xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဓားစာခံ ဖြစ်သွားတဲ့ ပညာရေး ၀န်ထမ်းများ

Thursday, May 5, 2011

ဓားစာခံ ဖြစ်သွားတဲ့ ပညာရေး ၀န်ထမ်းများ

ဧပြီ လကုန်ပိုင်းမှာ ရှမ်းပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ် ဆိုတဲ့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ်။ အခုတော့ အဲဒီ တိုက်ခိုက်မှုကို ပြုလုပ်တာဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပျက်သွားပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်နေတဲ့ အက်စ်အက်စ်အေ (၀မ်ဟိုင်း) ဦးပန်ဖတို့ အဖွဲ့က ဖြစ်တယ်ဆိုပြီး ပုဂ္ဂလိက သတင်း ဂျာနယ် ဖြစ်တဲ့ မေလ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းအရ သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာ၊ ဆရာမများနဲ့ ဖြစ်ပွားခဲ့တဲ့ နေရာများဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ ဦးဝင်းသိန်း (အထွေထွေလုပ်သား) သေဆုံး။ ဧပြီ ၁၃၊ ပါဆာရွာ၊ တန့်ယန်းမြို့နယ်။
၂။ ဒေါ်ရွှေဆာ (မူလတန်းကျောင်းအုပ်) ဦးဝင်းသိန်း ဇနီး ဒဏ်ရာရ။
၃။ ဦးတင်မိုးလှိုင် (အလယ်တန်းပြ) ဒဏ်ရာရ။ ဧပြီ ၁၃၊ နောင်မိန်ရွာ၊ တန့်ယန်းမြို့နယ်။
၎။ ဒေါ်သန်းမြ (မူလတန်းကျောင်းအုပ်) သေဆုံး။ ဧပြီ ၁၈။ ဗူးခါးရွာ။ သီပေါမြို့နယ်။
၅။ ဦးကျော်ကျော်၊ ဒေါ်သန်းမြခင်ပွန်း။ သေဆုံး။ ဧပြီ ၁၈။ ဗူးခါးရွာ။ သီပေါမြို့နယ်။
၆။ ဒေါ်လူမေထု၊ (မူလတန်းပြ)၊ သေဆုံး။ ဧပြီ ၁၈။ ဗူးခါးရွာ။ သီပေါမြို့နယ်။
၇။ ဦးကျော်လတ် (ဒေါ်လူမေထု ခင်ပွန်း) သေဆုံး။ ဧပြီ ၁၈။ ဗူးခါးရွာ။ သီပေါမြို့နယ်။
ဂျာနယ်ကတော့ ဒီအစိုးရ ၀န်ထမ်းတွေကို အစိုးရတပ် သတင်းပေးအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဂျာနယ်ထဲမှာ ရေးမထားပေမယ့် စဉ်းစားမိတာ တစ်ခုက ဒီဆရာ၊ ဆရာများ အားလုံး လိုလိုဟာ ဗမာ လူမျိုးများ ဖြစ်ပြီး ကျေးရွာတွေမှာ နေထိုင် နေသူတွေ ဖြစ်တာကြောင့် လူမျိုးရေး အခြေခံရယ်၊ သတင်းပေး အဖြစ် မသင်္ကာတာရယ် ပေါင်းစပ်ပြီး တိုက်ခိုက်တာ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ 

 
ဒါပေမယ့် ပညာရေး ၀န်ထမ်းတွေကို ပစ်မှတ်ထားပြီး ရန်ရှာတာ ကတော့ မဖြစ်သင့်တဲ့ လုပ်ရပ်ပါပဲ။ ဆရာ၊ ဆရာမတွေဟာ ဘယ်လူမျိုး ဖြစ်ဖြစ်၊ ဒေသခံ ရှမ်းတိုင်းရင်းသား ကလေးငယ်များ အပါအ၀င် ကလေး အားလုံးကို ပညာတတ်ဖို့ သင်ပေး နေသူတွေပဲ မဟုတ်ဘူးလားဗျာ၊ ဒီလုပ်ရပ်မျိုး ကိုတော့ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ရှုံ့ချရမှာ အားလုံးရဲ့ တာဝန် ဖြစ်တယ်လို့ ယူဆမိ ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံများကတော့ ဂျာနယ်ထဲက ကောက်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။