xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်အကြား သဘောတူညီချက် လက်မှတ်ထိုး

Saturday, May 14, 2011

မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်အကြား သဘောတူညီချက် လက်မှတ်ထိုး

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာ - တရုတ် ဆက်ဆံရေး ပိုပြီး ကောင်းလာတာနဲ့ အတူ နှစ်နိုင်ငံ တပ်မတော်များ အကြား ဆက်ဆံရေးလည်း တိုးတက် လာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် တရုတ်နိုင်ငံလုပ် လေယာဉ်၊ စစ်သဘောင်္၊ သံချပ်ကာ ကားများနဲ့ သယ်ယူ ပို့ဆောင်ရေး ယာဉ်များကို မြန်မာ့ တပ်မတော်က ၀ယ်ယူ အသုံးပြုခဲ့ပါတယ်။ နှစ်ဘက် တပ်မတော် ခေါင်းဆောင်များလည်း အပြန်အလှန် သွားရောက် လည်ပတ်တဲ့ ခရီးစဉ်များလည်း ရှိလာခဲ့ပါတယ်။ 
 
အခုလည်း တရုတ်ဗဟို စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး Xu Cailhou ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ်နေတဲ့ အကြောင်း မြန်မာအစိုးရ သတင်း မီဒီယာများမှာ ဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် စတင်ထမ်းဆောင် ပြီးနောက် တရုတ်ဘက်က ပထမဆုံး လာရောက်တဲ့ အဆင့်မြင့် အရာရှိ ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗဟို စစ်ကော်မရှင်ဟာ ကာကွယ်ရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သလို နိုင်ငံရေးအရလည်း အရေးပါပါတယ်။ တရုတ် ခေါင်းဆောင်များ ဖြစ်တဲ့ မော်စီတုံး၊ တိန်ရှောက်ဖိန်၊ ကျန်းဇီမင်းတို့ဟာ သမ္မတရာထူးကို စွန့်လွှတ် ပြီးချိန်မှာတောင် ခေါင်းဆောင်သစ်တွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ဗဟို စစ်ကော်မရှင် ဥက္ကဌ ရာထူးကို ကိုင်ထားလေ့ ရှိပါတယ်။ 
 
၁၉၈၉ ခုနှစ် တိန်အင်မင် အရေးအခင်းမှာ ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန်က ဆန္ဒပြု သူတွေနဲ့ အပေးအယူ လုပ်ချင်နေချိန်မှာ တိန်ရှောက်ဖိန်က ဗဟို စစ်ကော်မရှင် အာဏာနဲ့ တပ်တွေ ခေါ်သွင်းပြီး နှိမ်နင်းခဲ့သလို ကျောက်ကျိယန်ကိုလည်း ရာထူးက ဖယ်ရှားခဲ့ပါတယ်။ 
အခု ခရီးစဉ်မှာ ထူးခြားတဲ့ အချက်ကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီး Xu Cailhou တို့ နှစ်ဦးက မေလ ၁၂ ရက်နေ့မှာ တပ်မတော် နှစ်ခုကြား သဘော တူညီချက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အရင်တုံးက ဒီလို သဘော တူညီချက်မျိုး လက်မှတ် ထိုးတယ် ဆိုတာ မကြားခဲ့ဖူးပါဘူး။ 
မြန်မာ - တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အုပ်စုအချို့နဲ့ တင်းမာမှုတွေ ရှိနေချိန်မှာ အခုလို သဘော တူညီချက်ထဲမှာ ဘာတွေ ပါသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ပိတောက်မြေ