောက်ခံပြောကြား နေကြသည်၊ သမ္မတကြီး၏ မိန့်ခွန်းပါ နိုင်ငံတကာ ဆက်ဆံရေး မူဝါဒမှာ ရှင်းပါသည်။ ကမ္ဘာ့ အသိုင်းအဝိုင်းနှင့် ပေါင်းစည်း နိုင်ရန် တံခါး ဖွင့်ထားမည် ဟူသော ဆိုလိုရင်း ဖြစ်သည်။

တုံ့ပြန်ချက်အမျိုးမျိုး
မည်သည့် နိုင်ငံနှင့် မဆို ငြိမ်းချမ်းစွာ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည့် သင်္ကေတ အဖြစ် လက်ကမ်းလိုက်ခြင်း ဖြစ်သည်။ ဤတွင် တုံ့ပြန်မှုမှာလည်း အမျိုးမျိုး ရှိနေသည်။ အချို့က သမ္မတကြီး ကမ်းပေးသော လက်ကို ရှောင်လွှဲ လိုသည်။ အချို့က ကမ်းလက်ကို ဆွဲယူလိုသည်။ အကြောင်းပြချက် မှာလည်း အမျိုးမျိုး ဖြစ်နေသည်။ မြန်မာ နိုင်ငံသည် ပြောင်းလဲမှု လမ်းကြောင်းသစ် ပေါ်သို့ တက်လှမ်းခဲ့ပြီ ဖြစ်၍ တုံ့ပြန်ရမည့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မူလအရင်းခံ စိတ်နေ သဘောထားများ ပြောင်းလဲပစ်ရန် လိုအပ်နေသည်။ တစ်ဖက်သားထံမှ အပြောင်းအလဲကို လိုချင်လျှင် ပြောင်းလဲလိုသော သဘောထား အပေါ် အသိအမှတ်ပြု၍ ၎င်းတို့ ကိုယ်တိုင်လည်း ပြောင်းလဲပေးရန် လိုအပ်မည် ဖြစ်သည်။
ရွေးကောက်ပွဲကို ကျောခိုင်း ခဲ့ကြသူများ အနေဖြင့်လည်း သမ္မတကြီး၏ မိန့်ခွန်းများကို သုတေသန ဖန်ပြားပေါ်တွင် တင်၍ အချိန်ယူကာ လေးလေးနက်နက် စဉ်းစား သုံးသပ်ကြဖို့ ကောင်းသည်။ ၎င်းတို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အစဉ်တစိုက် တောင်းဆို ခဲ့ကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့ကို အခြေခံ ဥပဒေ နှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် သမ္မတကြီးက တရားဝင် ပြောကြား သွားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့က ပိတ်ဆို့မှုများ ဆက်လက် ထားရှိပေးရန် တိုက်တွန်း ပြောကြားနေဆဲ၊ ပိတ်ဆို့ရေး ရပ်တည်ချက်ကို ကျောက်ချ ရပ်ထားဆဲ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် ၎င်းတို့ တိုက်ပွဲ ဝင်နေသည့် ဒီမိုကရေစီရေးနှင့် လူ့ အခွင့်အရေးကို အစိုးရက ဆောင်ကြဉ်း ပေးရန် ကတိပြု ပြောကြားထားပြီး ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော အစိုးရသစ်သည် အဆင့်ဆင့် ပွင့်လင်း မြင်သာမှုနှင့် အဆင့်ဆင့် တာဝန်ယူမှု တို့ကို ပုံဖော် တည်ဆောက် ကြတော့မည် ဖြစ်သည်။
၎င်းတို့ အနေဖြင့် နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ ၎င်းတို့လည်း ပန်းတိုင် ရောက်စေရေး အတွက် အလေးအနက်ထား စဉ်းစားရန် အချိန်တန်ပြီ ဖြစ်သည်။ ပိတ်ဆို့မှုများ အကြား၌ ဗဟိုဦးစီး စနစ်ဖြင့် ကြံ့ကြံ့ခံ ရပ်တည်ကာ ရုန်းထရှင်သန် နိုင်ခဲ့သော မိမိတို့ နိုင်ငံသည် ယခုအခါ ပွင့်လင်း မင်သာမှု၊ သန့်ရှင်း စင်ကြယ်မှု၊ တာဝန်ကျေပွန်မှု တို့ကို ကတိကဝတ် ပြုထားသော အစိုးရသစ်၏ ဦးဆောင်မှု အောက်တွင် တံခါး ဖွင့်လှစ်ခြင်းဖြင့် အရပ် လေးမျက်နှာကို ရှုမျှော် ကမ်းလင့်လာပြီ ဖြစ်သည်။ သို့ဖြစ်လျှင် အနာဂတ် နိုင်ငံတော်၏ လူမှု စီးပွားဘဝ အခြေအနေများ မည်သည့် အခြေအနေသို့ ဆိုက်ရောက် မည်နည်း။ စဉ်းစားကြဖို့ ကောင်းသည်။ အနှစ်နှစ် အလလ လိုချင်ပါသည်။ ရချင်ပါသည် ဟူ၍ တောင်းဆိုချက် အားလုံး (၎င်းတို့ဘာမှ မလုပ်လိုက်ရဘဲ) တစ်လုံး တစ်ဝတည်း ပြည့်စုံ ကြတော့မည်။ ၎င်းတို့ ဆက်လျှောက်မည့် ခရီး ဘာလဲ၊ ဘယ်လဲ မေးရန် အချိန်သင့်ပြီ ဖြစ်သည်။
အမျိုးမျိုးသော အခုအခံများ
အသွင် ကူးပြောင်းမှုတို့ မည်သည် အတွင်းအပြင် အခုအခံ အတားအဆီးများကို မလွဲမသွေ ကြုံတွေ့ ရမည်သာ ဖြစ်သည်။ အတွင်းအပြင် ဟူသည်မှာ နိုင်ငံအတွင်း အပြင် အကျုံးဝင်သလို အစိုးရအဖွဲ့ အတွင်း၊ အပြင်လည်း အကျုံးဝင်မည် ဖြစ်သည်။ ဤနေရာတွင် Us-Them အမြင်ဖြင့် အစိုးရကို ဆန့်ကျင် နေကြခြင်းသည် သဘာဝယုတ္တိ ကျပါ၏လော ဟူသည်ကို ၎င်းတို့၏ ပန်းတိုင်နှင့် ချိန်ထိုးကာ စဉ်းစားစေချင်သည်။ အနောက်နိုင်ငံများ၏ အခုအခံမှာ ရှင်းပါသည်။ စိတ်ခံစားမှုကို အရင်းခံသော စဉ်းစား သုံးသပ်ချက် များသာ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်အုပ်စုမှ ကြိမ်ဖန်များစွာ ဖိအား ပေးလာခဲ့သော ကိစ္စရပ်များကို မြန်မာ အစိုးရသစ်က လုပ်ဆောင် ပါမည်ဟု နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ပင်ကိုယ် အသံဖြင့် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောကြား ခဲ့ပြီးသည့်နောက် နောက်ထပ် မည်သည့် ကတိကဝတ်ကို လိုလားနေပါ သနည်း။ နိုင်ငံတော် သမ္မတကြီး၏ မိန့်ကြားချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သလို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အားလုံး၊ အစိုးရ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး၊ Stakeholder အားလုံးသို့ အာမခံချက် အပ်နှင်း ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်း အမျိုးမျိုး ပြောကြားဝေဖန် နေကြသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ တည်ရှိနေမှု အခြေအနေများ ကိုလည်း သမ္မတကြီးက အသိအမှတ် ပြုထားသည်။ ပြဿနာ ဖြေရှင်းရေး၏ အခြေခံ အကြောင်းအရင်း ဖြစ်သော ရှိရင်း ပြဿနာများကို အသိအမှတ် ပြုရေးကို သမ္မတကြီး အနေဖြင့် လက်ခံထားပြီး ဖြစ်သည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်ရမည့် နည်းလမ်းနှင့် လုပ်ငန်းစဉ်များ ကိုလည်း သမ္မတကြီးက ချပြထားပြီး ဖြစ်သည်။ ၎င်းဦးဆောင်သော အစိုးရအဖွဲ့၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို အသေးစိတ် ချပြသွားပြီး ဖြစ်သည်။ ဤသည်မှာ သဘောထား ကွဲလွဲသူများ၊ ဒီမိုကရေစီ အင်အားစုများကို ရည်ရွယ်ခြင်း ဖြစ်သလို ၎င်း၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသော ဝန်ကြီးဌာန၊ အစိုးရ အဖွဲ့အစည်း အားလုံးကိုလည်း ရည်ရွယ်ပြောကြား သွားခြင်း ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
ကတိကဝတ်များ၏ ဖိအား
ဤသို့ များပြားလှသော ကတိကဝတ်များကို နိုင်ငံတော် သမ္မတကြီးမှ တရားဝင် ထုတ်ဖော် ပြောကြား လိုက်ခြင်း၏ အကြောင်းရင်း ဇစ်မြစ်ကို မှန်းဆ ကြည့်နိုင်သည်။ အလားတူ နိုင်ငံတော် သမ္မတကြီး၏ ခံယူချက်၊ ယုံကြည်မှုနှင့် စိတ်ရင်း စေတနာကို မှန်းဆ ကြည့်နိုင်သည်။ ယင်းသို့ ပြောကြားထားပြီး ဖြစ်သော ကတိ စကားများသည် တာဝန် ကြီးမားလှသလို ပြည့်ဝအောင် လက်တွေ့ ဖော်ဆောင်ရာ တွင်လည်း အမျိုးမျိုးသော အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင် ရဦးမည်။ ယင်း အခက်အခဲ များကို ကျော်လွှား အောင်မြင်အောင် ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက် ရဦးမည် ဟူသည်မှာ ဧကန်မုချပင် ဖြစ်သည်။ ဤသို့သော အခက်အခဲများ အတားအဆီးများ ရှိနေမှန်း သိလျက်နှင့် ရဲရဲတင်းတင်း ထုတ်ဖော် ပြောကြား ခဲ့သော နိုင်ငံတော် သမ္မတကြီး၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို မိမိတို့အားလုံး ရိုးသားစွာ ဆင်ခြင် ကြည့်ကြရန် လိုအပ်မည် ဖြစ်သည်။
သက်ဆိုင်ရာ Stakeholder အားလုံး ပါဝင်ခွင့် ရရှိစေရန်လည်း သမ္မတကြီးက တံခါးဖွင့် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွား အတွက် ယုံကြည်ချက်ကို ပုံအော၍ Open Game ကစားလိုက်ခြင်း ဖြစ်သည်။ သမ္မတကြီး၏ ရဲရင့်မှု လက်တွေ့ကျမှု၊ အာမခံချက် ပြတ်သားမှု တို့ကို မိမိတို့ အားလုံး အနေဖြင့် အလေး အနက်ထား အသိအမှတ် ပြုရမည်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်။
သုံးသပ်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ စတင်ခြင်း အသစ်မှာ ဆန်းသစ် လှပသော၊ တက်ကြွသော၊ အားမာန်အပြည့် ပါဝင်နေသော နိုင်ငံတော် သမ္မတကြီး၏ ကတိကဝတ်များပင် ဖြစ်သည်။ သွားရမည့် လမ်းကြောင်းက ရှင်းနေ သည်ထက် ကျေနပ်ဖွယ်ရာ ကောင်းလွန်းနေသည်။ ထိုသို့ ကောင်းလွန်း နေသောကြောင့် သံသယများ ထားကြသည် မှာလည်း သဘာဝ ကျသည်။ သို့သော် အားလုံး ဝိုင်းဝန်း ကြရန်လိုပါသည်။ သမ္မတကြီး၏ ရည်မှန်းချက်သည်ပင် မိမိတို့ နိုင်ငံသား အားလုံး စိတ်ကူးယဉ် အိပ်မက် မက်ခဲ့သော ပန်းတိုင်ပင် ဖြစ်နေပေသည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများ အနေဖြင့်လည်း အစိုးရသစ် Dynamic ဖြစ်စေရန် ကူညီ ပံ့ပိုးကြရန် လိုသည်။ ပြည်တွင်း အင်အားစုများ အနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ လက်တွဲပူးပေါင်း ကြရန်လိုသည်။
သို့မဟုတ်ပါက မမှန်ကန်သော အတွင်း သဘောများမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက် လာပေလိမ့်မည်။ နိုင်ငံတကာ အနေဖြင့်လည်း ၎င်းတို့ နှစ်ရှည်လများ ဖိအားပေး တောင်းဆိုခဲ့သော တောင်းဆိုမှုများ လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက် ပေးမည်ဟူ၍ ကတိပြု ပြောကြားထားသော အစိုးရသစ်ကို ကူညီရမည့် အချိန်ကောင်း ရောက်နေပြီ ဖြစ်သည်။ သို့မဟုတ်ပါက ယင်းတို့၏ စေတနာ တရားများသည် လူတစ်စု အတွက်လား၊ တစ်နိုင်ငံလုံး အတွက်လား ထင်ထင်ရှားရှား မြင်သာစေမည် ဖြစ်သည်။ ရွေးကောက်ပွဲကို ကျောခိုင်းထားသော ပြည်တွင်း အင်အားစုများ အနေဖြင့်လည်း ဖွင့်ထားသော တံခါးအတိုင်း အလိုက်သင့် လျှောက်လှမ်းကာ တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်း ကြရန်သာ ဖြစ်သည်။ မင်းသားကြီး မလုပ်ရ၍ ပတ်မကြီး ထိုးခွဲမည့် စိတ်ထားများ ဖယ်ခွာချ ကြရန်သာ ရှိသည်။ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သည့် နိုင်ငံတော် တည်ဆောက်ရေး ရထားကြီးမှာ ရှင်းလင်းပြတ်သားသော ရထားသံလမ်း (ဦးတည်ချက် လမ်းကြောင်း)၊ တိကျ ခိုင်မာသော မောင်းနှင်အား (လုပ်ငန်းစဉ်) များနှင့် အရှိန်အဟုန်ဖြင့် မောင်းခုတ်တော့မည် ဖြစ်ရာ လိုက်လိုသူတက်၊ မလိုက်လိုသူ နေခဲ့၍ ဘူတာမှ ထွက်ခွာတော့မည် ဖြစ်သည်။
မှူးဇော်