xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားမယ်ဆိုလို့

Friday, May 20, 2011

စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားမယ်ဆိုလို့

မောင်းဆက်
(၂၀၁၁ ခုနှစ် ဧပြီလ (၂၀) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ အစိုးရသစ်ရဲ့ မူဝါဒအပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။)
အစိုးရသစ် တစ်ရပ်တော့ ပေါ်ပေါက် လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၃၀ မတ် ၂၀၁၁ နေ့မှာ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာတယ်။ တစ်ဆက်တည်းပဲ ပြည်ထောင်စု အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း အပါအဝင် အမိန့်နဲ့ ကြေညာချက်တွေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် အနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။
နောက်တော့ ၃၁ မတ် ၂၀၁၁ နေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များကို သမ္မတ အိမ်တော်မှာ မိန့်ခွန်း ပြောကြားပါတယ်။
အစိုးရသစ်ရဲ့ သဘောထား၊ မူဝါဒသစ်
အဲဒီမိန့်ခွန်းဟာ အစိုးရသစ်ရဲ့ ပေါ်လစီနဲ့ သဘောထား လမ်းစဉ်ကို ပွဲဦးထွက် ပြောကြားလိုက်တဲ့ သဘောရှိပါတယ်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအတွက် သမ္မတရဲ့ လမ်းညွှန်ချက် ပထမ စာမျက်နှာ ဖြစ်ပါလိမ့်မယ်။ သမ္မတက ခုပြောတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့မှာ ပါဝင်သူတွေ အားလုံး သိရှိထားသင့်တဲ့ သဘောထားများ၊ လိုက်နာသင့်တဲ့ မူဝါဒများကို ရှင်းလင်းပြောကြားတဲ့ အနေနဲ့ ပြောတာပါလို့ နိဒါန်းပျိုးခဲ့ပါတယ်။
တစ်ဆက်တည်းပဲ အဲဒီမိန့်ခွန်းပါ ဆွေးနွေး ရှင်းလင်းချက်များဟာ နိုင်ငံတော်ရဲ့ အနာဂတ် လုပ်ငန်းစဉ်များ အတွက် အရေးကြီးတယ် လို့လည်း သတိပေးလိုက်ပါတယ်။ နိုင်ငံတော် သမ္မတသစ်ရဲ့ လမ်းညွှန်ချက်များကို သမ္မတ ကိုယ်တိုင်ရော၊ အစိုးရ အဖွဲ့ဝင်များရော ဘယ်လောက် ဘယ်လို လိုက်နာ အကောင်အထည် ဖော်ကြသလဲ ဆိုတာကို ပြည်သူလူထုက စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
သမ္မတက ဘာပြောချင်တာလဲ
ကောင်းတဲ့အုပ်ချုပ်မှု စနစ်နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဝိုင်းဝန်း ကြိုးစားကြရမယ် ဆိုတာက ပထမအချက် ဖြစ်ပါတယ်။ အဲဒီလို ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်တို့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ တို့အတွက် တာဝန်ယူမှု၊ ပွင့်လင်းမှု၊ ဥပဒေနဲ့အညီ ဖြစ်ဖို့ နဲ့အတူ ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားမှု၊ အားလုံး ပါဝင်နိုင်မှုတို့ ရှိရမယ်လို့ ဆိုပါတယ်။ အားလုံး ပါဝင်နိုင်မှု ဆိုတာ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး အင်အားစုများ အပါအဝင် ပြည်သူအားလုံးတို့ ပါဝင်ဖို့ လိုပါတယ်။

ဒီလို နိုင်ငံရေး အင်အားစုတွေရော၊ ပြည်သူလူထုရဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုရော လိုအပ်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒီလို ပါဝင် လာကြဖို့ဆိုတာ အားလုံး ပါဝင်နိုင်တဲ့ အနေအထားတစ်ခု ဖန်တီးပေးရ ပါလိမ့်မယ်။ ရွေးကောက်ပွဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ရွေးကောက်ပွဲမှာ အနိုင်ရသည် ဖြစ်စေ၊ အနိုင်မရသည် ဖြစ်စေ တိုင်းပြည် ထူထောင်ရေးမှာ နေရာမျိုးစုံ ဘက်ပေါင်းစုံက ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုမှာပါ။ ပြီးတော့ အစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကလည်း ထိပ်ဆုံးတန်းက လိုအပ်ပါတယ်။ ဒါဟာ အခုလို လမ်းညွှန်ချက် ပေးပြီးတဲ့နောက်မှာ အစိုးရရဲ့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ ပေါ်မှာ အများကြီး တည်နေမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင် ရေးစတဲ့ ယန္တရား အဆင့်ဆင့်က လက်တွေ့မှာ တကယ် အောင်မြင်အောင် တည်ဆောက်လိုတဲ့ စေတနာနဲ့ အားထုတ်မှုကို မြင်ရတဲ့ အခါကျမှ ပြည်သူ့ ယုံကြည်မှုကို ရရှိမှာ မဟုတ်ပါလား။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
ဒုတိယ အချက်အနေနဲ့ ပြောသွားတာကတော့ ဒီမိုကရေစီရေး ဖြစ်ပါတယ်။ အခု အစိုးရနဲ့ ဒီမိုကရေစီ ဆိုတာက ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီရေး အရေးတော်ပုံကြီးက စလို့ အဆက်အစပ် ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့တွင်းမှာရော၊ ဌာန ဆိုင်ရာများ အတွင်းမှာရော၊ ပြည်သူလူထု အတွင်းမှာပါ ဒီမိုကရေစီ ထွန်းကားဖို့ လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောသွား ပါတယ်။ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းတွေမှာ ဖြစ်ဖြစ်၊ ဥပဒေများ လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ရာမှာ ဖြစ်ဖြစ် နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးများကို ဟန့်တား ပိတ်ပင်သလို မဖြစ်ဖို့ လိုအပ်ကြောင်းလည်း ပြောသွားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
ပည်သူ့သဘောထား
အဲဒီမှာ သိပ်အရေးကြီးတဲ့ အချက်ကတော့ ပြည်သူများရဲ့ သဘောထားတွေ၊ တုံ့ပြန်မှုတွေကို အလေးထားဖို့ လိုအပ် ကြောင်း ပြောသွားတာပဲ ဖြစ်ပါတယ်။
ပြည်သူ့ သဘောထားတွေ တုံ့ပြန်မှုတွေကို အလေးထားဖို့ အတွက် ပြည်သူနဲ့အလွန် နီးကပ်စွာ နေဖို့လိုပါတယ်။ ပြည်သူတွေ ခံစားသလို ခံစားပြီး ပြည်သူတွေ နာကျင်သလို နာကျင်တတ်မှ ပြည်သူ့သဘောထားကို နာလည်မှာ ဖြစ်ပါတယ်။ ပြည်သူ့ သဘောထား အစီရင်ခံစာတွေ၊ ပြည်သူ့အသံတွေ ပေါ်ထွက်လာတဲ့အခါများမှာ မကြားဝံ့ မကြားချင် ဖြစ်နေလို့ မဖြစ်တော့ ပါဘူး။
တရားဥပဒေစိုးမိုးရေး
နောက် တစ်ချက် ထပ်ပြီးတော့ ပြောသွားတာကတော့ တရားဥပဒေ စိုးမိုးရေးကိစ္စ ဖြစ်ပါတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိနိုင်ဘူးလို့ အချို့သော အာဏာရ ခေါင်းဆောင်များက ပြောဖူးတာ ရှိပါတယ်။ အဲဒါကို ပြည်သူလူထုက အပြောကတော့ ဘီအီးဒီ အောင်သိုက်ပဲလို့ နာမည်ကျော် အပြောကောင်း ဇာတ်မင်းသားနဲ့ ယှဉ်တွဲ ပြောဆိုခဲ့တာကို ကြားဖူး ပါတယ်။ လက်တွေ့မှာ အဲဒီ ပေါ်လစီအတိုင်း အကောင်အထည် ဖော်ဖို့ဟာ အလွန်ပဲ အရေးကြီးတာ ဖြစ်ပါတယ်။ နိုင်ငံမှာ တရားမျှတမှု ရှိဖို့အတွက် အစိုးရအဖွဲ့ဝင်တွေက အသက်နဲ့ လဲပြီး စောင့်ရှောက်လိုစိတ် ရှိရမှာပါ။ တကယ်ကတော့ တရား ဥပဒေ စိုးမိုးရေး၊ ဥပဒေအတိုင်း တရားစီရင်ရေးတို့ ဆိုတာတွေဟာ နိုင်ငံတစ်နိုင်ငံမှာ ထိပ်တန်းအရေးကြီးတဲ့ ကိစ္စတွေ မဟုတ်ပါလား။ ခုတော့ ဦးသိန်းစိန်က တရားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတာ ကို ပြောသွားတာ ကြားလိုက်ရပါတယ်။ ကျောသားရင်သား မခွဲခြားဖို့နဲ့ အာဏာရှိသူများ ကိုယ်တိုင်က တရားဥပဒေကို စံနမူနာပြ စောင့်ထိန်းဖို့ ဆိုတာကို ပြောလိုက်တော့ အဲဒီလို ပြောတဲ့အတိုင်း လုပ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍ
စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုတဲ့ အကြောင်းကိုလည်း ပြောသွားပါသေးတယ်။ စာနယ်ဇင်းများက တစ်ဆင့် ပြည်သူတွေ သိသင့်တာတွေကို အသိပေး သွားရမယ်လို့ ပြောသွားသလို စာနယ်ဇင်းများက အပြုသဘော အကြံပြုချက် များကိုလည်း အလေးထားဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းက ဆိုပါတယ်။
ဒါဟာ တော်တော်ကို ထင်သာမြင်သာ ရှိတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို သမ္မတက ပြောသွားခဲ့တာ ဖြစ်ပါတယ်။ စာနယ်ဇင်း တွေနဲ့ ပတ်သက်တဲ့ ကဏ္ဍက အလွန် ထင်သာမြင်သာ ရှိပါတယ်။ ဒီနေ့ အစိုးရသစ် တက်လာပြီး ပေါ်လစီသစ် မှာ ဘာတွေ စတင် ပြောင်းလဲ လာလေမလဲ ဆိုတာဟာ စာနယ်ဇင်းတွေက တစ်ဆင့် သိသိသာသာ မြင်ရမှာ ဖြစ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာကို ဘယ်လို သဘောထားပြီး ဘယ်လို ဆောင်ရွက်တယ် ဆိုတာက ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်စပ် ပတ်သက်နေတာ ဖြစ်ပါတယ်။ အပေါ်ယံ သဘောပြောရုံမျှ သို့မဟုတ် စကားအဖြစ် ပြောရုံနဲ့ ဖြစ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါ။ အကောင်အထည်ဖော်ရာမှာ ချက်ချင်းသိသာတဲ့ အတွက် သမ္မတရဲ့ ခေါင်းဆောင်မှုနဲ့ ပေါ်လစီရေးရာကို အစိုးရအဖွဲ့က ဘယ်လို လိုက်နာ အကောင်အထည် ဖော်လဲ ဆိုတာတွေကို ပြည်သူလူထု ချက်ချင်း အကဲခတ်နိုင် အကဲဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။
ပြည်သူ့အဆုံးအဖြတ်က အဓိက
ဆက်လက်ပြီး အုပ်ချုပ်ရေးကို တာဝန်ယူ ဆောင်ရွက်ရတဲ့ အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းနဲ့ အုပ်ချုပ်မှု ရေးရာများဟာ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေအပေါ် အဓိက လွှမ်းမိုး နေတဲ့ ကိစ္စများ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေက စနစ်တစ်ခု ကောင်း၊ မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့နေ့စဉ် လူနေမှု ဘဝအပေါ်မှာ ဘယ်လိုအကျိုး သက်ရောက်တယ် ဆိုတာနဲ့ပဲ တိုင်းတာမှာ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အမှန်ပါပဲ။
မိန့်ခွန်းရဲ့ မျှော်လင့်ချက်
ဘယ်လိုပဲ ဖြစ်ဖြစ် ခုလို တိုင်းပြည်မှာ အရေးပါဆုံး တာဝန်အရှိဆုံးသူ တစ်ယောက်က ပျော့ပျောင်းတဲ့ သဘောထားကို ဖော်ပြပြီး ပြည်သူကို သတင်းပေးတာဟာ နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ကြားလိုက်ရတာပါ။ ဒီအထဲမှာ ပြောမသွားသေးတဲ့ ကဏ္ဍတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဒါတွေဟာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တိုးတက် ပြောင်းလဲ လာနိုင်တယ်လို့လည်း တွေးမိပါတယ်။ တကယ်ပြောင်းလဲ တိုးတက် လာနိုင်သလား ဆိုတာကိုတော့ မကြာ မတင်မှာပဲ သိလာနိုင်ကြမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ သဘောထား ပျော့ပျောင်းတာကို ဖော်ပြရုံမျှ မက ရှေ့လုပ်ငန်းစဉ်ကိုပါ ပျော့ပျောင်းစွာ ချီတက်ရမယ် ဆိုတဲ့ ခံစားချက် ရအောင် ဖော်ပြခဲ့တာ ဖြစ်တဲ့အတွက် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များနဲ့ ညှိနှိုင်းတာ စကားပြောတာ အမျိုးသား ရင်ကြားစေ့ရေး ပြဿနာ စတဲ့ နိုင်ငံရေး တည်ငြိမ်မှု အေးချမ်းမှုတို့ကို တစ်ဆင့်စီ ဆက်လက် တိုးမြှင့်လုပ်ဆောင် သွားလေမလား ဆိုတဲ့ မျှော်လင့်ချက်တွေ နိုးထ လာစေပါတယ်။
အဲဒီလို ဆိုရင်ဖြင့် အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့၊ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်မှု တို့ကို တဖြည်းဖြည်းချင်း ရလာမှာပဲလို့ ထင်မိကြောင်းပါ။

Credit : ပိတောက်မြေ