xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA နှင့် တိုက်ပွဲအခြေအနေ အစိုးရသတင်းထုတ်ပြန်

Saturday, June 18, 2011

KIA နှင့် တိုက်ပွဲအခြေအနေ အစိုးရသတင်းထုတ်ပြန်

နေပြည်တော် ဇွန် ၁၇
ကချင်ပြည်နယ် အခြေစိုက် KIA အဖွဲ့သည် ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေသည့် တရုတ်နိုင်ငံသား ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တား နှောင့်ယှက်ခြင်းများ ပြုလုပ်လျက် ရှိရာ ဧပြီ ၁၆ ရက်က မလိခမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖောက် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ဆိုင်းထားရန်၊ ၄င်းတို့၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရန် တားမြစ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

အလားတူ မေ ၅ ရက်ကလည်း မလိခမြစ် အရှေ့ဘက်ကမ်းရှိ လာဆာ ရေအား လျှပ်စစ် စီမံကိန်းသို့ ဝင်ရောက်ပြီး တရုတ် နိုင်ငံသား ဝန်ထမ်းများအား မြစ်အနောက်ဘက်ကမ်းသို့ နှစ်ရက်အတွင်း ပြောင်းရွှေ့ရန်၊ မလိခမြစ် အရှေ့ဘက်ကမ်းသို့ စခန်းတိုးချဲ့ထားမှု အမြန် ရုပ်သိမ်းရန် ခြိမ်းခြောက် ဟန့်တားမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇွန် ၈ ရက် နေ့လယ်ပိုင်းက ကချင်ပြည်နယ် တာပိန် ရေအား လျှပ်စစ် စီမံကိန်းတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် လုံခြုံရေးတပ်ဖွဲ့မှ စစ်သည် တစ်ဦးအား KIA အဖွဲ့ ဒွန်ဘုံစခန်းမှ ခေါ်ယူ စစ်ဆေးပြီး ကျည်ဆန်များ ထည့်ထားသည့် ကျောပိုးအိတ်အား သိမ်းဆည်း ထားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် အရာရှိနှစ်ဦးက KIA စခန်းသို့ သွားရောက် ဖြေရှင်းရာ ၄င်းအရာရှိ နှစ်ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ KIA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။
ထို့ပြင် အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန် ရေအား လျှပ်စစ် စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်းမှ လည်းကောင်း၊ တာပိန် ရေအား လျှပ်စစ် စက်ရုံအ၀င် တောင်ကုန်းထိပ် ထုံးဘိုမှ လည်းကောင်း KIA အင်အားစုများက စောင့်ကြိုပြီး ပစ်ခတ် တိုက်ခိုက်မှုများ စတင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မိမိစစ်ကြောင်း အနေဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ပြီး KIA အဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်း ထားသည့် အရာရှိနှစ်ဦးကို ဇွန် ၉ ရက်တွင် ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။


ဆက်လက်၍ တပ်မတော် စစ်ကြောင်းက တာပိန်ရေအား လျှပ်စစ် စီမံကိန်းအနီးရှိ KIA ယာယီ စခန်းတစ်ခုအား ဇွန် ၁၁ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့သော်လည်း ဖယ်ရှားပေးခဲ့ခြင်း မရှိသည့် အတွက် ဇွန် ၁၂ ရက် ညပိုင်းတွင် ၄င်းယာယီ စခန်းကို မလွှဲမရှောင်သာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရသည်။
ထို့ပြင် ဇွန် ၈ ရက်က ဗန်းမော်ခရိုင် မန်စီမြို့နယ် ကိုက်ထိပ် ကျေးရွာအနီးရှိ ဆက်သွယ်ရေး မိုက်ခရိုဝေ့ဖ်စခန်း လုံခြုံရေးရဲကင်းကို KIA အဖွဲ့က ဝင်ရောက်ပြီး ရဲတပ်သား တစ်ဦးနှင့် အရပ်သား တစ်ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၄င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက် သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ညှိနှိုင်း တောင်းခံ ခဲ့သော်လည်း ပြန်လည် စေလွှတ်ပေးခဲ့ခြင်း မရှိဘဲ ဇွန် ၁၂ ရက်တွင် တပ်မတော် စစ်ကြောင်းက သွားရောက် တောင်းခံမှသာ ပြန်လည် စေလွှတ်ပေးခဲ့သည်။
တာပိန် ရေအား လျှပ်စစ် စီမံကိန်းသည် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Datang (Yunnan) United Hydropower Developing (DUHD) ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အရေးကြီးသော စီမံကိန်းတစ်ရပ် ဖြစ်သည်။ ယင်းစီမံကိန်းတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် တရုတ် ပညာရှင်များ၊ ဝန်ထမ်းများအား KIA အဖွဲ့က လာရောက်နှောင့်ယှက် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းများ ဆောင်ရွက်ခဲ့သည့် အတွက် လုပ်ငန်း ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက KIA အဖွဲ့အား သတိပေး တားမြစ်မှုများ ဆောင်ရွက်ခဲ့ရသည်။ သို့သော် KIA အဖွဲ့က လိုက်နာခြင်းမရှိဘဲ KIA ဒွန်ဘုံ စခန်းမှနေ၍ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ တာပိန် ရေအား လျှပ်စစ် စီမံကိန်းနှင့် ၄င်းသို့ ဆက်သွယ်သည့် လမ်းကြောင်းအား ခြိမ်းခြောက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်းမှ ဗန်းမော်ခရိုင်သို့ သွယ်တန်း ထားသော တာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။

ဤသို့ KIA အဖွဲ့၏ နှောင့်ယှက်ခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် စီမံကိန်းတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် DUHD ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၂၁၅ ဦးသည် တရုတ်နိုင်ငံသို့ ဇွန် ၉ ရက်တွင် ၅ဝ ဦး၊ ဇွန် ၁၂ ရက်တွင် ၈၄ ဦး၊ ဇွန် ၁၃ ရက်တွင် ၅၃ ဦး၊ ဇွန် ၁၄ ရက်တွင် ၂၈ ဦး အသီးသီး ပြန်လည် ထွက်ခွာ သွားခဲ့ကြသည်။ ထိုသို့ ပညာရှင်နှင့် ဝန်ထမ်းများ ပြန်လည် ထွက်ခွာသွားခဲ့သည့် အတွက် ၆ဝ မီဂါဟတ်(ဇ်) စက်လေးလုံးဖြင့် လည်ပတ်လျက် ရှိသည့် ၄င်းစက်ရုံအား ဇွန် ၁၄ ရက်မှစ၍ လည်ပတ်မှုရပ်နား ပိတ်သိမ်းခဲ့ရပြီး နိုင်ငံတော်နှင့် ဒေသခံ ပြည်သူများ အတွက် ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
 
ဖော်ပြပါဖြစ်စဉ်တွင် KIA တပ်ဖွဲ့များအား တပ်မတော် စစ်ကြောင်းများမှ တိုက်ခိုက်ရခြင်းသည် မိမိ တပ်မတော် အရာရှိများအား အကြောင်းမဲ့ ထိန်းသိမ်း ဖမ်းဆီးထားခြင်းကို ပြန်လည် ခေါ်ဆောင်နိုင်ရန်နှင့် အရင်းအနှီးတန်ဖိုး၊ ထုတ်လုပ်မှု တန်ဖိုး ကြီးမားပြီး နိုင်ငံအတွက်ရော ဒေသအတွက်ပါ များစွာ အကျိုးပြုနိုင်သည့် တာပိန် ရေအား လျှပ်စစ် စီမံကိန်းကို နှောင့်ယှက် ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သာ မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် KIA အဖွဲ့က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၌ အဓိကကျသည့် သံပေါင်ဘေလီ တံတား ၉ စင်း၊ သံကူ ကွန်ကရစ်တံတား ၁ဝ စင်း၊ ကွန်ကရစ် တံတား ၄ စင်း၊ သစ်သားတံတား ၂ စင်း စုစုပေါင်း တံတား ၂၅ စင်းအား ဇွန် ၁၄ မှ ၁၆ ရက် အတွင်း ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ KIA အဖွဲ့၏ ဖော်ပြပါ အဖျက် လုပ်ရပ်များသည် နိုင်ငံအကျိုး၊ ဒေသအကျိုးကို များစွာ ထိခိုက်နစ်နာစေပြီး ဒေသခံ ပြည်သူများ တည်ငြိမ် အေးချမ်းမှု ပျက်ပြားကာ လမ်းပန်း ဆက်သွယ်မှုများလည်း ကြီးမားစွာ ထိခိုက် ဆုံးရှုံးစေခဲ့သည်။

အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးနှင့် စပ်လျဉ်း၍ ယနေ့အထိ မူဝါဒလမ်းစဉ် (၇)ရပ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ လိုကြသေးသည့် ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများ ရှိနေကြဆဲ ဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားများသာ ဖြစ်ကြသည့် အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဟူသည့် အမြင်၊ လက်ရှိ အစိုးရအဖွဲ့ကိုလည်း ကိုယ့်တိုင်းရင်းသားများဖြင့် အဆင့်ဆင့် ပါဝင် ဖွဲ့စည်းထားသည့် ကိုယ့်အစိုးရဟူသည့် အမြင်မျိုးရှိရန် လိုအပ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂)တွင် လုပ်ထုံး လုပ်နည်းများနှင့် အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် အခွင့်အရေး ပေးထားပြီး ဖြစ်ရာ ယင်းကို အကြောင်းပြ၍ နိုင်ငံတကာ အလယ်တွင် ကိုယ့်တိုင်းပြည် ဂုဏ်သိက္ခာ ထိခိုက်အောင်၊ ကိုယ့်ပြည်သူများ ဆုံးရှုံး နစ်နာအောင် မပြုလုပ်ကြရန် လိုအပ်သည်။

မတူညီသည့် သဘောထား အမြင်များ ရှိကြမည် ဖြစ်သော်လည်း နိုင်ငံနှင့် ပြည်သူ၏ အကျိုးစီးပွား အတွက် တူညီသည့် ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း တကျ ရယူခြင်းများ ဆောင်ရွက်ကြမည် ဆိုပါက နိုင်ငံတော် အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမည် ဖြစ်ကြောင်း တရားဝင် အသိပေး ပြောကြားထားပြီး ဖြစ်သည်။ ယနေ့အချိန်တွင် KIA အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ သဘောထားကို သဘောပေါက် နားလည် လက်ခံရန် လိုအပ်သည်။

ယနေ့ ကချင်ပြည်နယ် အတွင်း KIA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွား နေရခြင်းမှာ မိမိ တပ်မတော်သားများနှင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ် စီမံကိန်းအား ကာကွယ် စောင့်ရှောက် လိုသည့် ရည်မှန်းချက် တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး အခြားသော ရန်လို ဖိနှိပ်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်များ မရှိကြောင်း သိရှိရသည်။ 
(သတင်းစဉ်)

 ၁၈- ၆ - ၂၀၁၁ နေ့ထုတ် ကြေးမုံသတင်းစာ