xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် အရေးတကြီး လိုနေပါတယ်

Tuesday, May 24, 2011

ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် အရေးတကြီး လိုနေပါတယ်

မောင်ဝံသ
(၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )
'အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး တာဝန်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်' လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရာထူး လက်ခံပြီး ဒုတိယနေ့ (မတ် ၃၁) မှာ ထပ်မံ ပြောကြား လိုက်တယ်ဗျ။
ပထမ အရေးကြီးဆုံးကို ပြောပြီး ဒုတိယ လုပ်ငန်းစဉ်ကို ပြောရာမှာ 'အစိုးရ အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာရေးပဲ ဖြစ်ပါတယ်' ပြောကြား သွားတယ်ဗျာ။
ဆက်လက်ပြီးတော့ 'နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရား ဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်' လို့ ပြောသွားတယ်ဗျ။
အဓိက အရေးကြီး အချက် သုံးချက် အဖြစ် -
၁။ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာဖို့၊
၂။ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာဖို့၊
၃။ တရားဥပဒေ စိုးမိုးရေးကို အလေးထား လုပ်ဆောင်ဖို့ အစိုးရ အဖွဲ့သစ်က ဦးစားပေး ဆောင်ရွက်မယ်လို့ နားလည် ရတယ်ဗျာ။
သည်အချက်တွေဟာ မဖြစ်မနေ အကောင်အထည်ဖော် သွားရမယ့် တိုင်းပြည် ကောင်းရာ ကောင်းကြောင်း ဦးတည်ချက်များ ဖြစ်လို့ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။
ဘယ်လိုတွေ လုပ်မလဲ ဘယ်လောက် ခက်ခဲမလဲ
နိုင်ငံရေး သမားများနဲ့ ကျွန်တော်တို့လို သတင်း မီဒီယာသမား များကလည်း သည်အချက်တွေနဲ့ ပတ်သက်လို့ ထင်မြင်ချက် မေးလာ မြန်းလာကြရင် 'ခုလို ပြောသွား ဆိုသွားတာတွေ ကတော့ ကြိုဆိုရမှာတွေ ချည်းပါပဲ။ လက်တွေ့ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကို စောင့်ကြည့်ကြရ ပါဦးမယ်' လို့ပဲ မယုတ်မလွန် ဖြေလေ့ရှိပါတယ်။
မှန်ပါတယ်။ ဘာတွေ လုပ်မလဲ ဆိုတာကိုတော့ ကြားရပြီ။ ဘယ်လိုတွေ လုပ်မလဲ ဆိုတာက ပို စိတ်ဝင်စားစရာ ကောင်းနေတယ် မဟုတ်လားဗျာ။

ကျွန်တော်တို့ တိုင်းပြည်ဟာ ဖော်ပြပါ အချက် သုံးချက်နဲ့ ပတ်သက်လို့ ဘယ်လို ပကတိ အနေအထား တွေမှာ ရှိနေသလဲ ဆိုတာကို အရင် သုံးသပ်ပြီးရင် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် အကောင်အထည် ဖော်မည့်သူများ ဘယ်လောက် ခက်ခဲမလဲ ဆိုတာကို မှန်းဆနိုင်မယ်ဗျ။
ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် အကြောင်းကို ကျွန်တော်တို့ သတင်း မီဒီယာတွေမှာ စိတ်ဝင်တစား ပြောဆို ရေးသား လာကြတာတောင် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ရှိဦးမယ်ဗျ။ ကျွန်တော် မှတ်မိသေးတယ်။ Good Governance နဲ့ Clean Government အကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂျာနယ် အချို့က ကျွန်တော့်ကို အင်တာဗျူး လုပ်လာတဲ့ အခါ ချက်ချင်း မပြောနိုင်သေးဘဲ ကျွန်တော်ကိုယ်တိုင် ရေရေရာရာ သိအောင် လေ့လာ ဖတ်ရှုဖို့ အချိန်ယူ ခဲ့ရတယ်ဗျ။
စောမည်းအကြောင်း နမူနာ
နိုင်ငံခြား အဆိုအမိန့် တွေနဲ့ ရှင်းလင်းချက်တွေ အပြင် ပြည်တွင်း သာဓက အချို့ကိုပါ ရှာဖွေတဲ့ အခါမှာ စောမည်း အကြောင်း နမူနာ တစ်ခုတွေ့လို့ သီးခြား ဆောင်းပါးတစ်စောင် ရေးလိုက် သေးတယ်ဗျာ။ အဲသည် အချိန်က အတော်ကလေး လူပြော သူပြောများတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ခဲ့တယ်ဗျ။ အွန်လိုင်း ဘလော့ဂ် တချို့ကပါ ကူးယူ ဖော်ပြ ခဲ့ကြတယ်ဗျာ။ (ပေါ်ပြူလာ နယူးစ်၊ ၆ မေ ၂၀၀၉ မှာ စတင် ဖော်ပြခဲ့ပြီး ကျွန်တော့်ရဲ့ နိုင်ငံရေး ဆောင်းပါး ပေါင်းချုပ်၊ ရှာမှ ရှားတဲ့ နိုင်ငံရေးသမား၊ စာ ၆၁-၆၃ မှာ ပြန်လည် ဖော်ပြခဲ့ပါတယ်။)
အင်းဝခေတ် မင်းကြီး စွာစော်ကဲ (၁၃၆၇- ၁၄၀၀) လက်ထက်က အဖြစ်အပျက် တစ်ခုကို ကျွန်တော် ရေးခဲ့တာပါ။ ရခိုင်ဘုရင် မင်းဘီလူး ကွယ်လွန်တော့ မင်းကြီးစွာက ဦးရီးတော် စောမွန်ကြီးကို မင်းလျာအဖြစ် လွှတ်လိုက်တယ်။ စောမွန်ကြီး အအုပ်အချုပ် ကောင်းလို့ ရခိုင်ဟာ ဝပြောချမ်းသာ ခဲ့တယ်။ စောမွန်ကြီး ကွယ်လွန်တော့ မင်းကြီးစွာက ကျွန်တော်ရင်း စောမည်းကို ထည့်လိုက်တယ်။ 'ထန်းစေ့ ထန်းပင်ကဲ့သို့ မကျင့်နှင့်၊ ညောင်စေ့ ညောင်ပင်ကဲ့သို့ ကျင့်' လို့ မင်းကြီးစွာက မှာတယ်။ ပညာရှိ အမတ်ကြီး ဝန်ဇင်း ဖိုးရာဇာက 'ကြောင်နှင့် ညောင်ကို ထုံးပြု၍ ကျင့်'လို့ မှာတယ်။
ညောင်ပင်တွေခုတ် ကြောင်တွေသတ်
အစေ့ ကြီးသော်လည်း အပင်ငယ်၍ လူမမှီခိုရသော ထန်း၊ အစေ့ငယ်သော်လည်း အပင်ကြီး၍ လူမှီခိုရသော ညောင်။ ဝှက်ထားသော လက်သည်းကို အရေးရှိမှ ထုတ်တတ်သော ကြောင် စတဲ့ ဖွင့်ဆိုချက်တွေကိုတော့ မပြောလိုက်ဘူး ထင်ပါရဲ့။ စောမည်းက ပညာမရှိ မလိမ္မာ အရည်အချင်းလည်း မရှိ၊ ဘုရင်က ခန့်လိုက်လို့သာ မိုးကျရွှေကိုယ် အုပ်ချုပ်သူ ဖြစ်လာတာ ဆိုတော့ ဆုံးမလိုက်တဲ့ စကားတွေကို နားမလည်ဘဲ ညောင်ပင်တွေကို ခုတ်ဖြတ်ပြီး ဆင်တွေကို ကျွေးခိုင်းတယ်။ ကြောင်တွေကို ဖမ်းပြီး သတ်ခိုင်းတယ်။ သည်အကြောင်းကို ဆရာကြီး ဦးဖိုးကျား ခေတ်မီ ရာဇဝင် အကျဉ်း၊ စာ ၁၂၇မှာ 'အအုပ်အချုပ် ညံ့ဖျင်း ပြည်ရွာ ဆူပူ သောင်းကျန်း ကြလေသည်နှင့် စောမည်း ပြန်၍ ပြေးခဲ့ရ၏' လို့ ရေးခဲ့တယ်ဗျာ။
ကောင်းခြင်းနဲ့ ညံ့ခြင်း နမူနာ
သည်နေရာမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဆိုတာကို စောမွန်ကြီးက သာဓက ပြခဲ့ပြီး ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု ဆိုတာကို စောမည်းက နမူနာ ပြခဲ့တာပဲဗျ။ အုပ်ချုပ်မှု ကောင်းရင် တိုင်းပြည် သာယာ ဝပြောမယ်။ အုပ်ချုပ်မှု မကောင်းရင် တိုင်းပြည် ဆင်းရဲပြီး မငြိမ်သက် ဖြစ်မှာပေါ့ဗျာ။ စောမည်းလို လူတွေနဲ့ ဆက်လုပ် နေရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်မှာ အသေအချာပဲဗျ။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာဖို့ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးရဲ့ လုပ်ငန်းစဉ်များဟာ
- ပွင်းလင့်မှု ရှိရမယ်၊
- တာဝန်ခံမှု ရှိရမယ်၊
- ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီမှု ရှိရမယ်၊
- ပြည်သူလူထု ဆန္ဒ သဘောထားကို အလေးထားရမယ်၊
- အားလုံး ပါဝင်နိုင်မှု ရှိရမယ်၊
- အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိဖို့ လိုအပ်တယ်
လို့ မှာကြားသွားတယ်ဗျ။
သည်အချက်များနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကတော့ 'စောင့်ကြည့်ရဦးမယ်' လို့ မပြောလိုပါဘူး။ ပွင့်လင်းမှု၊ တာဝန်ခံမှု၊ ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားမှု၊ အားလုံးပါဝင်နိုင်မှု စသည်များ မြန်နိုင်သမျှ မြန်စွာ ရုပ်လုံး ပေါ်လာ နိုင်စေကြောင်း အလေးအနက် တွန်းအားပေးလိုက် ချင်ပါတယ်ဗျ။ တိုင်းပြည် အခြေအနေဟာ သည်အချက်များကို အရေးတကြီးကို လိုအပ်နေပါပြီဗျာ။

Credit : ပိတောက်မြေ