'မဟာဗျူဟာ' (Strategy) ဆိုသော ဝေါဟာရမှာ မူလ အဓိပ္ပာယ်အရ
စစ်ရေး အကောက်အယူ တစ်ခုကိုသာ ကိုယ်စားပြုပါသည်။ ဂရိဘာသာ စကား Strategia မှ ဆင်းသက် လာသည် ဟု အဆိုရှိ သည်။
'စစ်တပ် တစ်တပ်ကို အမိန့်ပေး
ညွှန်ကြားရသည့် အတတ်ပညာ' (The art of Commanding on army) ဟု အနက်ရသည်။
အမှန်စင်စစ်၊ လူအများစုကို ဦးဆောင်ညွှန်ကြားဖို့ လိုအပ် သည့် အခါတိုင်း
မဟာဗျူဟာမြောက် စဉ်းစားချက်များ၏ အခန်းကဏ္ဍ အရေးပါစမြဲ ဖြစ်ပါသည်။
သို့နှင့်တိုင် သမိုင်း၏ အစောပိုင်း ကာလများကမူ ဤကဲ့သို့သော
လိုအပ်ချက်မျိုးမှာ စစ် ရေးနှင့်သာ ဆက်စပ်နေသည်က များ၍ 'မဟာဗျူဟာ' ဆိုသော
ဝေါဟာရမှာ စစ်ရေးသီးသန့်သုံး ဝေါဟာရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ စက်မှု
တော်လှန်ရေး နောက်ပိုင်းသို့ ရောက်သော အခါတွင်မူ စစ်ရေးသာမက စီးပွားရေး
နယ်ပယ် တွင်ပါ လူအများစုကြီးကို ဦးဆောင်ဖို့ လိုလာပါသည်။ သို့နှင့်အမျှ
မဟာဗျူဟာဆိုသော ဝေါဟာရ၏ သက်ရောက် ခွင့်မှာလည်း အပြန့် ကျယ်လာခဲ့သည်။
စက်မှုခေတ်၏ ထူးခြားချက်မှာ လူအများ
စုပေါင်းအလုပ်လုပ် ကြရသည်ဖြစ်ရာ အဆိုပါ လူအများကို စနစ်တကျ
စီမံခန့်ခွဲနိုင်ဖို့ လိုလာသည်။ ဤလိုအပ်ချက်မှနေ၍ 'စီမံခန့်ခွဲမှုဆိုင်ရာ
မဟာဗျူဟာ' (Managerial Strategy) ဆိုသော ဘာသာရပ်တစ်ခု ပေါ်ထွက်လာခြင်း
ဖြစ်ပါသည်။ ဤသည်၏ နောက်ပိုင်းတွင်မူ စစ်ရေးနှင့် စီးပွားရေးသာမက
လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးသို့ပါ မဟာဗျူဟာ လက်တံများ တဖြည်းဖြည်း
ဖြန့်ကြက်လာလေတော့သည်။ သည်လိုနှင့် နောက်ဆုံး နိုင်ငံရေးနယ်ပယ်သို့ပါ
ရောက်လာသည်။ နိုင်ငံရေး နယ်ပယ်တွင်လည်း မဟာဗျူဟာ၏ ရည်မှန်းချက်မှာ
အခြားသော နယ်ပယ်များအတိုင်းပင် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း
အများစု သို့မဟုတ် မိမိသက်ဆိုင်ရာ ပါတီအဖွဲ့ အစည်း၏ အဖွဲ့ဝင် အများစုကို
အခိုင်အမာ ပန်းတိုင်တစ်ရပ်ဆီသို့ ဦးတည်ပြီး ခေါင်းဆောင်မှု ပေးဖို့ပင်
ဖြစ်သည်။ ပြောရလျှင် မည်သို့သော စဉ်းစားချက်မျိုးပင် ဖြစ်စေ၊ အခိုင်အမာ
ရည်မှန်းချက် ပန်းတိုင်တစ်ရပ်သို့ ဦးတည်စေပြီး ဤရည်မှန်းချက်အတိုင်း
အသေအချာ အကောင်အထည်ဖော်ဖို့ စနစ်တကျ ကြိုတင်ပြင်ဆင် နိုင်မည်ဆိုလျှင်
ဤသို့သော စဉ်းစား ချက်မျိုးကို 'မဟာဗျူဟာစီမံချက် (Strategic Planning) ဟု
ခေါ်နိုင်သည်သာ ဖြစ်ပါသည်။ သမိုင်းအဆက်ဆက်၊ စံပြုလောက်သော မဟာဗျူဟာ
စီမံချက်သည်ကား လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က တရုတ်ပညာရှင်ကြီး
'ဆွန်ဇူး' ရေးသားပြုစုခဲ့သည့် 'စစ်ပွဲ၏ အနုပညာ' (The Art of War) ကျမ်းပင်
ဖြစ်သည်။ မဟာဗျူဟာနှင့် ပတ်သက်ပါက ဤကျမ်းမှာ ယနေ့ထက်တိုင် ဩဇာအကြီးဆုံး
စာအုပ်ဟု ဆိုနိုင်ပါလိမ့်မည်။ အာရှဒေသမှ ဘိဇနက်သမားများ၊
နိုင်ငံရေးသမားများ အတွက်ဆိုလျှင် မဖြစ်မနေ ဖတ်ကိုဖတ်ရမည့်
လက်စွဲကျမ်းဟူ၍ပင် အဆိုရှိသည်။ မဟာဗျူဟာနှင့်
နည်းဗျူဟာဆိုခဲ့ပြီးသည့်အတိုင်း မူလဝေါဟာရမှာ နယ်ပယ်သီးသီးသို့
အပြန့်ကျယ်လာသည်နှင့် အရေးကြီးသော တွဲဘက် ဝေါဟာရ တစ်ခု ရှေ့ရောက်လာသည်။
'နည်းဗျူဟာ' (Tactics) ဖြစ်ပါသည်။
ဤဝေါဟာရမှာလည်း တန့်နေ ရပ်နေသော အသေမဟုတ်၊
ရွေ့နေသော ဝေါဟာရအရှင် ဖြစ်သည်။ မဟာဗျူဟာလိုပင် နည်းဗျူဟာတွင်လည်း
ဝေါဟာရအရွေ့ ရှိသည်။ ၁၈ ရာစုလောက်အထိ စစ်တပ်ကြီးများတွင် များသောအားဖြင့်
တစ်ခုတည်းသော တိုက်ခိုက်ရေး အဖွဲ့သာ ရှိကြသည်ကများသည်။ သို့နှင့်အမျှ
စစ်တပ်ကြီး တစ်ခုလုံးကို တာဝန်ခံရသော တပ်မှူးသည်ပင် တိုက်ပွဲတိုင်းအတွက်
ဗျူဟာမှူးဖြစ်သလို စစ်ပွဲကြီး တစ်ခုလုံးအတွက် ဗျူဟာ မှူးလည်း ဖြစ်တော့သည်။
သို့နှင့်တိုင် ၁၈ ရာစုနှောင်းပိုင်း စစ်တပ်များတွင်မူ တစ်ခုမကသော
တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ရှိလာသည်။ တပ်ဖွဲ့တိုင်းသည်လည်း
တိုက်ပွဲတစ်ခုချင်း အ တွက် သူ့အတိုင်းအတာနှင့်သူ လွတ်လွတ်လပ်လပ် စစ်ဆင်၊
စစ်တက် လုပ်နိုင်သည်။
ဤတွင် စစ်ပွဲကြီး တစ်ခုလုံးအတွက် ဗျူဟာ
(မဟာဗျူဟာ) နှင့် တိုက်ပွဲ တစ်ခုချင်းအတွက် ဗျူဟာ (နည်းဗျူဟာ) ကြား
ခြားနားချက်ကို သဘောပေါက်ဖို့ အရေးကြီးလာတော့သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး
၁၈ ရာစု ပါရှန်း မဟာဗျူဟာပညာရှင် 'ကားလ်ဗွန်ကလော့စ်ဝဇ်' က စစ်ပွဲ၏
သဘာဝနှင့် ပတ်သက်သော သူ၏နာမည်ကြီး ဒဿနကျမ်း 'သေနင်္ဂဗျူဟာ အလုပ်နှင့် စစ်ဆင်
စစ်တက်ပညာ' (Works on Warfare and Waging War) တွင် ရှင်းရှင်းလင်းလင်း
ဖော်ပြထားသည်။ (သူ့ခွဲခြားဖော်ပြချက်မှာ ယခုထက်တိုင် အခြေခိုင်ဆဲလည်း ဖြစ်၍
အရင်းအတိုင်း ဖော်ပြလိုက်ပါသည်။) 'နည်းဗျူဟာက တိုက်ပွဲတွင်
လက်နက်ကိုင်တပ်ဖွဲ့များကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။
မဟာဗျူဟာက စစ်ပွဲကြီး တစ်ခုလုံး၏ ရည်မှန်းချက်အတွက် တိုက်ပွဲများကို
မည်သို့ အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။' ကလော့စ်ဝဇ်၏ အလိုအရ
လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများမှာ စစ်ပွဲ၏ ရည်မှန်းချက်
(တစ်နည်း-အောင်ပွဲ) အရယူရေး အတွက် နည်းနာဖြစ်သည်။ တစ်ဖန် အဆိုပါ
အောင်ပွဲသည်လည်း စစ်ပွဲကြီး တစ်ခုလုံး၏ အဆုံးစွန် မဟာဗျူဟာ ရည်မှန်း
ချက်ပန်းတိုင် (တစ်နည်း ငြိမ်းချမ်းရေး) အရယူရေးအတွက် နည်းနာပင် ဖြစ်သည်။
မဟာဗျူဟာအဆင့်များ မြင့်သထက် မြင့်လာလေ စစ်နှင့်ဝေးလေ ငြိမ်းချမ်းရေးနှင့်
နီးလေ ဖြစ်သည်။ ဤသဘောကို ရည်ရွယ်၍ 'စစ်သည် နိုင်ငံရေး၏ အဆက်ဖြစ်သည်။
သွေးထွက်သော နိုင်ငံရေးပင် ဖြစ်သည်' ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ
ကျမ်းမှာပင် ကလော့စ်ဝဇ်က ယခုလို ဆက်လက် ဖော်ပြခဲ့သေးသည်။ 'မဟာဗျူဟာ
ရည်မှန်းချက်မှာ ထင်သာမြင်သာ ရှိသော အောင်ပွဲသက်သက်မျှ မဟုတ်။ အဆိုပါ
အောင်ပွဲနောက် လိုက်ပါလာမည့် ငြိမ်းချမ်းရေးပင် ဖြစ်သည်' ဟူ၍ ဖြစ်ပါသည်။
မဟာဗျူဟာစီမံချက်တစ်ရပ် ချမှတ်တော့မည်ဆိုလျှင် ကလော့စ်ဝဇ် အလေးထား
ဖော်ပြခဲ့သော အဆိုပါ အချက်ကို အသိရှိရှိ နှလုံးသွင်းထားဖို့ လိုပါလိမ့်မည်။
ဤသို့မဟုတ်ပါက နည်းဗျူဟာ အောင်ပွဲများတွင် ယစ်မူးပြီး မဟာဗျူဟာ
ရည်မှန်းချက် ပျောက်သွားနိုင်သောကြောင့် ဖြစ်ပါသည်။ ပင်ကိုယ်သဘောအရ
ဆိုရလျှင် ရင်ဆိုင်ယှဉ်ပြိုင်မှုတိုင်း (စစ်ရေး ဖြစ်စေ၊ နိုင်ငံရေး ဖြစ်စေ)
တွင် အနိုင်ရလိုကြမည်သာ ဖြစ်ပါသည်။ သို့သော် ဤအနိုင်၊ ဤအောင်ပွဲ (ဥပမာ -
ရွေးကောက်ပွဲ အနိုင်ရသည်မျိုး) မှာ အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက်
ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မည်။ ဤအောင်ပွဲ (ရွေးကောက်ပွဲ အနိုင်ရမှု) ကို
ကိုင်ပြီး အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက် (ဥပမာ - ခေတ်မီဖွံ့ဖြိုး
တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး) အတွက် ဆက်လက် လုံးပန်းရဦးမည်
ဖြစ်ပါသည်။ အောင်ပွဲဆိုသည်မှာ မဟာဗျူဟာ ရည်မှန်းချက် အတွက်
လုပ်ပိုင်ခွင့်အာဏာ နှင်းအပ်လိုက်သည်မျိုး ဖြစ်ရာ အပေါင်းလက္ခဏာ
ဟုဆိုနိုင်သည့်တိုင် အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက်ကို မေ့လျော့
သွားစေနိုင်သည်။ ယစ်မူးမှုလည်း ဖြစ်နိုင်ပြန်ရာ အနုတ်လက္ခဏာ သဘောဆောင်သည်ကို
သတိချပ်ဖို့ လိုပါသည်။ မဟာဗျူဟာမြောက် နံပါတ်တစ်စည်းမျည်း
"နိုင်ငံရေးနှင့် မဟာဗျူဟာ ဤနှစ်ခုကို တွဲဖက်အသုံးပြု၍ ရနိုင် ကောင်းပါသလော
. . ."၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ (တစ်ခါတစ်ရံဆိုလျှင်)
အစိုးရများပင် မေးလေ့မေးထရှိသော မေးခွန်း ဖြစ်ပါသည်။ ဤသို့
မေးကြသည့်အခါတိုင်း သူတို့စိတ်ထဲ ရှိနေတတ်ကြသည့် သဘောအခံမှာ
ယခုလိုဖြစ်ပါသည်။ "'ကျွန်တော်တို့တစ်တွေ စစ်ဖြစ်နေတာမှ မဟုတ်တာဗျာ . . ."၊
"တချို့က ကျွန်တော်တို့ကို နိုင်ငံရေးအရ ထောက်ခံချင်မှ ထောက်ခံပါလိမ့်မယ်။
ဒါပေမဲ့ သူတို့ တစ်တွေဟာ ကျွန်တော်တို့ ရန်သူတော့လည်း မဟုတ်ပါဘူး . . ."။
"ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စိတ်ကူးတွေက
သိပ်ကောင်းနေပြီပဲ မဟာဗျူဟာ လိုသေးလို့လား" စသဖြင့်။ မှန်ပါသည်။
နိုင်ငံရေး ရည်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်နေသည်မှာ စစ်တိုက်နေသည် မ
ဟုတ် ပါ။ ရွေးကောက်ပွဲ ဝင်ကြသည်မှာလည်း စစ်တိုက်သလို မဟုတ်တာ သေချာပါသည်။
သို့နှင့်တိုင် လူပုဂ္ဂိုလ် တစ်ဦးချင်းက
ဖြစ်စေ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေ အဆိုပြု တင်ပြကြသော
အိုင်ဒီယာတိုင်းမှာပင် ထောက်ခံသူ ကန့်ကွက်သူများ ရှိကြသည်သာ ဖြစ်ပါသည်။
အကြောင်းမူ နိုင်ငံရေးအတွေးအမြင် အားလုံးလောက်သည်ပင်၊ တည်ဆဲအခြေအနေကို
ပြောင်းလဲပစ်နိုင်ဖို့ ရည်ရွယ်ချက် ရှိတတ်ကြသောကြောင့် ဖြစ်သည်။ အလားတူ
အခိုင်အမာ အခြေအနေ တစ်ရပ်ရပ်တွင်လည်း အကျိုးအမြတ်ရနေသူ ထိခိုက် ခံစားရသူတွေ
ရှိနိုင်သောကြောင့် ဖြစ်သည်။ ဤသဘောကို နာမည်ကျော် 'ရာဇကုမ္မာ' (The Prince)
ကို ပြုစုခဲ့သူ မက္ခရာဗီလီ' တစ်ယောက် ကောင်းကောင်း သိသည်။ သူက ယခုလို
ရေးခဲ့သည်။ "အခြေအနေဟောင်းတွင် အစစ အဆင်ပြေ နေကြသူများအနေနှင့် အဆိုပါ
အခြေနေဟောင်းကို မှောက်လှန် ပြောင်းလဲပစ်မည့်သူကို သဘောတွေ့ကြမည်
မဟုတ်ပါချေ။ သူအဆိုပြုသော အခြေအနေသစ်တွင် အလားအလာ ကောင်းလိမ့်မည်၊
ထင်မြင်ယူဆ ကြသူများကသာ သူ့ကို ထောက်ခံဖို့ ရှိပါလိမ့်မည်" မက္ခရာဗီလီ၏
အယူအဆမှာ လက်တွေ့ကျသည်ဟု ဆိုရပါလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော်
အပြောင်းအလဲတိုင်းက 'ပေါက်သူ' နှင့် 'ကွဲသူ' ဆိုသော ဆန့်ကျင်ဘက်
လူမှုအုပ်စု နှစ်ခုကို မွေးထုတ်လေ့ရှိသောကြောင့် ဖြစ်သည်။ ပြောရလျှင်
နိုင်ငံရေးမှာ စစ်ပွဲမဟုတ်သည့်တိုင် အနှစ်သာရအားဖြင့် အရှုံးအနိုင်
ပေါ်တတ်သော 'အကြွင်းသုညဂိမ်း' (Zero – sum - game) က လွှမ်းမိုးသည်သာ
ဖြစ်ပါသည်။ မည်သည့် နိုင်ငံရေးအိုင်ဒီယာတွင်မဆို ထောက်ခံသူ၊ ကန့်ကွက်သူ
ရှိကြသည်သာ ဖြစ်သည်။ "ခင်ဗျားအနေနှင့် လူတိုင်း နှစ်ခြိုက် သဘောကျစေဖို့
တတ်နိုင်လိမ့်မည် မဟုတ်ပါ" (You can't please everyone) ဤသည်ပင်
လက်တွေ့ကျသော မဟာဗျူဟာ၏ နံပါတ်တစ် စည်းမျဉ်းဟု ဆိုရပါလိမ့်မည်။
Credit : The Voice