မတ်လ
၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှ State of the Union လို့ဆိုရမယ့်
မူဝါဒများကို ရှင်းပြပြီးတဲ့ နောက်မှာ သမ္မသစ် အနေနဲ့ မိန့်ခွန်းပါ
မူဝါဒတွေကို ဘယ်လို အကောင် အထည် ဖော်မလဲဆိုတာ အားလုံးက စိတ်ဝင်တစား
စောင့်ကြည့် နေခဲ့ကြပါတယ်။ တစ်ချို့ကတော့ မြန်မာ့နိုင်ငံရေး တိုးတက်
ပြောင်းလဲမှုကို အမေရိကန် နိုင်ငံရေး လောကရဲ့ စကားလုံး ရက်ပေါင်း တစ်ရာနဲ့
တိုင်းတာဖို့ ကြိုးစားတာလည်း တွေ့ရပါတယ်။ ( ရက်ပေါင်း တစ်ရာ အယူအဆနဲ့
ပတ်သက်ပြီး သီးခြား ရေးပါ့မယ်။ )
ဘာပဲဖြစ်ဖြစ်
သမ္မတက သူ့မိန့်ခွန်းမှာ ပြည်တွင်းရေးရာ မူဝါဒအဖြစ် အပြောင်းအလဲ လုပ်မယ့်
ဆယ်ချက်ကို ပြောသွားပါတယ်။ ဒီတော့ အစိုးရသစ် အနေနဲ့ ဘယ်လောက်
စလုပ်နေပြီလဲဆိုတာ မှတ်ကျောက်တင်ဖို့ဆိုရင် မိန့်ခွန်းပါ ကဏ္ဍများကို အကောင်
အထည်ဖော်မှုနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်္ကြန်
ရုံးပိတ်ရက်လွန် ကာလများကနေ မေလ တတိယ ပတ်အထိ တစ်လတာ ကာလအတွင်း ဘာတွေ
ဖြစ်လာသလဲ ကြည့်ရအောင်
ဆင်းရဲနွမ်းပါးမှု လျော့ကျရေး
သမ္မတက
သူ့မိန့်ခွန်းမှာ ဈေးကွက် စီးပွားရေးစနစ် ထူထောင်ရာမှာ ဆင်းရဲချမ်းသာ
ကွာဟမှု လျော့ကျရေး၊ မြို့ပြနဲ့ ကျေးလက် လူနေမှုအဆင့် ကွာဟချက်
လျှော့ချရေးတို့ကို စဉ်းစားပြီး သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ်
ထူထောင်မယ်လို့ ဆိုခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးမှုဆိုတဲ့
စကားဟာ နအဖ လက်ထက်မှာ ၀န်ကြီး အဆင့်ကတောင် အသိအမှတ်ပြု သုံးစွဲတာ
မရှိပါဘူး။ အခု အချိန်မှာတော့ နိုင်ငံခေါင်းဆောင်က ဒီပြဿနာကို
အသိအမှတ်ပြုရုံမက ဖြေရှင်းဖို့ ပြောခဲ့တာဟာလည်း သိသာ ထင်ရှားတဲ့ တိုးတက်မှု
ဖြစ်ပါတယ်။
အဲဒီပြောဆိုမှုအပေါ်
ဆက်ပြီး အကောင် အထည်ဖော်တဲ့ အနေနဲ့ အမျိုးသားအဆင့် ကျေးလက်ဖွံ့ဖြိုးရေးနဲ့
ဆင်းရဲ နွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ
သုံးရက်ကြာ ကျင်းပသွားပါတယ်။ ဆွေးနွေးပွဲ ပထမနေ့မှာ သမ္မတက မိန့်ခွန်း
ပြောတဲ့အခါမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်ပြီး ကျေးလက်
ဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ဦးစားပေးမယ့် သဘော ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ ကိုယ်တိုင် ပထမနေ့ အစီအစဉ် အားလုံးကို ပြီးတဲ့အထိ နားထောင်
သွားခဲ့ပါတယ်။ အဲဒီနေ့ အစီအစဉ်မှာ ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်တို့လို
နိုင်ငံတကာ အသိအမှတ်ပြု ပညာရှင်တွေ ဦးဆောင် ဆွေးနွေး သွားခဲ့ပါတယ်။
(ဦးမြင့်ရဲ့ ဆွေးနွေးချက် စာတမ်းကို ရထားပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ဖြစ်လို့
ဘာသာပြန်ဆို ဖော်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။)
ပညာရေး
ပညာရေးနဲ့
ပတ်သက်ပြီး သမ္မတက ရှိပြီး တက္ကသိုလ်၊ ကောလိပ်များ၊ အထက်တန်း၊ အလယ်တန်း၊
မူလတန်း ကျောင်းများရဲ့ အရည်အသွေးကို မြှင့်တင်သလို ဆရာ၊ ဆရာမများရဲ့ လူမှု
စီးပွားဘ၀ကိုလည်း မြှင့်တင်သွားမယ်၊ ပညာသင်ဆု၊ ပညာတော်သင်ဆုတွေ ပြန်ပေးမယ်၊
နိုင်ငံတကာ အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများနဲ့ ပူးပေါင်း ဆောင်ရွက်
သွားမယ်၊ ပညာရေး အဆင့် အတန်း မြင့်အောင် လုပ်မယ်လို့ ကတိပေးသွားပါတယ်။
ပြီးခဲ့တဲ့
မေ ၂၄ မှာ ပညာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ လုပ်ပြီး
ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဒုတိယ
သမ္မတက ပြောင်းလဲ လာနေတဲ့ အခြေအနေများနဲ့ အညီ ပညာရေးစနစ်ကို
ပြုပြင်နိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်တာ ဖြစ်ကြောင်း၊
နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်သလို ပြည်တွင်း မှာ ပုဂ္ဂလိက
ပညာသင်ကျောင်းများ ဥပဒေနဲ့အညီ ဖြစ်ပေါ်လာအောင် လုပ်မယ်လို့ ပြောသွားပါတယ်။
မိန့်ခွန်းထဲက အရေးကြီးတဲ့ အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-
၁။ အခမဲ့ မူလတန်း ပညာ မသင်မနေရစနစ် အကောင်အထည် ဖော်မယ်။
၂။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ်၊ လူမှုရေးနဲ့ ပြည်သူ့နီတိ ဘာသာရပ်တွေ သင်ရမယ်။
၃။ နိုင်ငံတကာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဆိုင်ရာ ဗဟုသုတတွေကိုလည်း သင်ပေးမယ်။
၎။ ကျောင်းတွေမှ စာကြည့်တိုက်၊ အားကစားကွင်းများ ရှိရမယ်။
၅။ ပြည်တွင်း၊ ပြည်ပ ပညာသင်ဆုနဲ့ ဆင်းရဲသူများအတွက် ပညာသင် ထောက်ပံ့ကြေးတွေ ပေးသွားမယ်။
သဘာဝတ်ဝန်းကျင်
သမ္မတက
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မယ့် မူဝါဒကို ချမှတ်မယ်၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဥပဒေများကို ပြင်ဆင်ခြင်း၊
အသစ်ပြဋ္ဌာန်းခြင်းတို့ လုပ်ဆောင် သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့
မေ ၂၃ ရက်နေ့က သစ်တော ၀န်ကြီးနဲ့ အင်န်ဂျီအိုတွေ တွေ့ဆုံ ဆွေးနွေးပွဲ
လုပ်ပါတယ်။ အဲဒီမှာ သစ်တောဝန်ကြီးက အင်န်ဂျီအိုတွေ၊ စာနယ်ဇင်းတွေက
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ တက်တက် ကြွကြွ လုပ်ဆောင် နေတာကို
အသိအမှတ်ပြု သွားခဲ့ပြီး အစိုးရအနေနဲ့ အင်န်ဂျီအိုတွေ၊ စာနယ်ဇင်းတွေ၊
ပြည်သူတွေနဲ့ ပေါင်းလုပ်မယ်။ လိုအပ်တာတွေကို ပွင့်ပွင့် လင်းလင်း
အကြံပေးကြပါလို့ ပြောသွားပါတယ်။ တက်ရောက်တဲ့ အင်န်ဂျီအိုများ ဘက်ကလည်း
အတော်လေး ပွင့်ပွင့်လင်းလင်း ပြောသွားတယ်လို့ သိရပါတယ်။
မီဒီယာကဏ္ဍ
မီဒီယာကဏ္ဍနဲ့
ပတ်သက်ရင်တော့ အခြေခံဥပဒေနဲ့ မညီတဲ့ မီဒီယာ ဥပဒေတွေကို ပြင်မယ်လို့ ကတိ
ပေးထားပါတယ်။ သို့သော် အခုအချိန်အထိ ထွက်လာသမျှ သတင်းတွေမှာတော့
ဂျာနယ်တစ်ချို့ကို ထုတ်တင် စနစ်ပေးမယ်၊ အဲဒီလို ပေးနိုင်ဖို့ လိုအပ်တဲ့
စည်းမျဉ်းတွေ ဆွဲနေတယ် ဆိုတဲ့ သတင်းပဲ ရှိပါသေးတယ်။ ဒီကဏ္ဍမှာ မြန်မြန်
လုပ်နိုင်ရင်တော့ အစိုးရအပေါ် စာနယ်ဇင်းများရဲ့ ယုံကြည်မှု ပိုရမှာ
ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆင်းရဲ နွမ်းပါးမှုကိစ္စ၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတို့မှာလို အလုပ်ရုံ ဆွေးနွေးပွဲကြီးများ
လုပ်လိုက်ရင် ကောင်းလေမလားလို့လည်း မျှော်လင့်မိပါတယ်။
ဒီအခြေအနေတွေကို
ကြည့်လိုက်ရင် အစိုးရသစ် အနေနဲ့ အပြောင်းအလဲများ ဖြစ်ပေါ်ဖို့ ခြေလှမ်းတွေ
စလှမ်းနေပြီ ဆိုတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ နှေးသေးတယ်လို့ ဆိုချင်သူလည်း
ရှိမှာပါ။ သို့သော် မြန်မာနိုင်ငံ အပြောင်းအလဲကို စဉ်းစားတဲ့အခါ
အစိုးရအဖွဲ့သာ အပြောင်းအလဲ လုပ်ရတာ မဟုတ်ဘဲ အင်စတီကျူးရှင်း ဖြစ်တဲ့ အစိုးရ
ယန္တရား တစ်ခုလုံးကို ဖွဲ့စည်းပုံရော၊ Mindset ပါ ပြောင်းရတယ် ဆိုတဲ့
အချက်ကို ထည့်တွက်ဖို့ လိုသလို လမ်းပြမြေပုံကို သဘောမတူတဲ့
အဖွဲ့အစည်းများကလည်း နည်းမျိုးစုံနဲ့ သူတို့လိုချင်တဲ့ လမ်းကြောင်းကို
ဖော်ဆောင်နိုင်ဖို့ လုပ်နေတယ် ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ဘူးလို့
ထင်ပါတယ်။
ပိတောက်မြေ