xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လူ့အလို နတ်မလိုက်နိုင်

Tuesday, May 10, 2011

လူ့အလို နတ်မလိုက်နိုင်

လူ့အလိုနတ်မလိုက်နိုင်ဟူသောစကားသည် မြန်မာမှုနယ်ပယ်တွင် အသုံးများသော အသုံးတစ်ခုဖြစ်ပါသည် ။ တစ်စုံတစ်ဦး၏ ဆန္ဒကို လိုက်လျောသူက လိုက်လျော၍ မဆုံးနိုင် မည်သို့ပင်လိုက်လျောစေကာမူ အလိုမကျနိုင်ဖြစ်သော အခါမျိုးတွင် သုံးသောအသုံးဖြစ်ပါသည် ။ ယနေ့ခေတ်မြန်မာအတိုက်အခံများသည် ထိုစကားမှန်ကန်ကြောင်း သက်သေပြရန်လူဖြစ်လာကြသူများဖြစ်လေသည် ။

- တပ်မတော်အစိုးရအုပ်ချုပ်စဉ်က ၊ နိုင်ငံဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိရတယ် ၊ စစ်အုပ်ချုပ်ရေးဆိုတာ  ဒီမိုကရေစီမဆန်ဘူး ဒါနဲ့တစ်သက်လုံးအုပ်ချုပ်နေလို့ရတာမဟုတ်ဘူး ဟုဆိုကြလေသည် ။

- ဒီတော့တပ်မတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ဆောင်ရွက်လေသောအခါ ဖွဲ့စည်းပုံဆိုတာ လူတစ်စုက ဆွဲရတာမျိုးမဟုတ်ဘူး အများပါဝင်ဆွဲရတာ ဟုပြောဆို ဆရာလုပ်ကြပြန်လေသည် ။

- အစိုးရက ဖွဲ့စည်းပုံရေးဆွဲတော့ အများပါဝင်နိုင်ရန် အမျိုးသားညီလာခံကိုခေါ်ယူကျင်းပခဲ့သည်  ၊ ထိုအတိုက်အခံများကိုလဲ ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည် ။ ဒီတော့ အများဆန္ဒမဟုတ်တော့ပြန်ဘူး သူတို့လုပ်ချင်တာကို အများကကန့်ကွက်နေလို့ဆိုပြီး မပါတော့ဘူးဆိုပြီးထွက်သွားပြန်တယ် ။ ထွက်သွားယုံမက ဒီညီလာခံကို ကန့်ကွက်ကြတယ် ၊ နိုင်ငံတကာက ကန့်ကွက်လာအောင်လည်း ကြိုးပမ်းခဲ့ကြတယ်။

- ဒီတော့အစိုးရလုပ်တဲ့သူက သူမပါလည်းကျန်တဲ့ အဖွဲ့စည်းတွေ ပညာရှင်တွေ လူထုလူတန်းစား အသီးသီးက ကိုယ်စားလှယ် တွေနဲ့ ဆက်ဆွဲရတာပေါ့ ၊ သူများဆွဲလို့လဲပြီးရော တစ်ပြည်လုံးက ထောက်ခံတယ် သူတို့က မထောက်ခံဘူးလို့ဆိုကြပြန်တယ် ။

- ပြီးတော့ ရွေးကောက်ပွဲမလုပ်တော့ မလုပ်လို့ ဆိုပြီး ထအော်နေကြတယ် ၊ လုပ်တော့ မထောက်ခံဘူး လို့ဆိုကြပြန်တယ် ၊ အစိုးရက ခင်ဗျားတို့လဲပါကြ ပါလို့ရတယ် မှတ်ပုံတင်ပြီး ၀င်လိုက်ရုံပါဘဲလို့ ပြောတော့ ၊ မှတ်ပုံမတင်ဘူး မ၀င်ဘူး ၊ သူများတွေလဲမ၀င်ရဘူး ၊ ပြည်သူတွေလဲမဲမထည့်ရဘူး ၊ ဘာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေအရ မဲမထည့်ဘဲနေခြင်းဟာလဲ ဥပဒေနဲ့ညီတယ် နေလို့ရတယ်ဆိုပြီးတောင် ဖျက်လိုဖျက်ဆီးလုပ်လိုက်သေးတယ် ။
 
- ရွေးကောက်ပွဲပြီးတော့ သူတို့လဲမနိုင်ရော မတရားဘူး ၊ မမျှတဘူး လို့ဆိုပြန်တယ် ဒီကြားထဲကြိုတင်မဲနဲ့ အနိုင်ယူတယ်ဆိုတာက ပါသေး ၊ ရန်ကုန်မှာ ထောင်ထားတဲ့နိုင်ငံရေးပါတီတွေက ပါတီဥက္ကဌ တွေ တစ်ယောက်မှ မနိုင်ဘူး ၊ ပါတီမှာ သြဇာအကြီးဆုံး ဆိုတဲ့သူမှမနိုင်တာ ကျန်တဲ့သူတွေရှုံးတာဘာဆန်းလဲ ဘာသူများအပြစ်လိုက်ပုံချနေစရာလိုလဲ ၊

- ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာကို နောက်ကွယ်ကချုပ်ကိုင်ထားမှာမို့ အစိုးရသစ်ဟာ ရုပ်သေးအစိုးရသာဖြစ်မယ် ။ နိုင်ငံဥသျှောင်ဆိုတာဖွဲ့မယ် ဒီမှာ သူက ဆက်ပြီးချုပ်ကိုင်ထားမယ် ။ အနှောင်အဖွဲ့ကင်းတဲ့အစိုးရမျိုးကိုပဲ မြင်ချင်တယ်လို့ဆိုကြတယ် ၊ ခုဘာမှလဲမဖွဲ့ ဘာမှလဲချုပ်ကိုင်ထားတာလဲမတွေ့ရော သူ့လက်ထက်က လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် အရေးယူရမယ်၊ ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ရေးလုပ်ကြပြန်တယ် ။ မဆင်းခင်က မဆင်းလို့ ဆင်းသွားပြန်တော့ စာရွက်တစ်ရွက်နဲ့လွှဲပြီး ဖုတ်ဖက်ခါထွက်သွားတယ် လို့ပြောကြပြန်တယ်။

- ဦးသန်းရွှေဘက် လှည့်စရာမရှိတော့ အစိုးရသစ်ဘက်လှည့်လာတယ်  အစိုးရသစ်ဟာ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ရမယ် ၊ အစိုးရကိုလက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေနဲ့ဆွေးနွေးရမယ် ၊ ဒီကြားထဲမရှက်မကြောက် သူနဲ့ပါတွေ့ရမယ် ဒါမှ အစိုးရ ကိုဒီမိုကရေစီလမ်းဘက် စလျှောက်ပြီလို့ ယူဆမယ် ဆိုတာကပါသေး ။

- ကိုယ်ကိုတိုင်ကတော့ တိုင်းပြည်အတွက်ပိုက်ဆံမရှာဘူး ၊ လူထုအတွက်ပိုက်ဆံမရှာဘူး ၊ အစိုးရရှာတော့ စီးပွားရေးပိတ်ဆို့ဘို့ ပထွေးတွေဆီသွားတောင်းဆိုတယ် ၊ အစိုးရက ပိတ်ထားဆို့ထားတဲ့ကြားက ရအောင်ရှာလို့ ငွေလေးလဲဝင်လာရော ဟိုနေရာမှာသုံးလိုက်ပါလား ၊ ဒီနေရာမှာသုံးလိုက်ပါလား ဟိုဟာသုံးတာများတယ် ဒီဟာသုံးတာနည်းတယ် ဆိုတာမျိုးတွေ အရှက်မရှိ လုပ်ပြန်တယ် ။

တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးမှာ ၀ိုင်းမကူဘူး ဆူဆူပူပူ ဖြစ်အောင်နေ့စဉ်နဲ့ အမျှကြိုးစားနေတယ် ၊ ဒီကြားထဲ ရှေ့နေကွန်ယက်ဆိုလား ဘာလားဖွဲ့ပြီး တစ်တိုင်းပြည်လုံးမှာ ဖြစ်သမျှ အမှုအခင်းတွေမှာ တရားခံဘက်ကရှေ့နေလိုက်တယ် ၊ တရားခံတွေက အကုန်မှန်တယ် တရားလိုဆိုတာအမြဲမှားတယ်ဆိုတဲ့ မူများလက်ကိုင်ထားသလားတော့မသိဘူး တရားလိုဘက်က လိုက်တဲ့အမှုတခုမှမရှိ တရားခံဘက်ကပဲလိုက်တယ် ၊ ဒါမှမဟုတ်ရင် ဥပဒေရေးရာနားမလည်တဲ့ ပြည်သူတွေကို သူတို့ဦးဆောင်ပြီး အာဏာပိုင်တွေကိုတရားစွဲဘို့လုပ်တယ် ။ မှန်တဲ့ဘက်ကမဟုတ်ဘူး အစိုးရ ဒါမှမဟုတ် ဒေသအာ ဏာပိုင်တွေ နဲ့ဆန့်ကျင်တဲ့ဘက်က ရှေ့နေလိုက်တယ် ။

ဒါတွေကိုကြည့်လိုက်ရင် ဘာတွေ့ရသလဲဆိုတော့ အတိုက်အခံတွေဟာ နိုင်ငံ တည်ဆောက်ရေး ကောင်းရာကောင်းကြောင်း အလုပ်တွေမှာ ပါလည်းမပါဘူး ပါပြီးလုပ်ရလောက်အောင်လဲ အရည်အချင်းမရှိဘူး ဘေးထိုင်ပြီးဘုပြောမယ် ၊ ပထွေးနိုင်ငံတွေအလိုကျ သံယောင် လိုက်မယ် ၊ အစိုးရဆန့်ကျင်တဲ့ ကြေငြာချက်ထုတ်မယ် ၊ ကိုယ်ကိုယ်တိုင်ကတော့ တိုင်းပြည်မပြောနဲ့ ရုံးခန်းတစ်ခန်းတောင် လူနဲ့သူနဲ့တူအောင် မလုပ်နိုင်ဘူး ၊ လုပ်နိုင်တဲ့ဘာအရည်အချင်းမှလဲမရှိဘူးဆိုတာ ကြာလာလေ ပေါ်လာလေဖြစ်နေတယ် ။ ဘာကသက်သေပြနေလဲ ဆိုရင် ဒေါ်စုကြည် လှုပ်ရှားမှုတွေမှာ ပြည်သူဆိုလို့ ကြက်ပွဲလောက်ပဲ ရှိတော့တာကသက်သေပြနေတယ် ။

အစိုးရသစ်ကတော့ရှင်းတယ် ၊ဒီလူ့အလိုနတ်မလိုက်နိုင်တွေ အကြောင်း နောကြေနေအောင် သိပြီးသားဆိုတော့ သူလုပ်စရာရှိတာတွေကို တစိုက်မတ်မတ် လုပ်နေတယ် သူတို့ကိုရှိတယ်လို့တောင်သဘောမထားဘူး သေချာကြည့်ရင် အရင်နဲ့မတူတဲ့အပြောင်းအလဲ တွေ တဖြည်းဖြည်း တွေ့နေရပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ် ၊   နောက်ဆုံးမှာမှန်တဲ့ဘက်က အနိုင်ရမယ် ၊ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာနေပြီ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် ။

ဝရဇိန်