xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တစ်ဆင့်တက်သွားတဲ့ တရုတ်မြန်မာဆက်ဆံရေး

Monday, May 30, 2011

တစ်ဆင့်တက်သွားတဲ့ တရုတ်မြန်မာဆက်ဆံရေး

 
သမ္မတ ဦးသိန်းစိန်ဟာ ရာထူး လက်ခံပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးခြားတာ ကတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို အရင်က ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ သတ်မှတ် ပြောဆိုရာကနေ အခု အကြိမ်မှာတော့ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး ( Strategic Patnership) အဖြစ် သတ်မှတ် ပြောဆိုလာခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ပူးတွဲ ကြေညာချက်ကို အပြည့်အစုံ ကူးယူ ဖော်ပြလိုက်ပါတယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့ အကြား ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ထူထောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မနိုင်ငံ သမ္မတ မစ္စတာ ဟူကျင်ထောင်း၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပါသည်။
ခရီးစဉ် အတွင်း သမ္မတ ဟူကျင်ထောင်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာချင့်လင်တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်ဖက်မှ နှစ်နိုင်ငံ ဆက်ဆံရေး အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များ စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာဖြင့် အသေးစိတ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြ ပါသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု စတင် တည်ထောင်ခဲ့သည့် ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ တရုတ် - မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာသည် ကို နှစ်ဖက်စလုံးမှ သဘောတူသည်။ အထူးသဖြင့် ရာစုနှစ်သစ် အစပိုင်းမှ စတင်ကာ နှစ်နိုင်ငံ အကြီးအကဲတို့မှ နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်လာပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ အစရှိသည့် နယ်ပယ်များ၌ ရင်းရင်းနှီးနှီး ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကျယ်ပြန့်စွာ တိုးတက်လျက် ရှိသည့်အပြင် နှစ်နိုင်ငံ ပြည်သူများ အကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှာလည်း အင်တိုက်အားတိုက် တိုးပွားလျက် ရှိပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ဖြစ်ထွန်းမှုနှင့် ပတ်သက်၍လည်း နှစ်ဖက်စလုံးမှ အားရကျေနပ်ကြပါသည်။
နှစ်ဖက်မှ စတင်ပူးတွဲ အကောင်အထည် ဖော်ခဲ့ကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ချက်အပေါ် အခြေခံသည့် တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြည်ပြည်ဆိုင်ရာ အခြေအနေ ပြောင်းလဲမှုများနှင့် သက်ဆိုင်ရာ ပြည်တွင်း အခြေအနေများ အပေါ် ကြံ့ကြံ့ခံ ရပ်တည် ပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလားအလာ ကောင်းများ ရရှိစေရေး အတွက် ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်ကို နှစ်ဖက်မှ အလေးပေး ပြောဆိုခဲ့ပါသည်။
ယနေ့ ကမ္ဘာပေါ်တွင် ကြီးမားသော ဖြစ်ပေါ် တိုးတက်မှုများ၊ ကြီးမားသော အပြောင်းအလဲ များနှင့် ထိန်းညှိမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ အင်အား အပြိုင်အဆိုင် ပေါ်ထွန်းလာမှုနှင့် စီးပွားရေးတွင် ကမ္ဘာအဝှမ်း ဆက်နွှယ်ဖြစ်ပေါ်မှု ဖြစ်စဉ်တို့ အရှိန်အဟုန် ရရှိနေပြီ ဖြစ်ကြောင်းကို နှစ်ဖက်စလုံးက သဘော တူညီကြသည်။ နိုင်ငံများမှာ ပို၍ အပြန်အလှန် အမှီသဟဲ ပြုလာကြပါသည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့သည် ယနေ့ ခေတ်ကာလ၏ ဖြစ်စဉ်ကို ကိုယ်စားပြုသည် သာမက ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများ၏ ဘုံအကျိုး စီးပွားကိုလည်း ဖော်ဆောင်ပေးလျက် ရှိနေပါသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင် အသစ်တွင် မြန်မာ-တရုတ် ဆက်ဆံရေးအား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်မှု အပေါ် အခြေခံ၍ ပိုမို မြှင့်တင် ဆောင်ရွက် ကြခြင်းဖြင့် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည့်အပြင် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အခြေခံ အကျိုး စီးပွားကို ဖော်ဆောင် ပေးနိုင်မည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ တူညီသော နိုင်ငံရေး ဆန္ဒ သဘောထားများ အပေါ် အခြေခံ၍ တရုတ်-မြန်မာ ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ အဖြစ် ထူထောင် သွားကြရန် နှစ်ဦးနှစ်ဖက် သဘော တူညီကြလျက် အောက်ပါအတိုင်း သဘောတူညီမှု ရရှိခဲ့ကြပါသည်-
(က)
နှစ်ဖက်စလုံးက နှစ်နိုင်ငံ လွှတ်တော်များ၊ အစိုးရများ၊ တရားရေး ဌာနများနှင့် နိုင်ငံရေး ပါတီများ အကြား အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ မဟာ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ဆက်လက် မြှင့်တင်ရန်နှင့် ခင်မင် ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်သွားရန်၊
(ခ)
နှစ်ဖက် နိုင်ငံခြားရေး ဝန်ကြီးဌာန အချင်းချင်း အချိန်အခါ မရွေး ဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက် သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ အမြင်ချင်း ဖလှယ်သွားကြရန် အလို့ငှာ နှစ်နိုင်ငံချင်း ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ကဏ္ဍဖြင့် ဖြစ်စေ ပုံမှန် အစည်းအဝေးများ ကျင်းပသွားရန်၊
(ဂ)
နှစ်ဖက်စလုံးက တန်းတူညီမျှရေး၊ နှစ်ဖက်အကျိုး ဖြစ်ထွန်းရေး အခြေခံ မူများကို လိုက်နာ ကျင့်သုံးရန်၊ တစ်ဦး၏ အားသာချက်ကို တစ်ဦးက အသုံးချ၍ လက်တွေ့ ရလဒ် ဖြစ်ထွန်းရေးကို ဦးစားပေးရန်၊ နှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်သွယ်မှု ပမာဏနှင့် အဆင့်ကို ပိုမိုမြှင့်တင် ဆောင်ရွက် သွားရန်၊ ခိုင်မာ တည်ငြိမ်ပြီး ရေရှည် တည်တံ့သော စီးပွား ဆက်ဆံရေးကို တည်ဆောက်သွားရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်သွားရေး အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်ရေး လက်တွဲကြိုးပမ်း ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒများ နှင့်အညီ နှစ်နိုင်ငံ အကြား ပိုမိုနီးစပ်သော စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများ ပိုမိုတိုးမြှင့် ဖြစ်ထွန်းရေး အတွက် ဆောင်ရွက်သွားရန်၊
(ဃ)
နှစ်ဖက်အကျိုး ဖြစ်ထွန်းရေးကို အခြေခံ၍ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်း နယ်ပယ်များတွင် ခင်မင်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရန်၊ ပြည်သူ အချင်းချင်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အပြန်အလှန် လည်ပတ်ရေးကို တိုးမြှင့် သွားရန်နှင့် နှစ်ဖက်ပြည်သူများ အကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေးကို မြှင့်တင် သွားရန်၊
(င)
နယ်စပ် စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ရန်၊ နယ်စပ် စီမံခန့်ခွဲရေး ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် အကြောင်းကြားရန်နှင့် နယ်စပ် ဒေသများတွင် အေးချမ်း တည်ငြိမ်မှု ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်၊
(စ)
တရုတ်ဘက်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာနှင့် နယ်မြေ တည်တံ့ ခိုင်မာရေးကို လေးစား ကြောင်းနှင့် မြန်မာနိုင်ငံက ၄င်း၏ အမျိုးသားရေး လိုအပ်ချက်များနှင့် လိုက်လျော ညီထွေမှု ရှိသည့် ဖွံ့ဖြိုးမှု လမ်းကြောင်း ရွေးချယ်မှုအား ထောက်ခံကြောင်းကို ထပ်လောင်း အတည်ပြုပါသည်။ မြန်မာဘက်က တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် တရုတ် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နယ်မြေ၏ ခွဲခြား၍ မရသော အစိတ်အပိုင်း ဖြစ်ကြောင်းနှင့် ရေလက်ကြား နှစ်ဖက် ဆက်ဆံရေး ငြိမ်းချမ်းစွာ တိုးတက်ရေးနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ပါသည်။
(ဆ)
ကုလသမဂ္ဂနှင့် အခြား အပြည်ပြည် ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်း ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးကို လက်တွဲ၍ ကာကွယ် စောင့်ရှောက်သွားရန်၊ အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အာဆီယံ+ တရုတ်နှင့် မဟာမဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး စသည့် ယန္တရားများကို ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာအောင် ဆောင်ရွက် သွားရန်နှင့် ဒေသတွင်း အတူတကွ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေး အတွက် နှစ်ဖက်စလုံးက ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

ပေကျင်းမြို့၊ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်