၂၀၁၁ခု၊ ဇွန်လ
(၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃)
တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ်
အိုဘယ့်ဆေးဆရာ” ဆောင်းပါး အား ပြင်းထန်စွာဆန့်ကျင်ရှုံ့ချသည့် ကြေညာချက်တစ်စောင်အား မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည် ။
အဆိုပါကြေငြာချက်အား ၂၀၁၁ခုနှစ်၊ ဇွန်လ (၆)ရက် တနင်္လာနေ့တွင် ကျင်းပသော အလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ အသင်း၏ ဥက္ကဌ ဖြစ်သူ ပါမောက္ခ ဒေါက်တာသစ်လွင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက်
၁။အဖိုးတန်သောလူ့အသက်များစွာကို ကယ်တင်ရသည့်
ဆေးပညာရှင်ဆရာဝန်များ အဖို့ ဆေးပညာရှင် ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်မှာ ဆေးပညာ အတတ်ကို
အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့်
မြန်မာနိုင် ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည်
ကောင်းမွန်စွာ လေ့လာ ဆည်းပူးထားသောအတတ်ပညာရှင်များ(Professionals)ဖြစ်ကြောင်းထင်ရှားပါသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များ ကို
အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု
အသိ အမှတ်ပြုထားခြင်း ခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန် များ
ဖြင့်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်ပါသည်။
၂။ ၂၀၁၁ခု၊ ဇွန်လ
(၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃)
တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ်
အိုဘယ့်ဆေးဆရာ” ဆောင်းပါးသည် အယူအဆမှား၊ အချက်အလက်မှား၊
အတွေးအခေါ်မှားတို့ဖြင့် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့်
ပြည်သူလူထုအကြား အခိုင်အမာတည်ဆောက် ထားရှိပြီးဖြစ်သည့် ယုံကြည်မှုကို
ပျက်ပြားစေနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ယူဆပါသည်။