xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျွန်မက်ကိန်း ဘယ်လိုလူလဲ ၊ ဘာလာလုပ်မှာလဲ

Tuesday, May 31, 2011

ဂျွန်မက်ကိန်း ဘယ်လိုလူလဲ ၊ ဘာလာလုပ်မှာလဲ

ဂျွန်မက်ကိန်း
အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကန် ပါတီရဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ လာမယ့် ဇွန်လ ၁ ရက်ကနေ ၃ ရက် အတွင်း မြန်မာပြည်ကိုလာရောက်မှာဖြစ်ပါတယ် ။ ဂျွန်မက်ကိန်းဟာ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ် ။ ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပထမတစ်ကြိမ် ရောက်ဖူးသလို ဒီတကြိမ်ဟာ သူ့ရဲ့ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။သူဟာ ဗီယက်နမ်စစ်ပြန်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ် ။

ယခုအခါသူဟာ ထိုင်းနိုင်ငံကိုရောက်ရှိနေပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝပ်ချာချီဝ နဲ့ ယမန်နေ့ကတွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ် ။ ဒီကနေ့မှာတော့ မက်ကိန်းဟာ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ဒီနေရာတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကလေးကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာ သတင်းတစ်ပတ်ကျော် နေထိုင်ကာ မြန်မာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ အပါအ၀င် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါတွေ့ဆုံခဲ့တဲ့နေရာဖြစ်ပါတယ် ။


သူဟာ မြန်မာပြည်မှာနေထိုင်စဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူများ ၊ လွှတ်တော်မှတာဝန်ရှိသူများ နဲ့တွေ့ဆုံပါမည့်အပြင် ၊ ဒေါ်စုကြည်နဲ့ ဇွန်လ ၂ ရက်နေ့မှာ သီးခြားတွေ့ဆုံမှာဖြစ်ပါတယ် ။  ဒေါ်စုကြည်နဲ့တွေ့ဆုံပြီးပါက တစ်ဆက်တည်းဆိုသလို  NLD ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ၊ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အခြားပါတီတွေနဲ့ ကတော့နောက်ဆုံးမှတွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ် ။

ဂျွန်မက်ကိန်းဟာ ထိုင်းနိုင်ငံမှာရှိနေစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီးတစ်ကြိမ် ၊ မယ်တော်ဆေးခန်းမှာ တစ်ကြိမ် ၊ မယ်လဒုက္ခသည်စခန်းမှတစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့ပါတယ် ဒီ ၃ နေရာမှာပြောကြားခဲ့တာတွေကိုအနှစ်ချုပ်လိုက်ရင် -

- ရှေ့လထဲမှာ နယ်ခရီးတွေထွက်မယ့် ဒေါ်စုကြည် အနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသင့်တယ်လို့ သူက ပြောသွားပါတယ်။ဒါ့အပြင် အစိုးရသစ်အနေနဲ့ အပြောင်းအလဲကိုလိုလားတယ် ဆိုတာပြချင်ရင် ဒေါ်စုကြည်ကို လွတ်လပ်စွာသွားလာခွင့်ပြုတာနဲ့ ပြရ မယ်လို့လဲ ပြောဆိုသွားပါသေးတယ် ။

- မယ်တော်ဆေးခန်း ရောက်ချိန်မှာတော့ လူထုကျန်းမာရေး စောင့်ရှောက်မှုတွေကိုဘန်းပြပြီး အထောက်အပံ့တွေ မျိုးစုံနဲ့ လုပ်စားနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ချီးကျူး ပြောဆိုသွားပြီးဒီဆေးခန်းကို အမေရိကန်အစိုးရအနေနဲ့ရော အခြားအဖွဲ့အစည်းတွေ နဲ့ရော ငွေကြေးအကူအညီတွေ ထပ်ပြီး ရသင့်တယ်လို့ပြောဆိုသွားပါတယ် ။

- မယ်လဒုက္ခသည်စခန်းမှာလဲ အလားတူထောက်ပံ့ဘို့လိုကြောင်းပြောဆိုခဲ့ပြီး တိုင်းရင်းသားအရေးကို သူက စိုးရိမ်ပူပန်တယ်လို့ဆိုပါတယ် ။

- သူဟာ မြန်မာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ အနေအထားကို ကိုယ်တိုင် တွေ့မြင်ခဲ့ရလို့  ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲက အခြေအနေဆိုးတွေကြောင့် ထိုင်းအစိုးရ အနေနဲ့ နေရပ်ရင်းကို ပြန်ပို့ဖို့ မသင့်သေးဘူးလို့လည်း ပြောဆိုပါတယ်။

- အစိုးရတာဝန်ရှိသူတွေနဲ့တွေ့တဲ့အခါ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်လွှတ်ပေးရေး တောင်းဆို သွားမယ် လို့ဆိုပါတယ် ။

- မြန်မာနဲ့ မြောက်ကိုရီးယား  နှစ်နိုင်ငံဆက်ဆံရေး ကိုမေးခွန်းထုတ်သွားမယ်လို့ဆိုပါတယ် ။

- လက်ရှိအစိုးရ ၊ ဒေါ်စုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သုံးပွင့်ဆိုင် တွေ့ဆုံရေး တွန်းအားပေး တောင်းဆို သွားမယ်လို့လည်း ဆိုပြန်ပါတယ် ။

ဒီပြောဆိုချက်တွေ သွားလာလှုပ်ရှားမှုတွေ တောင်းဆိုမှုတွေကိုကြည့်လိုက်ရင် -

( ၁ ) ပြည်တွင်းက ဒေါ်စုကြည် ဇွန်လမှာ နယ်ထွက်မဲ့ခရီးနဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတွေ ဆက်စပ်နေတယ် ဆိုတာ ဖေါ်ပြနေပါတယ် ။

( ၂ ) အမေရိကန်အစိုးရတာဝန်ရှိသူတွေ ၊ ကုလတာဝန်ရှိသူတွေ နဲ့ ပြည်တွင်းပြည်ပက အတိုက်အခံတွေ ရဲ့ တောင်းဆိုမှုတွေ တစ်လေသံတည်းဖြစ်နေတာကို ထောက်ရှုခြင်းအားဖြင့် ဒီအဖွဲ့တွေဟာ သုံးပွင့်ဆိုင် အဆက်အစပ်ရှိကြသူများဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ် ။

( ၃ ) မယ်လဒုက္ခသည်စခန်းနဲ့ ၊ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို ထိုင်းမှာရှိတဲ့အမေရိကန်သံအမတ် ၊ ကုလ လူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနားလိုလူတွေ ၊ ခု မက်ကိန်း လိုအမေရိကန် ထိပ်တန်းကိုယ်စားလှယ်တွေ မကြာခဏသွားနေတာ ၊ ထိုင်းအစိုးရက ဒုက္ခသည်တွေကို မြန်မာပြည်ပြန် ပို့မယ်လုပ်တိုင်း ဆက်ထားဘို့ ထိုင်းအစိုးရကိုဖိအားပေးနေတာကိုကြည့်ရင် ဒီဒေသတွေ ၊  နေရာတွေဟာ အမေရိကန် ရဲ့ မြန်မာနိုင်ငံကို လူ့အခွင့်ရေး ဘန်းပြပြီး နိုင်ငံရေးအရ   တိုက်ကွက်လုပ်ဘို့ ငွေကုန်ခံပြီး ဖန်တီးထားတဲ့နေရာတွေဆိုတာ ပေါ်လွင်နေတယ်။ (ဒီနေရာတွေကို အရင်သမ္မတဟောင်းဂျော့ဒဗလျူဘုရှ် ရဲ့ ဇနီး လော်ရယ်ဘုရှ် လဲလာဘူးပါတယ် )

(၄) လက်ရှိအခြေအနေမှာ NLD ပါတီရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ ဦးတင်ဦးပါ ၊ အလုပ်လုပ်နေ သူတွေထဲမှာ ရာထူးအကြီးဆုံးက သူပါ ၊ ဒါပေမယ့် ကုလသမဂ္ဂ ကဘဲလာလာ ၊ အမေရိကန်ကဘဲလာလာ အထွေထွေ အတွင်းရေးမှူး ဒေါ်စုကြည်နဲ့ပဲ သီးခြားနှစ်ဦးထည်း တွေ့လေ့ရှိတာကို ကြည့်ရင် ဒီလူတွေနဲ့ ဒေါ်စုကြည်ဟာ တစ်ဖွဲ့တည်းဆိုတာ ဖေါ်ပြနေပါတယ် ။

ကောင်းပြီ....ဒီလိုဆိုရင် ခုတစ်လောမြန်မာပြည်ကို အလာစိတ်နေကြတဲ့ ကုလက တာဝန်ရှိသူတွေ ၊ အမေရိကန်သံတမန်တွေ ရဲ့ခရီးစဉ်တွေဟာ မြန်မာပြည်တိုးတက်ဘို့ ၊ အစိုးရသစ်နဲ့ ဆက်ဆံရေးတိုးတက်အောင်လုပ်ဘို့ ၊ မြန်မာပြည်သူတွေ အေးအေးချမ်းချမ်းရှိဘို့ ဆိုတာ ယုံကြည်ဘို့ ခက်နေသလို မေးခွန်းထုတ်စရာတွေ ၊ သံသယဖြစ်စရာတွေ လဲ အများကြီး ရှိနေကြောင်းပါ.....။