xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမှန်တရားကို ရှုမြင်ရင်ဆိုင်ခြင်း

Tuesday, June 7, 2011

အမှန်တရားကို ရှုမြင်ရင်ဆိုင်ခြင်း

(၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် ရဲ့ အယ်ဒီတာ အာဘော် ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား နဲ့ ပတ်သက်ပြီး ပထမဆုံး ရေးခွင့်ရလာတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်တဲ့အတွက် ဆရာမောင်ဝံသကို ပြည်ပ မီဒီယာများက အင်တာဗျူး လုပ်စေတဲ့ ဆောင်းပါးလည်း ဖြစ်ပါတယ်။ အားလုံးဖတ်နိုင်ဖို့ မျှဝေပေး လိုက်ပါတယ်။)
ကဆုန်လပြည့်နေ့ မတိုင်မီ တစ်နေ့၊ မြန်မာအခေါ် အဖိတ်နေ့၊ မေ ၁၆ နေ့ ရက်စွဲနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လက်မှတ်ဖြင့် ကြေညာချက် တစ်စောင် ထွက်လာသည်။ သတင်းစာများတွင် ပါရှိသော ခေါင်းစဉ်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်း ဟူ၏။
အစိုးရ အဖွဲ့သစ် အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်ရမည် ဟူသော အယူအဆပေါ်မှာ အခြေခံ၍ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ အကောင်အထည် ဖော်လိုဟန် ရှိ၏။ နိုင်ငံတော် သမ္မတသစ်၏ နိုင်ငံရေး အရ အကောင်အထည် ဖော်ရန် ကြိုးစားသော ထင်ရှားသည့် ပထမဆုံး ခြေလှမ်းအဖြစ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန် လိုက်ခြင်း ဖြစ်ဟန်တူ၏။ အမိန့်စာတွင် ပြစ်ဒဏ်ကျ အကျဉ်းသားများအား နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲ ပေးရန်လည်း စီမံ ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကျဉ်းသားများအား လူသားချင်း စာနာ ထောက်ထား သောအားဖြင့် လည်းကောင်း၊ မိသားစုများအား ငဲ့ညှာသော အားဖြင့် လည်းကောင်း ကျခံနေရသော ပြစ်ဒဏ်များမှ လျှော့ပေါ့ ပေးလိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိ၏။

လျှော့ပေါ့ပေးပုံမှာ သေဒဏ် ကျနေသူများ ထောင်ဒဏ် တစ်သက်သို့ လည်းကောင်း၊ ထောင်ဒဏ် ကျခံနေသူများ တစ်နှစ် လျှော့ပေါ့၍ လည်းကောင်း ပေးလိုက်ခြင်း ဖြစ်သည်။
ကျောင်းတံခါးများ ဖွင့်၍ ထောင်တံခါးများ ပိတ်လော့ဆိုသော ကြွေးကြော်သံ ကမ္ဘာမှာရှိသည်။ စာသင်ကျောင်းများ ဖွင့်လှစ်ပြီး ပညာဉာဏ် မြင့်မားသူများ ပညာတတ်များ များများ ပေါ်ပေါက်လာရေးကို ကြိုးစားခြင်းဖြင့် လူဘောင် သာယာ ငြိမ်းချမ်း တိုးတက်ရေး ဆီသို့ သွားကြရန် ဖြစ်၏။ အကျဉ်းထောင်တွေ မလိုအပ်သည့် အနေအထား ဆီသို့ သွားကြရန် ဟူသော မျှော်မှန်းချက် ဖြစ်၏။
ထောင်တံခါးများကို ဖွင့်၍ အကျဉ်းကျနေသော သူများကို လွှတ်ပေးပြီး တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် ဘက်စုံ ထောင့်စုံ ကဏ္ဍစုံမှ ပါဝင် လုပ်ဆောင် လာကြရန် မျှော်မှန်းချက် ဖြစ်၏။ တိုင်းပြည်တွင်းရှိ အကျဉ်းထောင် တွင်း အပါအဝင်၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ ပြည်သူလူထု အားလုံး ပါဝင်ခြင်းဖြင့် တိုင်းပြည်ကို တိုးတက်အောင် လုပ်ကြမည် ဟူသော ကြွေးကြော်သံ ဖြစ်ပါသည်။
ကြွေးကြော်သံကို ဘယ်လို အကောင်အထည် ဖော်ကြမည်နည်း။
မျှော်မှန်းချက် တစ်ခုကို အကောင်အထည် မဖော်မီ ပထမဆုံး လုပ်ကြရသည်မှာ ပြီးခဲ့သည်များနှင့် လက်ရှိ အခြေနေကို သုံးသပ်ခြင်း ဖြစ်လိမ့်မည်။ တိုင်းပြည်ကို တကယ် ဖွံ့ဖြိုး တိုးတက် လိုသော စိတ်စေတနာဖြင့် တည်ဆောက်ကြမည် ဆိုလျှင် တည်ရှိနေသော အခြေအနေများ၊ ပြဿနာများကို အမှန်အတိုင်း ရှုမြင်ကြဖို့ လိုမည်။
ယနေ့ ကျွန်ုပ်တို့၏ အကျဉ်းထောင်များ အတွင်းမှာ အကျဉ်းသားများ အများအပြား ရှိနေသည်။
တိုင်းပြည် ထူထောင်ရေးတွင် ပါဝင် ဆောင်ရွက်လိုသော စေတနာ ရှိသူများ၊ တိုင်းပြည် ထူထောင်ရေးတွင် ပါဝင် ဆောင်ရွက် နိုင်သော အရည်အချင်း ရှိသူများ အများအပြား အကျဉ်းထောင်တွင်းမှာ ရှိနေသည်။ ထိုသူတွေ အကျဉ်းထောင်တွင်းမှာ ရှိနေခြင်းသည် တိုင်းပြည် အတွက် နစ်နာသည်။ ထို့ကြောင့် အကျဉ်းကျနေသော တိုင်းပြည် ချစ်စိတ် ရှိသည့် နိုင်ငံရေး စိတ်ရှိသည့် အရည်အချင်းလည်း ရှိသည့် အကျဉ်းကျနေသူများ တိုင်းပြည် ထူထောင်ရေး လုပ်ငန်းများမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးမှာ ပါဝင်နေကြဖို့ လိုသည်။ သူတို့ကို ပါဝင်ခွင့် ပေးရမည်။ သူတို့ ပါဝင် နိုင်ကြဖို့ သူတို့ကို အကျဉ်းထောင်တွင်းမှ လွတ်မြောက်ခွင့် ပေးရမည်။ သည်လို သဘောထားက မှန်ကန်သော သဘောထား ဖြစ်၏။
ထိုမှန်ကန်သော သဘောထား ပေါ်မှာ အခြေတည်၍ မှန်ကန်သော အကောင်အထည် ဖော်မှုများ လုပ်ရမည် ဖြစ်ပါ၏။ ထိုသို့ လုပ်ကိုင် ဆောင်ရွက်ရာတွင် အခက်အခဲများ ရဲရဲရင့်ရင့် ရင်ဆိုင်ရမည့် ပြဿနာများ မြောက်များစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်၏။ ဒါကပဲ နိုင်ငံရေး ဖြစ်သည်ဟု ယူဆမိပါသည်။ နိုင်ငံရေး လုပ်သည် ဆိုတာ မိမိ ယုံကြည်သော မူဝါဒ လမ်းစဉ်ဖြင့် နိုင်ငံရေး အာဏာ ရယူကာ နိုင်ငံနှင့် ပြည်သူတို့ တိုးတက်ရေး လုပ်တာ ဖြစ်သည်။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သည် ဆိုတာ၊ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးရေး၊ ပြည်သူလူထု ငြိမ်းချမ်း သာယာ လုံခြုံစွာ နေနိုင်ရေး အတွက် လုပ်တာ ဖြစ်ရမည်။ သည်လို တိုင်းပြည် တိုးတက် ဖွံ့ဖြိုးရေး၊ ပြည်သူလူထု ငြိမ်းချမ်း သာယာ လုံခြုံစွာ နေနိုင်ရေး အတွက် လုပ်တာ ဆိုလျှင် အမှန်ကို ရှုမြင် သုံးသပ်၍ ရဲရဲရင့်ရင့် ဖြေရှင်းရမည် ဖြစ်သည်။
အစိုးရသစ်၊ မူဝါဒသစ်ဖြင့် တိုးတက်သော၊ ငြိမ်းချမ်း သာယာသော၊ ဒီမိုကရေစီနိုင်ငံ လူ့ဘောင်သစ်ဆီသို့ တိုင်းပြည် ချစ်သော တိုင်းပြည်အပေါ် စေတနာ ထားသော သူများကို လွတ်လပ်စွာ ပါဝင်ကြရန် ဖိတ်ခေါ်မှုဖြင့် ပြည်သူလူထု၏ အစိုးသစ်ပေါ် ယုံကြည်မှု ရရှိလာနိုင် လိမ့်မည်ဟု ယူဆမိပါကြောင်း။
ပြည်သူ့ခေတ်အယ်ဒီတာ
၁၈ မေ ၂၀၁၁