အမေရိကန်
အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ကျုပ်တို့နိုင်ငံကို လာလည်မယ် ကြားစက
“ဘာတွေလဲဟ” ဆိုတဲ့ အတွေးနဲ့ မျက်စိကိုမှေး ဦးနှောက်ကို အလုပ် ပေးမိတယ်။
သင်းတို့က မကြာခဏ လာလာ ဖွကြတော့လည်း အခက်သား ပေါ့လေ။ တစ်ခါတစ်ခါ ကျတော့လည်း
တို့ဆီမှာတင် မဟုတ် တစ်ကမ္ဘာလုံး အနှံ့ လိုက်ဖွနေတဲ့ ကောင်တွေပဲလေ ဆိုပြီး
အိမ်ခြံစည်းရိုး ပေါ်မှာ အဖြီးလိုက် သီးနေတဲ့ ခွေးလှေးယား သီးတွေကို လက်ခံ
ထားရသလို စိတ်ကို လျော့ထား လိုက်ရပြန်တယ်။ တစ်ချို့ ပြဿနာကောင်တွေ ကတော့
မက်ကိန်းရဲ့ ခရီးစဉ်ကို လက်ခုပ်တီး ချီးကျူးကြတယ်လို့ ကြားရတယ်။
သူတို့အဖို့ ကိုယ့်မှာ အစွမ်းအစ မရှိတော့လည်း လာသမျှ ဧည့်သည်ကို ပုဆိုးဆွဲ
လက်ဆွဲ အတောင်း အရမ်းရဲလှတဲ့ သူတောင်းစား အုပ်စုနဲ့တော့ နည်းနည်း
ဆင်တာပေါ့လေ။ အမေရိကန် မှန်သမျှ သူတို့ အတွက်ကတော့ ကယ်တင်ရှင်လို့
မြင်ကြပုံရပါရဲ့။
ကျုပ်တို့လို
သာမန်ပြည်သူတွေ အဖို့ကတော့ ကျုပ်တို့ နိုင်ငံအပေါ် သတင်းမှားတွေ
နားယောင်ပြီး မတရား သဖြင့် စီးပွားရေး ပိတ်ဆို့ထားတဲ့ အမေရိကန်က
ပုဂ္ဂိုလ်တစ်ယောက် ရောက်လာမှာမို့ စီးပွားရေး လမ်းကြောင်း ကလေးများ
ပွင့်လာလေမလား တွေးပြီး စိတ်ကူး ယဉ်ရင်းနဲ့ ကိုယ့်ဆီက အမဲသားတုံးကို
ခွေးဆွဲ ခံရတဲ့သူလို သူလွှတ်ချမှ ကိုယ်စားရမှာမို့ ရင်ဖို နေခဲ့ရတာပါ။
သို့သော်
ဒီကိုမှ ရောက်မလာခင် မက်ကိန်း ဝင်ခဲ့တာက ထိုင်းနိုင်ငံမှာ ရှိတဲ့
စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်း ဆိုတာ သိရတော့ ဒင်းလာမဲ့ ခရီးရဲ့
အလားအလာကြီးက ထိုနည်း လည်းကောင်း ဆိုတာ မရေမရာ သိလိုက် ရပါရဲ့။
အဲဒီဆေးခန်းမှာ လူနာ အတော်များများကို ကုသပေး နေတာမို့ သူ့အနေနဲ့ သူတော်စင်
တစ်ပါးကို မြင်လိုက်ရသလို ပါပဲတဲ့ဗျား။ မက်ကိန်း စကားပါ။ အင်း---
ခက်တော့ခက်သား၊ မက်ကိန်းဆိုတဲ့ သူကောင့်သား စေတနာ ဆရာဝန် များများစားစား
မမြင်ဖူး ဘူးလားလို့ တွေးစရာပါ။ ကျုပ်တို့ မြန်မာနိုင်ငံထဲမှာ စင်သီယာမောင်
လောက်မှ အထောက်အပံ့ မရဘဲနဲ့ လူနာတွေအပေါ် စေတနာထား နေ့မအား ညမအား ကုသ
ပေးနေတဲ့ စေတနာ ဆရာဝန်တွေ တစ်ပုံကြီးပါ။ မက်ကိန်း အဆိုအရ ပြောရရင်
မြန်မာနိုင်ငံမှာ သူတော်စင်တွေ ထားစရာမရှိ လောက်အောင် ပေါနေပြီမို့ ဝမ်းသာလုံးတောင်
ဆို့ချင်ချင် ပါဗျား။ ရိုးရိုးသားသား ကြည့်ချင်သပ ဆိုရင်လည်း
လိုက်ပြပေးဖို့ အဆင်သင့်ပါ။ သို့သော် မြန်မာနိုင်ငံ အစိုးရကို အံကြိတ်
ပြနေသူတွေကိုမှ အသိအမှတ် ပြုချင်သပ ဆိုရင်တော့လည်း Don’t care ပါပဲဗျား။
အဲဒီမှာ
မက်ကိန်းမြင်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေက ဗီယက်နမ် စစ်တုန်းက ဗီယက်နမ်
ရွာတွေထက် သာသလား ဆိုတာတော့ တွေးစရာပါ။ အမေရိကန်တွေရဲ့ ရက်ရက်စက်စက်
အနိုင်ကျင့်တာကို မခံနိုင်တော့လို့် ပြန်ပြီး တုန့်ပြန် ခဲ့ကြရာမှာ
အမေရိကန် စစ်သား ၄၇၀၀၀ ကျော်လောက် သေခဲ့ရတာကို မက်ကိန်း မေ့သွားတာ များလား။
၁၆.၃.၁၉၆၈ ရက်နေ့က မိုင်လေရွာ အစုလိုက် အပြုံလိုက် လူသတ်မှုမှာ အပြစ်မဲ့
ဗီယက်နမ် ပြည်သူ ၃၀၀ ကျော် (မိန်းမနဲ့ ကလေးတွေချည်းသာ) ကို အမေရိကန်
တပ်ဖွဲ့က ရက်ရက်စက်စက် သတ်ခဲ့တာကို မေ့သွားလို့ များလား။ သေတဲ့ထဲက မိန်းမ
အများစုဟာ မုဒိမ်းကျင့်ခံ ထားရတယ် ဆိုတဲ့ တွေ့ရှိချက်ကို မေ့သွားလို့
များလား။ ၂၆.၁၀.၁၉၆၇ ရက်နေ့မှာ မက်ကိန်း တစ်ယောက် ဟနွိုင်(Hanoi) မြို့က
အပြစ်မဲ့ ဗီယက်နမ် ပြည်သူတွေအပေါ် ဗုံးကြဲချဖို့ လုပ်ရင်း သူ့လေယာဉ်
ပစ်ချခံခဲ့ရပြီး ဗီယက်နမ် အကျဉ်းသားဘဝ ဖြစ်ချိန်မို့ မသိတာ များလား။ အခု
မယ်တော်ဆေးခန်း ရောက်တုန်း သူမြင်ခဲ့ရတာတွေ ထဲမှာ မိုင်လေက ဗီယက်နမ်
အမျိုးသမီး တစ်ယောက် အမေရိကန် စစ်သားတွေ လက်ချက်နဲ့ အူတွေ ခွဲထုတ်ပြီး
အသတ်ခံထားရတဲ့ မြင်ကွင်းမျိုးထက် ဆိုးတာများ တွေ့ခဲ့လို့လား။ လားပေါင်း
များစွာ ကျုပ်တို့မှာ ဖြစ်ခဲ့ရတယ်။
တကယ်ပြောရရင်
စစ်တို့ရဲ့ သဘောမှာ အပြစ်မဲ့ ပြည်သူတွေ ကတော့ မြေစာပင် ဖြစ်တတ်ကြပါရဲ့။
ဒါတွေကို ရှောင်လွှဲဖို့ ပြည်သူတွေကို ပြန်လည် ထူထောင်ပေးဖို့
ကျုပ်တို့အစိုးရ ကြိးစား လုပ်ဆောင်တာ ကိုတော့ ဖော့ပစ်ပြီး မိုက်လုံးကြီး
လှတဲ့ KNU သောင်းကျန်းသူ တွေရဲ့
ကလိန်ကကျစ်နဲ့ ကရင်ပြည်သူ တွေကို ဗန်းပြ လုပ်စား ခုတုံး သဘောထား နေတာ
ကိုတော့ မြှောက်မပေး သင့်ဘူးပေါ့လေ။ ဒီလိုလုပ်ရမှ အာသာပြေတယ်
ပြောရအောင်လည်း နှာခေါင်းရှည်တို့ လုပ်ခဲ့သမျှ ဘယ်နေရာမှာမျှ အောင်မြင်တယ်
မရှိ၊ အမှန်တရားကို မကြည့်တော့ အမြဲ ထိကွဲ ဖြစ်နေတာ ကလည်း မမှတ်ကြ
သေးသကိုး။ ဗီယက်နမ်၊ အီရတ်၊ အာဖဂန် အမြဲလို ပက်လက်လန် နေကြတာ အော့နှလုံး
နာစရာပါဗျ။
တစ်ချိန်က
တောင်ဗီယက်နမ်မှာ “ငိုဒင်ဇင်း” အစိုးရ တင်ခဲ့သလို ပုံတူကားချလို့
မြန်မာမှာ “ငိုဒင်စုကြည်” အစိုးရ တင်ဖို့ ကြိုးစားတာကြီး ကလည်း ရိုးပဲ
ရိုးနိုင်လွန်းလို့ ကျုပ်တို့မှာ ပျင်းစရာပါဗျား။ ဒီစာခြောက်ရုပ်မ နေမရ
ထိုင်မရလို့ ခရီး အထွက်ပြတာ ဘာလို့ အစိုးရမှာ တာဝန်ရှိတာ ပါလိမ့်။
ကျုပ်တို့မှာ လှိမ့်ပိမ့် စဉ်းစားရတာ မျက်စိတောင် ပျာချင်ချင်ပါဗျား။ အစိုးရ
အဖွဲ့ဝင်လည်း မဟုတ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း မဟုတ်၊ လုပ်စား ထားတဲ့
ပါတီကလည်း သူ့ကြောင့်ပဲပျက်၊ ဘယ်အချက်နဲ့ သူ့ကိုမှ ကွက်လို့ လုံခြုံရေး
လုပ်ဖို့ စဉ်းစားရမှာပါလိမ့်။ သူလည်း ပြည်သူထဲက ပြည်သူတစ်ယောက် ပဲလေ။
မြန်မာနိုင်ငံမှာ သူ့ဘာသာ ခရီးသွား နေကြတဲ့ ပြည်သူတွေ အများကြီး၊ ပြဿနာ
မရှာသရွေ့ ချစ်တဲ့လူ တွေ့မှာပေါ့။ ပြဿနာ ရှာလာလို့ ထိပ်တို့ ဖင်တို့ အထု
ခံရရင်တော့ မတတ်နိုင်ဘူး ပေါ့လေ။ လူ့စိတ်ဆိုတာ ပြောရ ခက်သားကလား။ မတော်တဆ
သေများသွားရင် နှမျောစရာဗျ။ ဟာဟ--- Sanction တွေရှင်းလို့ ရောင်းကောင်း လိုက်မယ့် ဖြစ်ခြင်း။ ဒါ--- ပြည်သူ့စိတ်ရင်းပဲ။
ဒီကြားထဲ
ထောင်ထဲက သူကောင့်သား ၂၀၀၀ ဆိုတာက ပါလာသေး။ ဒါလေးမှ ထည့်မပြောရင် US မှာ
လူရာမဝင်ဘူး ထင်ရတယ်။ ရူးပါ့ဗျား။ စဉ်းစား ကြည့်ပြန်တော့လည်း ---ဂီတ
ပြိုင်ပွဲမှာတောင် အညံ့ဆုံး လက်သံဆု ဆိုပြီး ခပ်ကြောင်ကြောင် ဆုတွေ
ထွင်ကြတဲ့ အမျိုးတွေပဲ။ ယနေ့ US နိုင်ငံရေး လောကမှာ မြန်မာဆိုတဲ့
တိုင်းပြည် ငယ်လေးက စုကြည်နဲ့ အကျဉ်းသား ၂၀၀၀ ကိစ္စဟာ လုပ်စားစရာကြီးကို
ဖြစ်လို့ဗျ။ ကျုပ်တို့ ငယ်ငယ်က ပုရစ် ကလေးတွေ ဖမ်းပြီးတော့ ဆော့သလို
ပေါ့လေ။ တကယ်မှာတော့ ဒီထောင်ကျတွေက ဘာတွေ လုပ်ထားလေမှန်း US က Congressman
တို့ ဘယ်လို သိနိုင်ဖို့တုန်း။ အဲဒီ ပါတီပျက်ဝင် ဖြစ်တာနဲ့ပဲ ဥပဒေက
ရှောင်လွှဲ ပေးရမှာတဲ့လား။ “စဉ်းစားကြပါ ကိုယ့်လူတို့ရာ” လို့ ပြောရမလို
ဖြစ်ပြန်တယ်။ ပါတီပျက်က စာရင်း တင်လာတိုင်းသာ ရှေ့မှာရပ်လို့ ကာကွယ်ပေးဖို့
ကြိုးစားရင် ဖင်မှာ မဟုတ်တာကပ်မှ အဖြေနဲ့ နီးစပ်လိမ့်မဗျား။
ကဲ--ဆရာကြီး
ဂျွန်မက်ကိန်း၊ လူပြိန်းတွေချည်း ရှိတဲ့ တိုင်းပြည်ဆိုပြီး အထင်မကြီးတာ
အရေးမကြီး၊ စာခြောက်ရုပ်မက ခင်ဗျားတို့ဆီက သင်တန်းပြီးခဲ့လို့ အဖြီးအဖြန်း
အလိမ်အညာ မာစတာ ဖြစ်နေပြီ။ သူပြောတာ ယုံလို့ ကျုပ်တို့နိုင်ငံနဲ့ အစိုးရ
အပေါ် မတော် မတရားစိတ်နဲ့ ဖိသိပ်လိုက်ဖို့ လာတာ ဆိုရင်တော့ လူရိုးတွေမှာလည်း
ကြောက်စရာ ကောင်းလောက်တဲ့ ဇွဲနဲ့သတ္တိ အပြည့်မို့ နဖူးတွေ့ ဒူးတွေ့
သိသွားမှာပါလေ။
အောင်ဘု (ကျေးစေတမန်)