xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကြေညာချက် နောက်ကွယ်က ဇာတ်လမ်းတစ်ပုဒ်

Wednesday, May 25, 2011

ကြေညာချက် နောက်ကွယ်က ဇာတ်လမ်းတစ်ပုဒ်

အောင်ထက်
မေလ ၂၅ ရက်နေ့က အင်တာနက်ပေါ်မှာ ဒီချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ထုတ်တဲ့ ကြေညာချက် ၉/ ၅/ ၁၁ ကို တွေ့လိုက်ရတယ်။ တကယ်တော့ ဒီကြေညာချက် ဘယ်တော့ လူထုကြားထဲ ရောက်မလဲ ဆိုတာ စောင့်နေခဲ့တာပါ။ ကြေညာချက် အကြောင်းနဲ့ နောက်ကွယ်က အဖြစ်တွေကို သိပေမယ့် လက်ဆုပ် လက်ကိုင် ကြေညာချက်ကို ပြစရာ မရှိတာကြောင့် စောင့်နေခဲ့တာပါ။ နောက်ပြီး ဒီကြေညာချက်ဟာ မထုတ်ချင် ထုတ်ချင်နဲ့ ထုတ်ရတာ ဖြစ်တော့ အရင်ကလို တစ်စောင် နှစ်ရာနဲ့ ရောင်းတာလည်း မရှိဘူးလေ။ အခုတော့ ဒီကြေညာချက် အင်တာနက်ပေါ် ရောက်လာပြီ ဆိုတော့ ကြေညာချက် ဖြစ်လာရတဲ့ နောက်ကြောင်းလေး ရှင်းပြချင်တယ်။
ဖေဖော်ဝါရီလ ၂၆၊ ၂၇ ရက်နေ့တွေမှာ ဒေါ်စု ဦးစီးပြီး စီအီးစီ အစည်းအဝေး ထိုင်တယ်။ ရည်ရွယ်ချက် ကတော့ မေ ၁ အလုပ်သမားနေ့ အခမ်းအနား အတွက် ကြေညာချက် ထုတ်ဖို့ပဲ။ အဲဒီ အစည်းအဝေးမှာ ဦးဝင်းတင်က အခုလုပ်နေတဲ့ ကွန်ယက် လှုပ်ရှားမှုတွေဟာ လူငယ်တွေကိုပဲ အခြေပြုပြီး လုပ်နေတာ ဖြစ်တယ်။ လူငယ် ဆိုတာတောင်မှ ပညာတတ် လူငယ်တွေ ဖြစ်နေတယ်။ ပညာတတ် လူငယ်တွေဟာ တက်ကြွတာ မှန်ပေမယ့် ပြတ်သားမှု မရှိဘူး၊ တွေဝေတယ်။ ဒါ့ကြောင့် အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ နောက်တွန့် နေတယ်။ တကယ်ရဲရဲ ရင်ဆိုင်မှာက အလုပ်သမား၊ အခြေခံ လူတန်းစား၊ ပညာမဲ့များ ဖြစ်တယ်။ ဒါ့ကြောင့် အလုပ်သမား လူငယ်တွေကို စည်းရုံး ရမယ် ဆိုပြီး တော်လှန်ရေးတွေဟာ အလုပ်သမား လူတန်းစားက ဦးဆောင်လို့သာ အောင်မြင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ လက်ဝဲသမိုင်း သင်ခန်းစာကို ရှင်းပြပါတယ်။ နောက်ဆုံးမှာတော့ ကြေညာချက် ထုတ်တဲ့အခါ ခါတိုင်း ရေးနေကြ စာသားတွေ အပြင် ဒီချုပ်အနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ပြီး အလုပ်သမား အခွင့်အရေးကို ကာကွယ် သွားမယ် ဆိုတဲ့ အချက်ကို ထည့်ပြီး ဖော်ပြဖို့ တောင်းဆို သွားတယ်။
ဦးဝင်းတင်ရဲ့ တင်ပြချက် အတော် များများကို သဘောတူလေ့ ရှိတဲ့ ဒေါ်စုက ဒီအချက်ကိုတော့ သဘောမတူဘူး။ ဒေါ်စုက အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးကို လုပ်ရင် အစိုးရနဲ့ ထိပ်တိုက် တွေ့လိမ့်မယ်။ အဲဒါဆိုရင် လတ်တလော ဒီချုပ် လှုပ်ရှားမှုတွေကို အလိုက်သင့် လွှတ်ထားရာကနေ ဥပဒေအရ ဖျက်သိမ်းတာတွေ ဖြစ်လာလိမ့်မယ်။ နောက်ပြီး သူ့အနေနဲ့ အလုပ်သမား သမဂ္ဂတွေကို နိုင်ငံရေး ပါတီတွေက အုပ်စီးလိုက်လို့ အလုပ်သမား အချင်းချင်း ကွဲပြဲတာလည်း မကြိုက်ဘူး ဆိုပြီး ဖဆပလခေတ်က ကိစ္စတွေကို ထောက်ပြတယ်။ ဒါ့ကြောင့် ဒီစာသားကို မထည့်သင့်ဘူးလို့ ပယ်ချလိုက်တယ်။

ဆွေးနွေးလို့ ပြီးတော့ အစည်းအဝေးက ကြေညာချက်မှာ ပါရမယ့် အချက်တွေကို အတည်ပြုပြီး စာချောရေးဖို့ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်းနဲ့ ဦးသန်းထွန်းတို့ကို တာဝန် ပေးတယ်။ အဲဒီသုံးယောက်က ရေးပြီး ထုတ်လိုက်တဲ့ အခါကျတော့ ဒေါ်စု မထည့်ဘူးလို့ ပြောထားတဲ့
နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ( Trades Union Congress ) ဖွဲ့စည်း တည်ထောင်ပြီး အမြဲတမ်း အလုပ်သမား အကျိုး ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း
ဆိုတဲ့ စာသားကို နောက်ဆုံးမှာ ကောက်ထည့် ပစ်လိုက်တယ်။
ဒေါ်စုက ကြေညာချက် ထွက်ပြီး မီဒီယာတွေမှာ သမဂ္ဂ ကိစ္စဖွလိုက်မှ သိပြီး ကြေညာချက် မူရင်းကို မေ ၁ ညမှာ ဦးဝင်းထိန်ဆီက တောင်းဖတ်ရတယ်။ ဒီတော့မှ ဒေါသထွက်ပြီး မေ ၂ နေ့လည် တစ်နာရီမှာ စီအီးစီ အစည်းအဝေး လုပ်မယ် ဆိုပြီး ချက်ခြင်း ဖုန်းဆက် ပြောတယ်။
စီအီးစီ အစည်းအဝေး လုပ်တော့ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးစိုးဝင်း၊ ဦးညွန့်ဝေတို့ ကိုးယောက် တက်တယ်။ အစည်းအဝေး စတာနဲ့ ဒေါ်စုက ဖိုင်တွဲကို စားပွဲပေါ် ပစ်ချပြီး
စီးအီးစီ ဆုံးဖြတ်ချက်မှာ ကျွန်မ ကိုယ်တိုင် ပယ်ချထားတဲ့ စာပိုဒ်ကို ဘာဖြစ်လို့ထည့်တာလဲ၊ ကျွန်မက ဒါအရေးကြီးတယ်၊ မထည့်ပါနဲ့လို့ အသေအချာ ပြောခဲ့တယ်။ စာချောကိုလည်း ကျွန်မကို မပြဘူးဆိုပြီး ဒေါသနဲ့ပြောပါတယ်။ ပြီးတော့ ဦးတင်ဦးဘက် လှည့်ပြီး အန်ကယ်ရော ဒီစာချောကို မစစ်ဘူးလား၊ ကျွန်မပြောတုံးက အန်ကယ်လည်း ရှိတာပဲလို့ ပြောပါ တယ်။ ( တကယ်တော့ ဦးတင်ဦးက ဒုဥက္ကဌ ဖြစ်တဲ့အတွက် အထွေထွေ အတွင်းရေးမှူး ဒေါ်စုထက် ရာထူးကြီးပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒေါ်စုက အခရာပါပဲ။ )
ဒုဥက္ကဌ ဦးတင်ဦးကလည်း ထုံးစံအတိုင်း ရွံ့တွန့်တွန့်လေးနဲ့
မစု၊ အန်ကယ့်ကိုတော့ ကိုသန်းထွန်းလာပြပါတယ်၊ ဒီအပိုဒ်ကို အရေးမကြီးဘူး ထင်လို့ ခွင့်ပြု လိုက်တာပါ၊ အန်ကယ်မှား သွားတယ်လို့ တောင်းပန် ရှာပါတယ်။
အဲဒီနောက်တော့ ဒေါ်စုက ပွဲကြမ်းပြီး နာရီ ၀က်လောက် ဆူပူတော့ တာပါပဲ။ သူဆိုလိုချင် တာကတော့ နိုင်ငံတကာ ကရော၊ ပြည်သူများကပါ ဒီချုပ်ဆိုရင် သူ့ကိုပဲမြင်ကြောင်း၊ သူနဲ့ပဲ ဆက်သွယ်ကြောင်း၊ သူမရှိချိန်မှာ ဒီချုပ်ကို ဘယ်သူမှ လူရာ မသွင်းကြောင်း၊ ဦးအောင်ရွှေ ကိုယ်တိုင်က မစုမရှိရင် လှုပ်ရှား နိုင်စွမ်းမရှိလို့ သူတို့အနေနဲ့ မသေအောင်သာ ထိန်းထားခဲ့ ရတာပါလို့ ၀န်ခံပြီး ဖြစ်ကြောင်း၊ အခုလို နိုင်ငံရေးအရ အရေးကြီးတဲ့ အချိန်မှာ အရာရာတိုင်းကို သူ ( ဒေါ်စု) အဆုံးအဖြတ် အတိုင်းလုပ်ဖို့ လိုကြောင်း၊ နိုင်ငံတကာက ဘာတွေ စဉ်းစားနေတယ်၊ ဘာတွေကူညီမယ် ဆိုတာကို သူပဲ သိကြောင်း၊ သူ (ဒေါ်စု)ရဲ့ မူနဲ့ လုပ်နည်းတွေကို စီအီးစီက လက်မခံဘူး ဆိုရင် မိမိ ဒီချုပ်က ထွက်ပြီး သီးခြား Stateman အနေနဲ့ ရပ်တည် သွားမှာ ဖြစ်ကြောင်း၊ အဲဒီအချိန်ကျရင် နိုင်ငံတကာနဲ့ ပြည်သူက ဒီချုပ်ကို ထောက်ခံ၊ မထောက်ခံ အန်ကယ်တို့ တွေ့ရမှာ ဖြစ်ကြောင်း၊ ဦးခင်မောင်ဆွေ (NDF) တို့ ကျွန်မ ထောက်ခံမှု မရတဲ့အခါ ဘာဖြစ် သွားတယ် ဆိုတာ လက်တွေ့ ဖြစ်ကြောင်း၊ ဦးခင်မောင်ဆွေတို့က ခမောက် တံဆိပ်သုံးတာနဲ့ လူတွေက ထောက်ခံမယ်လို့ ထင်နေကြောင်း၊ ပြည်သူတွေက ခမောက်ကို မိမိ ( ဒေါ်စု) လို့ မြင်နေတာ သဘော မပေါက်ကြောင်း စတဲ့အချက်တွေပါပဲ။ အဲဒီနေ့ကတော့ အပေါ်မှာ ပွဲဆူနေလို့ အောက်က ကလေးတွေ နားရွက်တောင် မခတ်ရဲပါဘူး။
နောက်ဆုံးတော့ ဒေါ်စုက သူသဘောမတူတဲ့ ကြေညာချက်ကို ရုပ်သိမ်းကြောင်း ကြေညာပြီး အသစ် ပြန်ထုတ်မယ်လို့ ပြောတယ်။ အဲဒီတော့မှ ဦးဝင်းတင် ဦးဆောင်ပြီး ဒီတစ်ခါ အမှားကို ခွင့်လွှတ်ဖို့၊ ကြေညာချက် အသစ် ပြန်ထုတ်တယ် ဆိုရင် ပြည်သူ အမြင်လည်း မကောင်းပါဘူး၊ ဒါ့ကြောင့် နောက်ဆုံး အပိုဒ်ကိုပဲ စာသားပြင်တဲ့ ကြေညာချက် ထုတ်ရအောင်ပါ ဆိုပြီး ဖျောင်းဖျတော့မှ အခု ကျွန်တော် ပြောတဲ့ ကြေညာချက် ထွက်လာပြီး မူလစာသား
နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ချုပ် ( Trades Union Congress ) ဖွဲ့စည်းတည်ထောင်ပြီး အမြဲတမ်း အလုပ်သမား အကျိုး ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း
အစား
နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ( Trades Union Congress ) ဖွဲ့စည်း တည်ထောင် ပြီးသောအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အမြဲတမ်း အလုပ်သမား အကျိုး ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း
လို့ ပြင်ဆင် လိုက်တာ ဖြစ်ပါတယ်။ ဆိုလို တာကတော့ အလုပ်သမားတွေက သူတို့ဘာသာ အစည်းအရုံး ထောင်ကြ၊ အဲဒါတွေ ပေါ်လာတဲ့ အခါကျရင်တော့ ဒီချုပ်က ကူညီ ဆောင်ရွက်မယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် ဒီပြင်ဆင်ချက်ကို သံရုံးတွေကိုပဲဖြန့်ပြီး လူထုကြားကို မဖြန့်ပဲထားခဲ့ပါတယ်။ အခုမှ ထွက်လာလို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ဒီချုပ်ထဲက ၀င်း- ၀င်း ခေါင်းမာဂိုဏ်းက အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ရေး လမ်းပေါ် မရောက် ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့နေတဲ့ အခြေအနေနဲ့ ဒီချုပ်ထဲက ဒေါ်စု အနေအထားကို ခန့်မှန်း နိုင်အောင်ပါဗျာ။ မယုံရင် ပုံပြင်လို့သာ မှတ်ကြပါ။
အောင်ထက်
ပိတောက်မြေမှကူးယူဖေါ်ပြသည်