xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်ခြင်းမရှိ

Wednesday, May 4, 2011

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်ခြင်းမရှိ

မြန်မာနိုင်ငံဟာ သတင်း လွတ်လပ်ခွင့် အနည်းဆုံး တိုင်းပြည် တစ်ခုထဲမှာ အပါအဝင် ဖြစ်တယ်လို့ သတင်း လွတ်လပ်ခွင့်ကို လေ့လာ စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ချို့က ပြောဆိုလိုက်တယ် ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။
သတင်း လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံများတို့၊ ဘာသာရေး လွတ်လပ်မှု မရှိတဲ့ နိုင်ငံများတို့ စတဲ့ အစီရင်ခံစာ ထုတ်လိုက် ရင်ပဲ ဖြစ်ဖြစ်၊ ကြေငြာချက် ထုတ်ရင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံ ပါဝင် လာတာကတော့ သိပ်မထူးဆန်းတော့ သလိုတောင် ဖြစ်နေပါပြီ။ ဒီလို အစီရင်ခံစာ တွေကိုလည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေကပဲ ထုတ်ပြန်လေ့ ရှိတာ များပါတယ်။
တစ်ချိန်ကတော့ (ရွေးကောက်ပွဲ မတိုင်မှီကာလ) တုန်းကတော့ သတင်း လွတ်လပ်မှုတွေကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ် ကန့်သတ်ခဲ့တယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ အချိန်အခါ (ရွေးကောက်ပွဲ ကျင်းပပြီး) ကာလ နောက်ပိုင်း ကာလမှာတော့ သတင်း လွတ်လပ်ခွင့်တွေ ပေးလာတာ သတင်း ဂျာနယ်တွေကို ဖတ်ကြည့်သူတိုင်း မြင်တွေ့ နိုင်ပါတယ်။

သတင်း လွတ်လပ်ခွင့် ဆိုရာမှာလည်း အတိုင်းအတာ တစ်ခုအထိ အကန့်အသတ် ကတော့ ရှိနေတာပါပဲ။ အစိုးရကို ဆန့်ကျင်တဲ့ သတင်းတွေ များများပါမှ၊ အစိုးရ မကောင်းပြောတဲ့ သတင်းတွေ များများပါမှ၊ အစိုးရ ဆန့်ကျင်ရေး လုပ်တဲ့သူတွေ သတင်း များများပါမှ သတင်း လွတ်လပ်ခွင့် ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဆူပူ အုံကြွမှုတွေ ဖြစ်စေမယ့် သတင်းတွေ၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်စေနိုင်ပြီး အကျိုးမဲ့ စေနိုင်တဲ့ သတင်းမျိုးတွေ လွတ်လွပ်လပ်လပ် ထည့်သွင်း ဖော်ပြခွင့် ပြုတာကို သတင်း လွတ်လပ်ခွင့်လို့ ဆိုရင်တော့ မလိုလားအပ်တဲ့ သတင်း လွတ်လပ်ခွင့်မျိုး လို့ပဲ သတ်မှတ် ရတော့မှာ ဖြစ်ပါတယ်။ အကောင်းအဆိုး အကျိုးအပြစ်ကို ခွဲခြားသင့်ပါတယ်။
အလားတူပဲ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ကြည့်မယ်ဆိုရင် ပြည်ပမှာ နေသူတွေထက် ပြည်တွင်းမှာ နေသူတွေက အသိဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာခဲ့ဖူးတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စတာ အေဗရာဟင် ဂမ်ဘာရီက မှတ်ချက်ချ ပြောဖူးပါတယ်။ ဧမာနွေလ ဘုရားကျောင်းကနေ ထွက်လိုက်ရင် ဆူးလေ ဘုရားကြီးကို မြင်တွေ့ ရတယ်လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ပြောနေကြသူတွေကို အလွယ် မြင်စေနိုင်မယ့် မစ္စတာဂမ်ဘာရီ ပြောခဲ့တဲ့ သမိုင်း တွင်ရစ်မယ့် စကားလေး တစ်ခွန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာမတူသူ အားလုံး စုဝေး နေထိုင်နေကြတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခဆိုတာ မရှိသလောက် ရှားတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်နဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြောနေ ကြတာတွေဟာ လက်ရှိ မြန်မာ နိုင်ငံရဲ့ အခြေအနေတွေကို ထပ်ဟပ်စေခြင်း မရှိတော့တဲ့ အတွက် အခြေအနေမှန်ကို သုံးသပ်ဖို့ လိုနေပြီလို့ပဲ ကောက်ချက်ဆွဲ ရတော့မှာ ဖြစ်ပါတယ်။ 
မောင်မင်းချင်း(ကျေးစေတမန်)